နေပြည်တော် နိုဝင်ဘာ ၅
အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အရ လုပ်ငန်းခွင် ထိခိုက်သေဆုံးသွားသော အာမခံအလုပ်သမား ၃ ဦး၏ မိသားစုကို ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၁၂,၈၁၆,၀၀၀/- နှင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထောက်ပံ့ခံရသူ အာမခံအလုပ်သမား ၂ ဦးကို ငွေကျပ် ၁၉,၄၁၁,၀၅၆/-၊ စုစုပေါင်း ငွေကျပ် ၃၂,၂၂၇,၀၅၆/- ကို ဒုတိယဝန်ကြီး ဦးဝင်းရှိန် က ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာစက်မှုဇုန်၊ ကနောင်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အလုပ်သမားရေးရာ တိုင်းဦးစီးမှူးများ၊ ရွှေပြည်သာစက်မှုဇုန် တာဝန်ခံများ CMP စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များ၊ HR မန်နေဂျာများနှင့် ဘေးအန္တရာယ်ကင်းရှင်ရေးနှင့် ကျန်းမာရေးကော်မတီများနှင့် တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ပေးအပ်ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက CMP လုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်း အများဆုံး ဖန်တီးပေးနေသည့် လုပ်ငန်းများဖြစ်၍ အမှာစာအပေါ်မူတည်ပြီး သတ်မှတ်ချိန်အတွင်း ကုန်စည်များ တင်ပို့နိုင်ရေး ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ရာ လုပ်သားများ၏ ကျွမ်းကျင်မှုစွမ်းရည်သည် များစွာအရေးပါကြောင်း၊ ရွှေပြည်သာ စက်မှုဇုန်အတွင်း စက်ရုံ၊ အလုပ်ရုံ ၅၅၀ ကျော်နှင့် လုပ်သားအင်အား ၁၀၀,၀၀၀ ကျော်ရှိ၍ စက်မှုဇုန် ကော်မတီဝင်များနှင့် လုပ်ငန်းရှင်များ၊ HR မန်နေဂျာများ၊ အလုပ်သမား အဖွဲ့အစည်းများ၊ လုပ်ငန်းညှိနှိုင်းရေး ကော်မတီဝင်များ စဉ်ဆက်မပြတ် ထိတွေ့၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း။
အလုပ်သမားများ၏ ကျန်းမာရေးနှင့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူများကို ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်နှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်သမားဆေးရုံကြီး ၃ ရုံ၊ လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ တိုင်းရင်းဆေးခန်း ၁ ခန်း၊ စာချုပ်ဆေးခန်းများ ၅၆ ခန်းနှင့် Provider-Purchaser Splits စနစ်အရ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ပူးပေါင်းစာချုပ် ချုပ်ဆို၍ Fee For Service Payment ဖြင့် ပုဂ္ဂလိကဆေးခန်း ၁၂ ခန်းနှင့် Capitation Payment ဖြင့် ပုဂ္ဂလိကဆေးခန်း ၂၆ ခန်းတို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေး ဥပဒေနှင့်အညီခံစားနိုင်ရေး လူမှုဖူလုံရေးရုံးများသို့ ဆက်သွယ်ဆောင်ရွက်စေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးမှုများကို စနစ်တကျ ဆောင်ရွက်ထားခြင်းဖြင့် ကိုဗစ်-၁၉ ကင်းစင်သည့် ပတ်ဝန်းကျင်ကို ရရှိနိုင်၍ နိုင်ငံတော်နှင့် အလုပ်ရှင်၊ အလုပ်သမားများအတွက် များစွာအကျိုးရှိစေကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာဌာန တာဝန်ခံများက ရှင်းလင်းပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အလုပ်သမားဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဦးစီးမှူးများ၊ စက်မှုဇုန် တာဝန်ခံများ နှင့် မြို့နယ်တာဝန်ခံ အရာရှိများဖြင့် Costec အထည်ချုပ်စက်ရုံ၊ So No အထည်ချုပ်စက်ရုံနှင့် Hensheng အိတ်ချုပ်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်