နေပြည်တော် နိုဝင်ဘာ ၆

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ စာချစာသင် ရဟန်းသံဃာသာမဏေများ၏ ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများအဖြစ် တကိုယ်ရေသန့်ရှင်း ကျန်းမာရေးနှင့် သွားနှင့် ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ နယ်လှည့်ကွင်းဆင်း ဆေးကုသရေး လုပ်ငန်းအသွင်ဖြင့် ဆောင်ရွက်လျှက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ကြီးစု၊ အောင်သုခရပ်ရှိ စိန်ရာဇာသာသနာလင်္ကာရ စာသင်တိုက်ရှိ ရဟန်းသံဃာတော်များ၏ အထွေထွေကျန်းမာရေးကို စစ်ဆေးပေးခြင်း၊ စာသင်ကိုရင်ငယ်များ၏ တကိုယ်ရေသန့်ရှင်း ကျန်းမာရေးနှင့် အချို့ကိုရင်ငယ်များ၏ ဒက်ရောဂါများကိုစစ်ဆေး ကုသပေးခဲ့သည်။ ထို့အပြင်ရဟန်းသာမဏေများနှင့် ကျေးရွာပြည်သူစုစုပေါင်း (၁၂၃) ဦး သွားနှင့် ခံတွင်းကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်မှန် သွားတိုက်နည်းစနစ်ကို လက်တွေ့သရုပ်ပြသပြီး အတူတကွသွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းရောဂါများကို စစ်ဆေးခြင်းနှင့် လိုအပ်သော ကုသမှုများကို ဆောင်ရွက်ပေးသည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအဖွဲ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်း ဆရာဝန်များ၊ သွားကျန်းမာရေးသူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းငယ်များနှင့် လုပ်အားပေးများ စုစုပေါင်း အင်အား (၄၀) ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

 

သတင်းစဉ်