ညိုညိုဝင်း(ကျေးလက်ဦးစီး)
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်တွင်း / ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းရေးဆွဲထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး မူဘောင်ပါ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ပြည်သူဗဟိုပြုအသွင် ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေ ပုဒ်မ(၈)၊ ပုဒ်မခွဲ(ဃ)၊ အပိုဒ်(၅) ပါ ပြဋ္ဌာန်းချက်အရ ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်ရန်အတွက် သတ်မှတ်ချက်နှင့်အညီ အရင်းမပျောက်မတည်ရန်ပုံငွေ ထူထောင်ပေးရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း အဖွဲ့အစည်းများမှ ကောက်ယူခဲ့သည့် စစ်တမ်းများအရ ကျေးလက်အိမ်ထောင်စု ၇၅ ရာခိုင်နှုန်းခန့်သည် အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတိုးမဲ့ချေးငွေ (သို့) အတိုးနည်းချေးငွေများ လိုအပ်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ကျေးလက်နေ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန်အတွက် လည်းကောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်မှစ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဒီဇိုင်း ရေးဆွဲကာ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
ရန်ပုံငွေဘယ်ကရ
မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေကို ပြည်ပနိုင်ငံအဖွဲ့အစည်းများမှ ထောက်ပံ့ငွေ (သို့) ချေးငွေနှင့် ဆောင်ရွက်သည်ဟုထင်မှတ်၍ မိမိတို့ဌာနသို့ မကြာခဏ မေးမြန်းလေ့လာမှုများ ရှိခဲ့ပါသည်။ အမှန်မှာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ ချေးငွေ၊ ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ ပြည်သူ့ဘဏ္ဍာရန်ပုံငွေဖြင့်သာ အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု
၁၉၈၈-၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပြည်ထောင်စု၏ တစ်စုတစ်ပေါင်းတည်းရန်ပုံငွေအဖြစ် ရငွေအားလုံးထည့်ဝင်ပြီး အသုံးစရိတ်များကိုလည်း အဆိုပါစာရင်းမှ ပြန်လည်ထုတ်ယူသုံးစွဲသည့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ပြည်ထောင်စုဘဏ္ဍာငွေ အစီအစဉ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေအစီအစဉ်ဟူ၍ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲကာ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပြဋ္ဌာန်း၍ ဆောင်ရွက်လျက်ရှိပါသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင် ဘတ်ဂျက်လျာထားရေးဆွဲသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ နှစ်စဉ်သာမန်အသုံးစရိတ်၊ ထောက်ပံ့ငွေအသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံး စရိတ်၊ အတိုးပေးငွေအသုံးစရိတ်တို့ကို ခွင့်ပြုငွေ ဘောင်အတွင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။
ထောက်ပံ့ငွေအသုံးစရိတ်
ထောက်ပံ့ငွေအသုံးစရိတ်တွင် နိုင်ငံတော် ထောက်ပံ့ငွေနှင့် ပြည်ပအကူအညီထောက်ပံ့ငွေ အသုံးစရိတ်ဟူ၍ ငွေစာရင်းခေါင်းစဉ် နှစ်မျိုးပါဝင်ပါသည်။ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေအား နိုင်ငံတော်ထောက်ပံ့ငွေ အသုံးစရိတ်ခေါင်းစဉ် အောက်တွင် ဘတ်ဂျက်လျာထားရေးဆွဲပြီး ခွင့်ပြုချက်နှင့်အညီ အဆိုပါခေါင်းစဉ်မှ သုံးစွဲခြင်းဖြစ်ပါသည်။
စီမံကိန်းရန်ပုံငွေစီးဆင်းမှု
နိုင်ငံတော်ထောက်ပံ့ငွေ အသုံးစရိတ်ခေါင်းစဉ်အောက်ရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံ ငွေများကို သက်ဆိုင်ရာမြို့နယ်အလိုက် ရရှိသည့်ကျေးရွာ အရေအတွက်ပေါ် မူတည်ပြီး လွှဲပေးရမည့် ငွေများတွက်ချက်ကာ သက်ဆိုင်ရာမြို့နယ်သို့ Drawing Limit ဖြင့် လွှဲပို့ခြင်းဖြစ်ပါသည်။ အဆိုပါ စီမံကိန်းရန်ပုံငွေအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ငွေထုတ်စာရင်း MD မှ မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ စာရင်းသို့ စာရင်းပြောင်းပေးချေခြင်းဖြင့် နိုင်ငံတော်မှ ကျေးရွာများသို့ အရင်းမပျောက်မတည်ရန်ပုံငွေ ထောက်ပံ့ခြင်းဖြစ်ပါသည်။
မြို့နယ်မြစိမ်းရောင်စီမံကိန်းရန်ပုံငွေစာရင်းရှင်မှ ကျေးရွာအလိုက် မြစိမ်းရောင်စီမံကိန်းရန်ပုံ ငွေစာရင်းရှင်သို့ လွှဲပြောင်းပေးပါသည်။ ရန်ပုံငွေအား ယခင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ အိမ်ခြေ ၈၀ အထက်တစ်ယူနစ်လျှင် မတည်ရန်ပုံငွေကျပ် သိန်း ၃၀၀၊ အိမ်ခြေ ၈၀ အောက် လျော့နည်းပါက အုပ်ချုပ်မှုလွယ်ကူသည့် နီးစပ်ရာကျေးရွာများရှိ အိမ်ခြေများနှင့် ပေါင်းစပ်ဖွဲ့စည်း၍ တစ်ယူနစ်လျှင် မတည်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ မတည်ပေးခဲ့ပါသည်။
ယခုအခါ ကျေးရွာများသို့ ရန်ပုံငွေများ မတည်ပေးရာတွင် ကျေးရွာ၏အိမ်ခြေအပေါ်မူတည်ပြီး အိမ်ခြေ ၁၀၁ နှင့်အထက် Type-1 ကိုကျပ်သိန်း ၃၀၀၊ အိမ်ခြေ ၅၁ နှင့် ၁၀၀ ကြား(Type-2)ကို ကျပ်သိန်း(၂၀၀)၊ အိမ်ခြေ ၅၀ နှင့်အောက် (Type-3)ကို ကျပ်သိန်း(၁၀၀)၊ အိမ်ခြေ ၈၀ အောက် လျော့နည်းသောကျေးရွာများအား အုပ်ချုပ်မှု လွယ်ကူသည့် နီးစပ်ရာကျေးရွာများရှိ အိမ်ခြေများနှင့် ပေါင်းစပ်ဖွဲ့စည်း၍ အိမ်ခြေ(၁၀၁)နှင့်အထက် (Type-4)ကို ကျပ်သိန်း(၃၀၀)ဟူ၍ အမျိုးအစား လေးမျိုးဖြင့် မတည်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယင်းရန်ပုံငွေကို ကျေးရွာအနေဖြင့် အရင်းမပျောက်မတည်ငွေအဖြစ် ကျေးရွာအတွင်း အိမ်ထောင်စုများသို့ သတ်မှတ်အတိုးနှုန်းများဖြင့် ထုတ်ချေးပြီး သတ်မှတ်ကာလအတွင်း အတိုး၊ အရင်းများ ပြန်လည်ကောက်ခံကာ မူလမတည် ငွေလည်ပတ်၍ ကျေးရွာသူ ကျေးရွာသားများ၏ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများ ပံ့ပိုးပေးလျက်ရှိပါသည်။ စီမံကိန်းရန်ပုံငွေအား ကျေးရွာကော်မတီမှ ဖွင့်လှစ်ထားသည့် ကျေးရွာစီမံကိန်း ရန်ပုံငွေစာရင်းသို့ တိုက်ရိုက်ထည့်သွင်းပေးခြင်းအားဖြင့် မတည်ရန်ပုံငွေအား ကျေးရွာပြည်သူ့လက်ဝယ်အရောက် တိုက်ရိုက်ပေးပို့ခြင်းဖြစ်ပါသည်။
အတိုးနှုန်းသတ်မှတ်ခြင်း
မြစိမ်းရောင်မတည်ရန်ပုံငွေမှ ကျေးရွာသူ ကျေးရွာသားများအား ချေးငွေထုတ်ချေးပေးရာတွင် အတိုးနှုန်းကို ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား ၅၀ နှုန်းမှ တစ်ကျပ်ပြား ၅၀ နှုန်းအတွင်း ကျေးရွာ၏အများသဘောတူဆန္ဒဖြင့် သတ်မှတ်ပေး နိုင်ပါသည်။
ဘဏ္ဍာရေးဆပ်ကော်မတီဖွဲ့စည်းခြင်း
စီမံကိန်းရန်ပုံငွေနှင့် သက်ဆိုင်သည့် ငွေကြေးကိုင်တွယ်သုံးစွဲခြင်း၊ ငွေစာရင်းထိန်းသိမ်းခြင်းနှင့် အစီရင်ခံခြင်းအစရှိသည့် ကိစ္စရပ်များအားလုံးကို ဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေးဆပ်ကော်မတီကို ပုဂ္ဂိုလ်သုံးဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ပါသည်-
(က) ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များမှ ဥက္ကဋ္ဌ ရွေးချယ်ပေးသည့် ပုဂ္ဂိုလ်တစ်ဦး
(ခ) ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များမှ ဘဏ္ဍာရေးမှူး ရွေးချယ်ပေးသည့် ပုဂ္ဂိုလ်တစ်ဦး
(ဂ) ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များမှ စာရင်းကိုင်ရွေးချယ်ပေးသည့် ပုဂ္ဂိုလ်တစ်ဦး
မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းရှင်ဖွင့်လှစ်ခြင်း
သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုထားသည့် မြစိမ်းရောင်စီမံကိန်းမတည်ငွေအား မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်းငွေစာရင်းရှင်မှ တစ်ဆင့် စီမံကိန်းကျေးရွာများ၏ မြစိမ်းရောင်ရန်ပုံ ငွေစာရင်းရှင် (Current Account)သို့ ဦးစွာ လွှဲပြောင်းပေးသည်။ သို့သော် မိမိမြို့နယ်ရှိမြန်မာ့စီးပွားရေးဘဏ်သည် သွားရောက်ရန် ဝေးလံခက်ခဲခြင်း၊ အခြားမြို့နယ်မှတစ်ဆင့် သွားရောက်ရခြင်းများရှိပါက စီမံကိန်းကျေးရွာနှင့် နီးစပ်ရာမြို့နယ် ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် စာရင်းရှင် (Current Account) ကို ဖွင့်လှစ်နိုင်ပါသည်။
ဘဏ်စာရင်းရှင်တွင် လက်မှတ်ရေးထိုးပိုင်ခွင့် ရှိသူသုံးဦးမှာ ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဋ္ဌနှင့် ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် တစ်ဦး (ဘဏ္ဍာရေးမှူးနှင့် စာရင်းကိုင်မဟုတ်သည့် ပုဂ္ဂိုလ်) တို့ဖြစ်ပြီး ဘဏ်စာရင်းရှင်မှ ငွေထုတ်ယူရာတွင် ဘဏ်စာရင်းရှင်၌ လက်မှတ်ရေးထိုးပိုင်ခွင့်ရှိသူ စုစုပေါင်း သုံးဦးအနက် နှစ်ဦးက ချက်လက်မှတ်/ ငွေထုတ်လွှာ၌ လက်မှတ်ရေးထိုးပြီး ငွေထုတ်ယူနိုင်သည်။
စီမံကိန်းဧရိယာနှင့်မတည်ရန်ပုံငွေ လည်ပတ်စီးဆင်းမှု
မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ပြည်ထောင် စုနယ်မြေ နေပြည်တော်၊ ပြည်နယ်/တိုင်းဒေသ ကြီး ၁၄ ခု၊ မြို့နယ် ၂၈၈ မြို့နယ်အတွင်းရှိ ကျေးရွာ ရွေးချယ်ရေးဆိုင်ရာ သတ်မှတ်ညွှန်ကိန်းများနှင့် ပြည့်မီသောကျေးရွာများအားရွေးချယ်၍ နှစ်အလိုက် နိုင်ငံတော်ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်ပြီး တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းအား ၂၀၁၄-၂၀၁၅ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ယူနစ် ၁၀၁၂၈၊ ကျေးရွာ ၁၂၃၁၂ ရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်း လွှမ်းခြုံမှုရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်းဖြစ်ပါသည်။ မတည်ရန်ပုံငွေမှာ ကျပ် ၃၀၃ ဒသမ ၈၄၀ ဘီလီယံ အပေါ်တွင် တိုးပွားရန်ပုံငွေမှာ ၂၂၁ ဒသမ ၅၅၆ ဘီလီယံဖြစ်ပြီး အတိုးရငွေမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်းများ လည်းရှိ၍ စုစုပေါင်းလည်ပတ်ရန်ပုံငွေမှာ ၄၃၄ ဒသမ ၄၃၂ ဘီလီယံဖြစ်ပြီး မတည်ရန်ပုံငွေ၏ ၇၀ ရာခိုင်နှုန်း တိုးပွားလာကြောင်း တွေ့ရှိရပါသည်။
စောင့်ကြည့်စစ်ဆေးခြင်း
ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့သည် အဆိုပြုထုတ်ချေးငွေအပေါ် ကျေးရွာသူ ကျေးရွာသားများအနေဖြင့် လုပ်ငန်းအမှန်တကယ် လုပ်ကိုင်ခြင်း ရှိ/မရှိ ပုံမှန်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းဆောင်ရွက်မှု အားနည်းပါက အမှန်တကယ်လုပ်ဆောင်ရန် တိုက်တွန်းခြင်း၊ လုပ်ဆောင်ခြင်းမရှိပါက ခေါ်ယူ သတိပေးခြင်း၊ နောက်တစ်ကြိမ်တွင် ချေးငွေထုတ် ချေးခွင့်မပြုကြောင်း အသိပေးပြောကြားခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
စီမံကိန်းကျေးရွာများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ကောက်နုတ် စစ်ဆေးခြင်း၊ ပြည်နယ်/တိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၅ ရာခိုင်နှုန်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀ ရာခိုင်နှုန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၀၀ ရာခိုင်နှုန်း ကွင်းဆင်းစစ်ဆေးခြင်းများအပြင် ကူးစက်ရောဂါကာလအတွင်း ခရီးသွားလာမှု ကန့်သတ်ချက်များရှိပါက Video Conferencing စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် လူထုအခြေပြုစီမံကိန်းဖြစ်သည့်အတွက် လုပ်ငန်း လည်ပတ်မှုနှင့် သက်ဆိုင်ရာဌာနများမှ ပံ့ပိုးကူညီပေးခြင်းများကိုသာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျေးရွာရန်ပုံငွေလည်ပတ်မှု အဆင်ပြေ အောင်မြင်စေရေးအတွက် သက်ဆိုင်သူအားလုံးက လိုအပ်သော အကြံဉာဏ်များပေးခြင်း၊ ပြဿနာ အခက်အခဲများကြုံပါက ဝိုင်းဝန်းဖြေရှင်းပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်ရန် လိုအပ်ပါသည်။ တိုးပွားလာသောရန်ပုံငွေများအား အဆက်မပြတ်လည်ပတ်နေစေရန် ထပ်မံပြန်လည် ထုတ်ချေးပေးခြင်းအားဖြင့် မြစိမ်းရောင်ရန်ပုံငွေ မတည်ပေးခြင်း၏ ရည်ရွယ်ချက်များအောင်မြင်လာမည်ဖြစ်ပါသည်။
မြစိမ်းရောင်ရန်ပုံငွေမှ အကျိုးအမြတ်သည် ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင်ခံစားရမည်ဖြစ်သောကြောင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်း မပျောက်မတည်ရန်ပုံငွေ ရေရှည်တည်တံ့ရေးသည် စီမံကိန်းကျေးရွာရှိ ရွာသူ ရွာသားများအားလုံးအပေါ်တွင် မူတည်လျက်ရှိပါသည်။
အကျိုးကျေးဇူးများ
မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများ သက်ဆိုင်ရာကျေးရွာများသို့ တိုက်ရိုက်လွှဲပြောင်း၍ အရင်းမပျောက်မတည်ရန်ပုံငွေ ထိန်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူး များရရှိလာပါသည်-
(က) ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ၎င်းတို့ရွာအတွက် စီမံကိန်းရန်ပုံငွေများ ကိုယ်တိုင်အများစုပေါင်း ဆုံးဖြတ်စီမံခန့်ခွဲ လာနိုင်ခြင်း၊
(ခ ) မြန်မာ့စီးပွားရေးဘဏ်တွင် စာရင်းရှင် ဖွင့်လှစ်ခြင်း၊ ချက်လက်မှတ်ဖြင့်ငွေထုတ်ခြင်း၊ ချလန်ဖြင့် ငွေသွင်းခြင်းတို့ ဆောင်ရွက်တတ် လာခြင်း၊
(ဂ ) ငွေသားစီမံခန့်ခွဲတတ်လာခြင်း၊
(ဃ) စာရင်းဇယားများပြုစုတတ်လာခြင်း၊ စာရင်းစစ်ဆေးမှု ခံယူတတ်လာခြင်း၊
(င ) အမျိုးသမီးများ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်လာနိုင်ခြင်း၊
(စ ) ကျေးရွာရှိ အခြားစီမံကိန်းလုပ်ငန်းများအတွက် စာရင်းဇယားကိစ္စများဆောင်ရွက် တတ်လာခြင်း၊
(ဆ) မြို့ပေါ်တွင် စာရင်းကိုင်၊ ငွေကိုင်အလုပ်များ ဆောင်ရွက်လာနိုင်ခြင်း၊
(ဇ) စီမံကိန်းငွေရရှိမှု၊ ချေးငွေထုတ်ချေးမှု၊ အတိုးအရင်း ပြန်လည်ကောက်ခံရရှိမှုတို့ကို ပွင့်လင်းမြင်သာစွာ ချပြတတ်လာခြင်း။
ဆုံးရှုံးမှုလျော့နည်းစေရေး ကြိုတင်စီမံခန့်ခွဲခြင်း
စီမံကိန်းကျေးရွာများတွင် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ (ဥပမာ-နယ်မြေလုံခြုံမှုမရှိခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှု၊ လေပြင်းတိုက်ခတ်မှု၊ မြေပြိုမှု၊ မီးလောင်မှု၊ ငလျင်၊ မိုးခေါင်ခြင်း၊ သီးနှံဖျက်ပိုးများကျရောက်ခြင်း) ကြုံတွေ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါက ကျေးရွာ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့များမှ မြို့နယ်လုပ်ငန်းအဖွဲ့သို့ ဆောလျင်စွာသတင်းပို့ခြင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းအား ကောက်ယူရာတွင်လည်း အဖွဲ့ဝင်များက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း၊ မြို့နယ်လုပ်ငန်းအဖွဲ့မှ သေချာစွာစိစစ်၍ လိုအပ်သော အထောက်အထားများနှင့်အတူ ခရိုင်၊ ပြည်နယ်/ တိုင်းဒေသကြီး ကျေးလက်ဦးစီးရုံးများမှတစ်ဆင့် ဦးစီးဌာန(ရုံးချုပ်)ထံ တင်ပြခြင်းဖြင့် ဗဟိုကြီးကြပ်မှုကော်မတီ (သို့မဟုတ်) ဦးစီးဌာန (ရုံးချုပ်)၏ ဆုံးဖြတ်လမ်းညွှန်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။
မြေပြင်တွင် အမှန်တကယ်ပျက်စီးဆုံးရှုံးမှု များပေါ်ပေါက်ပါက ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလကို သတ်မှတ်အတိုးနှုန်းအတိုင်း အများဆုံး တစ်နှစ်သက်တမ်းတိုးမြှင့်ပေးခြင်း၊ ချေးငွေ ပြန်လည်ပေးဆပ်ရမည့် ကာလကို အတိုးမဲ့ အများဆုံး တစ်နှစ် သက်တမ်းတိုးမြှင့်ပေးခြင်း၊ ချေးငွေလက်ကျန်ရှိပါက ပျက်စီးဆုံးရှုံးသွားသောအိမ်ထောင်စုများအား ငွေကျပ်တစ်သိန်းထက်မပို သော ထပ်တိုးချေးငွေ (Supplementary Loan) ချထားပေးခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ ပြန်လည်ထူထောင်ရေးအတွက် အခြားဖွံ့ဖြိုး ရေးလုပ်ငန်း/ စီမံကိန်းနှင့် ချိတ်ဆက်ပေးခြင်းစသည့် နည်းလမ်းများအနက်မှ သင့်လျော်ရာနည်းလမ်းများ ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ပါသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲ၊ အဟန့် အတားများ၊ ဆုံးရှုံးနိုင်ခြေ(Risk)များရှိလာနိုင်ပါသည်။ အထူးသဖြင့် စီမံကိန်းရန်ပုံငွေအား ပြန်လည် ပေးဆပ်ရန်ပျက်ကွက်ခြင်း၊ အလွဲသုံးစားပြုခြင်း၊ ကိုယ်ကျိုးရှာခြင်း၊ ခြိမ်းခြောက်နှောင့်ယှက်ခြင်း များပြုလုပ်ပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၃၁၊ ၃၂၊ ၃၃(ဂ)၊ ၄၀၊ ၄၁၊ ၄၆ အရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။
ရန်ပုံငွေ စဉ်ဆက်မပြတ်ရှင်သန်လည်ပတ်ရေး
စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ပြည်သူဗဟိုပြုအသွင် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက် ရန်အတွက် သတ်မှတ်ချက်နှင့်အညီ အရင်းမပျောက် မတည်ရန်ပုံငွေထူထောင်ပေးကာ ကျေးလက်နေ ပြည်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး၍ အိမ်ထောင်စုအလိုက် စီးပွားရေးလုပ်ငန်းများထူထောင် နိုင်ရေးအတွက် အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ အဆိုပါမတည်ရန်ပုံငွေမှ တစ်အိမ်ထောင်ချင်း မိသားစုဝင်ငွေတိုးပွားရေးဆောင်ရွက်ပြီး ကျေးရွာ မတည်ရန်ပုံငွေကိုလည်း အတိုးနှုန်းသတ်မှတ် ကောက်ခံ၍ လည်ပတ်ရန်ပုံငွေများတိုးပွားလာပါသည်။
စီမံကိန်းမှရရှိသည့် အတိုးရငွေများကို ရန်ပုံငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သကဲ့သို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း သုံးစွဲနိုင်ပါသည်။ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံကိန်းကာလ သုံးနှစ်ပြည့်မြောက်ပြီး စတုတ္ထနှစ် (သို့) အတိုးရငွေစုစုပေါင်း ကျပ် ၁၀ သန်း နှင့်အထက်ရရှိမှသာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ပါသည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်း ဒေသကြီး ၁၄ ခု၊ မြို့နယ် ၂၆၆ မြို့နယ်ရှိ စီမံကိန်း ကျေးရွာ ၃၀၄၂ ရွာတို့တွင် လမ်း/တံတားလုပ်ငန်း ၁၉၀၉ ခု၊ ရေရရှိရေးလုပ်ငန်း ၂၀၂ ခု၊ မီးလင်းရေး လုပ်ငန်း ၉၄၅ ခု၊ ပညာရေးအထောက်အကူပြု လုပ်ငန်း ၁၃၆ ခု၊ စာကြည့်တိုက် ၁၃ ခု၊ ကျန်းမာ ရေးအထောက်အကူပြုလုပ်ငန်း ကိုးခု၊ ကျေးရွာ ခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်း ၂၀၁ ခုနှင့် အခြားလုပ်ငန်းများ ၂၀၈ ခု၊ စုစုပေါင်း ဖွံ့ဖြိုးရေး လုပ်ငန်း ၃၆၂၃ ခုအား စီမံကိန်းရန်ပုံငွေကျပ် ၂၆ ဒသမ ၂၁၃ ဘီလီယံ၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၃ ဒသမ ၃၇၉ ဘီလီယံ၊ စုစုပေါင်း ၃၉ ဒသမ ၅၉၂ ဘီလီယံဖြင့် ခွင့်ပြုဆောင်ရွက်စေခဲ့ပြီးဖြစ်ပါသည်။
စီမံကိန်းမတည်ရန်ပုံငွေများ စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရေးသည် သက်ဆိုင်ရာ ကျေးရွာသူကျေးရွာသားများတွင် အဓိကတာဝန်ရှိပေမည်။ နိုင်ငံတော်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် ရည်ရွယ်၍ ကျေးရွာများသို့ ထောက်ပံ့မတည်ပေးသော အရင်းမပျောက် မတည်ရန်ပုံငွေဖြစ်သည့် မြစိမ်းရောင် ကျေးရွာ စီမံကိန်းရန်ပုံငွေများအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ နည်းပညာအကူအညီများပေး၍ အနီးကပ်ဝိုင်းဝန်းကူညီဆောင်ရွက်ပေး လျက်ရှိရာ စီမံကိန်းကျေးရွာသူ ကျေးရွာသားများကလည်း နိုင်ငံတော်က မတည်ပေးလိုက်သော စီမံကိန်း ရန်ပုံငွေများအား လေလွင့်ဆုံးရှုံးမှုမရှိ ဆက်လက် တိုးပွားလာအောင် စိတ်ရောကိုယ်ပါ စေတနာအပြည့်ဖြင့် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ။