ဝါရှင်တန် ၁၁ ဖေဖော်ဝါရီ 

 

အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားတို့သည် ယခုလနှောင်းပိုင်းတွင် သမ္မတ ထရမ့်နှင့် ခေါင်းဆောင်ကင်တို့အကြား ဒုတိယအကြိမ်ပြုလုပ်မည့် ထိပ်သီးဆွေးနွေး ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်သည့်အနေဖြင့် လာမည့်ရက်သတ္တပတ်၌ နောက်ထပ်ဆွေးနွေးပွဲများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် စတီဖင်ဘေးဂန်က ဗီယက်နမ်၌ ပြုလုပ်ရန် စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ စကားပြောဆို ဆွေးနွေးမှုများ ပိုမိုပြုလုပ်သွားရန်လိုအပ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ယခုသတင်း ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

မြောက်ကိုရီးယားနှင့် အမေရိကန်တို့သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျရောက်မည့် သီတင်းပတ်အတွင်း အာရှရှိတတိယနိုင်ငံတစ်ခု၌ ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားရန် သဘောတူထားကြောင်း တောင်ကိုရီးယား သမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူ ကင်အွီချွမ်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော် ညှိနှိုင်းဆွေးနွေး မှုများနှင့်ပတ်သက်၍ ၄င်းကအသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပေ။

 

ဘေးဂန်သည် ယခုလအစောပိုင်းက မြောက်ကိုရီးယားအာဏာပိုင်များနှင့် အကြိုပြင်ဆင်ဆွေးနွေးမှုများအတွက် သုံးရက်တာခရီးစဉ်သွားရောက်ခဲ့ပြီး အဆိုပါဆွေးနွေးမှုများသည် ထရမ့်နှင့်ကင်တို့ ကတိကဝတ်ပြုထားသည့် နျူကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေး၊ အမေရိကန်နှင့် မြောက်ကိုရီးယားဆက်ဆံရေး အသွင်ပြောင်းလဲရေး နှင့် ကိုရီးယားကျွန်းဆွယ်ပေါ်၌ ရှည်ကြာခိုင်မာသည့် ငြိမ်းချမ်းရေးတစ်ရပ်ဖော်ဆောင်ရေးကို ဦးတည်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

 

အေအက်ဖ်ပီ