အန်ကာရာ ၁၁ ဖေဖော်ဝါရီ
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် နေအိမ်တိုက်ခန်းအဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူအရေအတွက် မြင့်တက်လာခဲ့သည်။ သေဆုံး သူအရေအတွက်သည် စနေနေ့တွင် ၂၁ ဦး ဖြစ်လာခဲ့ကြောင်း တူရကီသမ္မတ ယီဆက်တေယစ်အာဒိုဂန်က ပြောကြား ခဲ့သည်။
ကာတယ်ဒေသရှိ ရှစ်ထပ် အဆောက်အအုံသည် ဗုဒ္ဓဟူးနေ့က ပြိုကျခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံ ပြိုကျရသည့်အကြောင်းရင်းကို မသိရှိ ရသေးပေ။
အခင်းဖြစ်ပွားရာသို့ စနေနေ့တွင် ရောက်ရှိခဲ့သည့် သမ္မတ အာဒိုဂန်က ယခုဖြစ်ရပ်မှ သင်ခန်းစာယူစရာများရှိခဲ့ကြောင်းနှင့် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီး ဆူလေမန် ဆိုလူက အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၂၁ ဦးအထိ မြင့်တက်လာကြောင်းနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၁၄ ဦးရှိကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ပြိုကျ အဆောက်အအုံအောက်တွင် ပိတ်မိနေသူ ၃၅ ဦးခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း ဆူလေမန်က ပြောကြားခဲ့သည်။ အပျက်အစီးများကို ရှင်းလင်းရန်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက အခင်းဖြစ်ပွားရာ၌ ဝန်ချီစက်များဖြင့် အလုပ်လုပ်နေကြောင်း သိရသည်။
အေအက်ဖ်ပီ