ရန်ကုန်၊ နိုဝင်ဘာ ၁၅
ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ကမ်းနာလမ်းရှိ အကောက်ခွန်ရုံးနှင့် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံများတွင် ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာ အဆောက် အဦများ၌ ကျင်းပသည်။
ကမ္ပည်းမော်ကွန်းတပ်ဆင်ခြင်း အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်း သိမ်းရေးဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၁) ခုတွင် နှစ်တစ်ရာ သက်တမ်းအထက်ရှိ အဆောက်အအုံပေါင်း (၂၀၈) လုံးကို ရှေးဟောင်း အဆောက်အအုံအဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရှေးဟောင်းအဆောက် အအုံပေါင်း (၁၂၄) လုံးကို သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံများကို ဥပဒေ၊ နည်းပဒေများဖြင့် ကာကွယ်စောင့်ရှောက်သည့်အပြင် ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရာတွင် ရှေးဟောင်းလက်ရာများ မပျောက်မပျက်စေရေးနှင့် အဆိုပါ ရှေးဟောင်းအဆောက်အအုံများသည် ရှေးဟောင်း အဆောက်အအုံများဖြစ်ကြောင်း ထင်ရှားသိသာစေရန် ဖော်ပြထားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ သို့မှသာ ရှေးဟောင်းအဆောက်အအုံများ၏ ပုံသဏ္ဌာန်၊ တည်ဆောက်ပုံ နည်းစနစ်၊ မူလလက်ရာများ၏ တန်ဖိုးအခြေအနေများကို သိရှိပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက် သွားနိုင်ကြမည် ဖြစ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ရှေးဟောင်း အဆောက်အအုံ ကမ္ပည်းမော်ကွန်း ကြေးပြားတပ်ဆင်ရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် က ရှေးဟောင်းအဆောက်အအုံများတွင် ကမ္ပည်းမော်ကွန်း တပ်ဆင်ရခြင်း ရည်ရွယ်ချက်တို့နှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ကမ်းနာလမ်းရှိ အကောက်ခွန်ရုံးနှင့် သိမ်ဖြူလမ်းရှိဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံတို့ရှိ ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းမော်ကွန်းကြေးပြားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။
ထို့နောက် အဆောက်အဦ (၃) လုံး ကို လက်ရှိထိန်းသိမ်းစောင့်ရှောက်နေသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အကောက်ခွန်ရုံး အဆောက်အအုံ ကမ္ပည်းကြေးပြား တပ်ဆင်အပြီးတွင် အကောက်ခွန်ရုံးအတွင်း ခင်းကျင်းပြသထားရှိသည့် အကောက်ခွန်ပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ယနေ့အမွေအနှစ် ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်သည့် အမျိုးသားစာကြည့်တိုက်သည် ၁၉၀၈ ခုနှစ်က ဗြိတိသျှရေနံစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဘီအိုစီကုမ္ပဏီ၏ ရုံးစိုက်ရာ အဆောက်အအုံဖြစ်ခဲ့၍ လွတ်လပ်ရေးရပြီးနောက် ၁၉၆၃ ခုနှစ်တွင် မြန်မာ့ရေနံ့နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဆောင်ရွက်ရာ ရုံးဌာနတစ်ခုဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အမျိုးသားစာကြည့်တိုက်အဖြစ် ယနေ့တိုင်ဖွင့်လှစ်လျက်ရှိသည်။
ရှေးဟောင်းအဆောက်အအုံ စာရင်းဝင်ဖြစ်သည့် အကောက်ခွန်ရုံးသည် ယခင် ၁၈၅၃ ခုနှစ်က တည်ဆောက်ခဲ့သည့် သစ်သားအဆောက်အအုံနေရာတွင် ယခုမြင်တွေ့နေရသည့် အဆောက်အဦကို ၁၉၁၃ ခုနှစ်မှ စတင်ဆောက်လုပ်ပြီးကာ ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ မျက်နှာစာ ဖက်တွင် နာရီစင်ပါရှိသည့် မျှော်စင်အဆောင်နှင့် အလင်းနှင့် လေဝင်လေထွက် ကောင်းစေရန်လည်း ထည့်သွင်းတည်ဆောက်ထားကြောင်း တွေ့ရှိရသည်။
ဝန်ကြီးများရုံးဖြစ်သည့် အတွင်းဝန်ရုံးသည် ရှေးယခင်က မြင်းခင်းသဘင်ကျင်းပခဲ့သည့် နေရာဖြစ်ခဲ့ပြီး ယခု အဆောက်အအုံကို ၁၈၈၉ ခုနှစ်မှ စတင်ကာ ၁၉၀၅ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည်။
နိုင်ငံခေါင်းဆောင်ကြီးများ နိုင်ငံ့အရေး ဆောင်ရွက်နေစဉ် လုပ်ကြံခံခဲ့ရသည့် သမိုင်းဝင်နေရာလည်း ဖြစ်သည့်အပြင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် မြန်မာတို့၏ လွတ်လပ်ရေးကို ဦးဆုံးထုတ်ပြန်ကြေငြာခဲ့ရာ နေရာလည်းဖြစ်သည်။
ယနေ့ကမ္ပည်းမော်ကွန်းတပ်ဆင်ခဲ့သည့် ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံများသည် ရန်ကုန်မြို့တွင်သာမက မြန်မာနိုင်ငံတဝန်းလုံးတွင် မြောက်မြားစွာ တည်ရှိနေသည့်အတွက် ရှေးဟောင်း အဆောက်အအုံများအပါအဝင် ယဉ်ကျေးမှု အမွေအနှစ်များကို နောင်မျိုးဆက်သစ်များ တိုင်အောင် ရေရှည်တည်တံ့စေရန်အတွက် နိုင်ငံတော်နှင့်အတူ ပြည်သူတရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ကာကွယ် ထိန်းသိမ်းကြရမည်ဖြစ်သည်။
သတင်းစဉ်