ပါမောက္ခဒေါက်တာခင်ရီဝင်း

 

မျောက်နှင့်မိကျောင်း

 

ရှေးလွန်လေပြီးသောအခါက မြစ်ကြီးတစ်ခုအတွင်း၌ မိကျောင်းဖိုနှင့် မိကျောင်းမတို့ရှိကြလေသည်။   သူတို့သည် မြစ်အတွင်း၌ ပျော်ရွှင်စွာနေထိုင်ကြသည်။ တစ်နေ့သော် မိကျောင်းမကြီးသည် မကျန်းမမာဖြစ်လေသည်။

 

“ကျွန်မနေမကောင်းဘူး။ ကျွန်မရဲ့စိတ်ထဲမှာ မျောက်ရဲ့အသည်းနှလုံးကို စားချင်နေတယ်။ ဒါကြောင့် မျောက်ရဲ့နှလုံးသားကို ရအောင်ရှာပေးပါ။ မရရင်တော့ ကျွန်မသေရတော့မှာပါပဲ” ဟု မိကျောင်းမက မိကျောင်းဖိုအား ပြောလေရာ မိချောင်းဖိုကလည်း မျောက်တို့ရှိတတ်ရာရာ နေရာတို့ကို လေ့လာရတော့သည်။

 

မိကျောင်းတို့ကျက်စားရာ မြစ်ကမ်းစပ်ပေါ်တွင် သစ်ပင်များစွာ ရှိသည်။ ထိုသစ်ပင်များပေါ်တွင် မျောက်တို့ များစွာနေထိုင်ကြသည်။ ထို့ကြောင့် မိကျောင်းဖိုသည် မြစ်ကမ်းစပ်သို့သွား၍ အခြေအနေကို စောင့်ကြည့်နေသည်။ ထိုအခါ အခြားမျောက်များထက် ရဲရင့်ပြီး ထူးခြားသော မျောက်တစ်ကောင်ကို တွေ့လေသည်။ ထိုမျောက်သည် ရေစပ်သို့ထိုးထွက်နေသော သစ်ကိုင်းများပေါ်တွင် ဟိုမှသည်မှ ခုန်ပေါက်ကူးသန်းပြေးလွှားနေသည်။

 

“အဆွေမျောက်၊ ဘာကြောင့် မြစ်ရဲ့သည်ဘက်ပိုင်းမှာပဲ နေတာလဲ။ မြစ်ရဲ့တစ်ဖက်ကမ်းမှာ ငှက်ပျောသီးတွေ၊ သရက်သီးတွေနဲ့ အခြားလှပတဲ့သစ်သီးတွေ အများကြီးရှိတယ်။ ကျုပ်ကိုစီးပြီးလိုက်ခဲ့ မယ်ဆိုရင် ဟိုဘက်ကမ်းကို ပို့ပေးပါ့မယ်” မိကျောင်းဖိုက မျောက်အား ပြောလေသည်။

 

 သို့သော် မျောက်ကြီးက မယုံကြည်သဖြင့် ပြန်လည်ငြင်းဆိုလိုက်သည်။

 

“မသွားချင်ပါဘူး။ ဒီအကြောင်းကလည်း ခင်ဗျားလိမ်တာပဲဖြစ်မှာပါ။ အခုနေတဲ့နေရာလောက် ကောင်းတဲ့နေရာမရှိတော့ဘူး”

 

မည်သို့ပင်ဖြစ်စေ မိကျောင်းဖိုသည် ဇွဲမလျှော့ဘဲ ကမ်းစပ်သို့နေ့စဉ်နေ့တိုင်း လာရောက်ကာ မျောက်ကြီးအား အထက်ပါနည်းအတိုင်း ပြောဆိုသွေးဆောင်လျက်ရှိသည်။ မိကျောင်းမသည်လည်း ကျန်းမာရေး မသက်သာသဖြင့် နေ့စဉ်ညည်းတွားနေလေရာ မိကျောင်းဖိုမှာ စိတ်မချမ်းသာဖြစ်နေရသည်။ ထို့ကြောင့် မျောက်ကြီးအား တစ်နေ့မပြတ် ဆက်လက်သွေးဆောင်နေလေသည်။ နောက်ဆုံးတွင် မျောက်ကြီးသည် မိကျောင်းဖို၏ စကားကို နားဝင်သွားတော့သည်။

 

“မိကျောင်းဖိုရေ ဒီလောက်ပြောနေမှတော့ တစ်ဖက်ကမ်းကို သွားရောက်လေ့လာတာပေါ့ဗျာ။ အသွားအပြန်တော့ တာဝန်ယူပေးနော်”

 

 “စိတ်ချပါ အဆွေရာ၊ စိတ်သာချပါဗျာ”

 

မျောက်ကြီးနှင့် မိကျောင်းဖိုတို့ သဘောတူညီမှုရရှိကာ မျောက်ကြီးသည် မိကျောင်းဖို၏ကျောပေါ်သို့ ခုန်တက်လိုက်လေသည်။ ထို့နောက် မြစ်ကိုဖြတ်ကူးကြတော့သည်။ မြစ်လယ်သို့ရောက်သောအခါ မိကျောင်းဖိုသည် ရေထဲသို့ ငုပ်လိုက်သည်။

 

“အဆွေမိကျောင်း ဘာလုပ်တာလဲ၊ ကျုပ်ကိုရေစိုကုန်ပြီ၊ ရေပေါ်အမြန်ပြန်တက်ပါ” ဟု မျောက်ကြီးက အော်ပြောရာ မိကျောင်းဖိုက အကြံဖြင့် ခေါ်လာကြောင်း ဝန်ခံပြောဆိုသည်။

 

“အဆွေမျောက်ကြီးရေ ခွင့်လွှတ်ပါဗျာ။ ခင်ဗျားကို လိမ်ညာပြီးခေါ်လာတာ ဝန်ခံပါတယ်။ မိကျောင်းမက မျောက်ရဲ့အသည်းနှလုံးကို စားချင်တယ်ဆိုလို့ပါ။ မိကျောင်းမဟာ အဲဒီစိတ်နဲ့ မကျန်းမမာ ဖြစ်နေရပါတယ်။ မျောက်အသည်းနှလုံးမရပါက သေရတော့မှာဖြစ်လို့ ခုလိုကြံစည်လိုက်ရတာပါ”

 

မျောက်ကြီးက မိကျောင်းဖို၏စကားအဆုံးမှာ အားပါးတရရယ်မောလိုက်သည်။ ပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

 

“ဒါကြောင့် အဆွေက ကျုပ်ကိုသတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာကိုး။ သင်ဟာမိုက်မဲပြီး စဉ်းစားဉာဏ် အတော်နည်းတာပဲ။ မျောက်ရဲ့အသည်းနှလုံးက သိပ်လေးတာ။ ဒါကိုရင်ဘက်ထဲမှာထည့်ပြီး ခုန်ပေါက်ပြေးလွှားနေလို့မရဘူး။ ဒါကြောင့် မျောက်တွေဟာ အသည်းနှလုံးကို သစ်ကိုင်းပေါ်မှာပဲ ချိတ်ဆွဲထားတတ်ကြတယ်။ ဒါမှသာ ပေါ့ပါးလွတ်လပ်စွာနဲ့ ခုန်ပေါက်ပြေးလွှားနိုင်မှာပေါ့။ တကယ်လို့ မျောက်ရဲ့အသည်းနှလုံးကို လိုချင်တယ်ဆိုရင်တော့ ကျုပ်ကိုကမ်းကို ပြန်ပို့ပေးပါ။ သစ်ပင်ပေါ်မှာရှိတဲ့ အသည်းနှလုံးနှစ်ခုကို ယူပေးပါ့မယ်”

 

“ဟုတ်လား၊ ဒါဆို ကမ်းဘက်ကို ပြန်ပို့ပေးမယ်။ မျောက်ရဲ့ အသည်းနှလုံးကိုသာ အမြန်ဆုံးယူပေးလိုက်ပါ”

 

ဉာဏ်နည်းသောမိကျောင်းဖိုသည် မျောက်၏စကားကို ယုံကြည်ကာ မျောက်ကြီးကို ကမ်းပေါ်သို့ ပြန်ပို့ပေးလိုက်သည်။ ထို့နောက် မျောက်ကြီးသည် သဖန်းပင်ပေါ်မှ သဖန်းသီးမှည့်နှစ်လုံးကို ခူး၍ မိကျောင်းဖိုကြီးအား ပေးလိုက်လေသည်။

 

မိကျောင်းမသည်လည်း သဖန်းသီးများကို စားသောက်လေသည်။ မိကျောင်းမကြီး၏စိတ်ထဲတွင် မျောက်အသည်းနှလုံးကို စားသောက်ရပြီဟုထင်မှတ်ကာ အလွန်ကျေနပ်သွားလေသည်။ ထိုနေ့မှစ၍ မိကျောင်းမသည် ပြန်လည်ကျန်းမာသွားလေတော့သည်။   

 

Ref; SHAN LEGENDS- by Pu Loi Hom and Pu Loi Tun.