ဗန်ကောက် ဒီဇင်ဘာ ၁၂
ထိုင်းနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါအလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏ ၁၀ သန်းမြောက် နိုင်ငံတကာခရီးသွားဧည့်သည်အား ယမန်နေ့တွင် ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း ခရီးသွားလုပ်ငန်းအာဏာပိုင်များက ပြောကြားသည်။
ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် သန်း ၄၀ ခန့် ဝင်ရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံများက နယ်စပ်ထိန်းချုပ်မှု များကို တင်းကျပ်ထားသောကြောင့် ခရီးသွားလာမှုလုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည်။
လက်ရှိတွင် အဆိုပါကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးလျက်ရှိသည့်အတွက် ထိုင်းနိုင်ငံ၏ ခရီးသွားလာမှုလုပ်ငန်းများသည် တဖြည်းဖြည်း ပြန်လည်နာလန်ထူလာကာ အစိုးရသည် ယခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနီးပါး ရရှိရန်မျှော်လင့်ထားကြောင်း သိရသည်။
ဗန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရိုးရာအကသမားများနှင့် ဗုံတီးသူများသည် ယမန်နေ့က ဆော်ဒီအာရေးဗီးယား လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည့် ခရီးသည်များကို ကြိုဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် ကမ္ဘာ့လှည့်ခရီးသွားများ ကြိုက်နှစ်သက်သည့် ခရီးသွားနေရာများစာရင်းတွင် ပါဝင်လျက်ရှိသည်မှာ ဂုဏ်ယူဖွယ်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လေဆိပ်၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုသီတင်းပတ်အတွင်း လာရောက်လည်ပတ်သူ အရေအတွက်သည် လာမည့်နှစ်တွင်လည်း တိုးလာနိုင်ရန် မျှော်လင့်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီး Arkhom Termpittayapaisith က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၂၃ သန်းခန့်ကို လက်ခံကြိုဆိုနိုင်မည်ဟု သုတေသီအချို့က ယူဆကြပြီး ၂၀၂၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းသည် အပြည့်အဝပြန်လည် ကောင်းမွန်လာမည်ဟု ယုံကြည်ကြသည်။
ခရီးသွားလုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည့်အတွက် ထိုင်းနိုင်ငံအတွင်းရှိ ဟိုတယ်ပိုင်ရှင်များနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ စီးပွားရေးနာလန်ထူလာကြပြီဖြစ်သည်။
ထိုင်းဟိုတယ်များအသင်းဥက္ကဋ္ဌ Marisa Sukosol က “နှစ်နှစ်ခွဲကြာ နာကျင်မှုတွေ ခံစားရပြီးနောက် ခရီးသွားဧည့်သည် ၁၀ သန်းမြောက်ရဲ့ မှတ်တိုင်”ကို ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
လာမယ့်နှစ်များတွင်လည်း ခရီးသွားဧည့်သည် အရေအတွက် ပိုမိုတိုးတက်လာဖွယ်ရှိကြောင်းနှင့် ရုရှားနှင့် အာရှ-ပစိဖိတ်ဒေသတလွှားမှ ခရီးသွားများ ပြန်လည်ဝင်ရောက်လာမှုကို ၎င်းကထောက်ပြပြောကြားခဲ့သည်။
သို့သော် အကောင်းမြင်မှုလွန်ကဲခြင်း- စီးပွားရေး တုံ့ဆိုင်းမှုနှင့် ကပ်ရောဂါဘေးအန္တရာယ်များသည် ခရီးသွားကဏ္ဍကို ဆက်လက်သက်ရောက်မှုရှိနေဆဲဖြစ်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့်လည်း ထိခိုက်ခဲ့သည်။
ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာခရီးသွားစည်းမျဉ်းများ လျှော့ပေါ့ပေးသည့် တရုတ်နိုင်ငံအပေါ်လည်း များစွာမှီခိုနေရသည်ဟု ထိုင်းတာဝန်ရှိသူများက ပြောသည်။
တရုတ်နိုင်ငံသည် ယခင်က ထိုင်းနိုင်ငံအတွက် နိုင်ငံခြားခရီးသွားများ အများဆုံးလာရောက်သည့် နိုင်ငံဖြစ်သည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - အောင်ကျော်ကျော်