ရန်ကုန် ၁၁ ဖေဖော်ဝါရီ
MOON MYANMAR MEDIA ကထုတ်လုပ်ပြီး ဒါရိုက်တာ JZ DAUNG LOON ရိုက်ကူးထား သည့် " မနောမြေမှ ကျောက်စိမ်း ကမ္ဘာ" ရုပ်ရှင် ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲကို ယနေ့ နံနက် ၉ နာရီ က ရန်ကုန်မြို့ရှိ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ နိုင်ငံတစ်ဝန်းလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။
ဒါရိုက်တာနှင့် သရုပ်ဆောင်ဖြစ်သူ JZ DAUNG LOON က `` ကချင်တိုင်းရင်းသားတွေရဲ့ လူမှုဘဝနဲ့ သဘာဝရှုခင်းတွေကို ရိုက်ပြထားတာပါ။ ၂၀၁၃ ခုနှစ်မှာစတင် ပြင်ဆင်ရိုက်ကူးခဲ့တာပါ။ အဲဒီကာလ တုန်းက ကျွန်တော်တို့ရိုက်မယ့် နယ်မြေဒေသ ကလည်း မငြိမ်းချမ်းဘူး။ ခက်ခက်ခဲခဲ ရိုက် ခဲ့ရတာပါ´´ ဟုပြောသည်။
အဆိုပါ ဇာတ်ကားတွင် ကချင်တိုင်းရင်းသား သရုပ်ဆောင်များဖြစ်သည့် JZ Daung Loon ၊ M Seng Naw ၊ G Taint Saung ၊ Swan Swan Pan ၊ M Jyar Aung ၊ Jyar Seng Eain ၊ L Zaw Dein ၊ D Moon Aung ၊ MZ Loon Naw ၊ K Kai Dint ၊ Kai Lai တို့ပါဝင်ပြီး ဖြစ်ရပ်မှန်ကို အခြေခံကာ ကချင်ပြည်နယ်၏ သဘာဝအလှရှုခင်းများနှင့် ကချင်တိုင်းရင်းသားတို့၏ ရိုးသားဖြူစင်မှု များကို ပေါ်လွင်အောင် ရိုက်ကူးထားသည့် ရုပ်ရှင် ဇာတ်ကားဖြစ်သည်။
စီစဉ် ထုတ်လုပ်သူ နန်းမောက်လောဝ်ဆိုင် က `` ဒီဇာတ်ကားလေးကို ၂၀၁၃ ခုနှစ်မှာစ တင်ပြင်ဆင်ခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာစတင်ရိုက်ပြီး ဆင်ဆာကျတဲ့အခါမှာ နယ်မှာပြသခဲ့ပါတယ်။ အကယ်ဒမီစာရင်းထဲမှာဝင်သွားတော့ အကယ်ဒမီရခဲ့ပါတယ်´´ ဟုပြောသည်။
သရုပ်ဆောင် SWAN SWAN PAN က``အလှပြင်ဆိုင်မှာ အလုပ် လုပ်တဲ့ နူးနူးဆိုတဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတာပါ။ ရေခဲတောင်မှာရိုက်တာဆိုတော့ တော်တော်အေးတယ်။ အဲဒီကို လမ်းလျှောက်ပြီးသွားရင် ၁၅ ရက် လောက်ကြာတာဆိုတော့ အခြားလမ်းဘက်ကဝင်ခဲ့ရတယ်။ ကားလမ်းတွေကလည်း တော်တော်ဆိုးတယ်။ ပင်ပန်းခဲ့ပါတယ် ။ အပြင်မှာဖြစ်ပျက်နေတဲ့ ဘဝတွေကို အခြေခံပြီး ရိုက်ထားတာဖြစ်တဲ့ အတွက် လာရောက်ကြည့်ရှု စေချင်ပါတယ်´´ ဟုပြောသည်။
မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ များနှင့် တောတောင် ရေမြေ သဘာဝ အလှရှုခင်းများ ကိုသိရှိနိုင်ရန်၊ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကျောက်တူးသမား များ၏ ဘဝ ဖြတ်သန်းမှု ပုံရိပ်များနှင့် ကချင်တိုင်းရင်းသားတို့၏ ရိုးသားဖြူစင်မှုစိတ်ထားအလှကို သိရှိစေရန်ရည်ရွယ်ရိုက်ကူးထားခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီရရှိခဲ့ သော ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်