၁၂ ဖေဖော်ဝါရီ
ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်သည် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်၏။ မြန်မာနိုင်ငံ လွတ်လပ်ရေးပန်းတိုင်ဝင်ခါနီး နောက်ဆုံးအချိန်တွင် ပြည်မတောင်တန်းဒေသ မခွဲခြားဘဲ ပြည်ထောင်စုသားများအဖြစ်ဗြိတိသျှလက်အောက်က ရုန်းထွက်ကာ လွတ်လပ်ရေးအရယူမည်ဟူသည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သောနေ့ဖြစ်၏။ ဤစာချုပ်က များစွာအဓိပ္ပာယ်လေးနက်မှုရှိသော စာချုပ်ဖြစ်ပါသည်။
အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရတော့မည့် နောက်ဆုံးအချိန်တွင် ၎င်းတို့၏သဘောထားမှာ -တောင်တန်း ဒေသတို့ကို လွတ်လပ်ရေးမပေးဘဲ ချန်ထားရန် လိုကောင်းလိုမည်၊ ပြည်မက လွတ်လပ်ရေး လိုချင်သည်ဆိုသော်လည်း တောင်တန်းဒေသတို့က အတူတကွ လိုချင်သည် မလိုချင်သည်မှာ မသေချာ။ ကချင်၊ ချင်းနှင့်ရှမ်းပြည်နယ် အစရှိသည့် တောင်တန်းဒေသများကို မြန်မာနိုင်ငံလွတ်လပ်ရေးပေးရာတွင် ဖယ်ချန်ထားလိုသည်။ ပြည်မနှင့် တောင်တန်း ဒေသများသည် သီးခြားဖြစ်သည်ဟူ၍ အကြောင်းပြ၏။ ဒုတိယကမ္ဘာစစ်အပြီး ၁၇ မေ ၁၉၄၅ တွင် မြန်မာနိုင်ငံဆိုင်ရာ အုပ်ချုပ်ရေးမူဝါဒအဖြစ် ဗြိတိသျှအစိုးရက စက္ကူဖြူစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။ စက္ကူဖြူစာတမ်း၏ အနှစ်သာရမှာ စစ်ပြီး ကာလတွင် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစွာလုပ်မည်။ ထိုကာလအတွင်း ဗြိတိသျှတို့က သုံးနှစ် အုပ်ချုပ်မည်။ ပြန်လည်ထူထောင်ရေးကာလပြီးလျှင် အထွေထွေရွေးကောက်ပွဲကျင်းပမည်။ ဥပဒေပြုလွှတ်တော်နှင့် အစိုးရဖွဲ့စည်းမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲမည်။ ထိုအခြေခံဥပဒေကို ဗြိတိသျှပါလီမန်က အတည်ပြုမည်။ ဗြိတိသျှအစိုးရနှင့် မြန်မာအစိုးရတို့၏ ဆက်ဆံရေးနှင့်ဘဏ္ဍာရေးစာချုပ်များ ချုပ်ဆိုမည်။ မြန်မာနိုင်ငံက ဗြိတိသျှဓနသဟာယနိုင်ငံများ အဖွဲ့အစည်းအတွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ရေးရမည်။ ရခိုင်တောင်တန်းဒေသ၊ ကချင်တောင်တန်းဒေသ၊ ရှမ်းပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်အပါအဝင် စသည့်တောင်တန်းဒေသများက မြန်မာပြည်မနှင့် တစ်လုံးတစ်စည်းတည်း ပူးပေါင်းရန် အဆိုပါ တောင်တန်းဒေသများက ဆန္ဒမရှိသရွေ့ မြန်မာဘုရင်ခံက ပြည်မနှင့်ခွဲကာ သီးခြားအုပ်ချုပ်သွားမည်ဟူ၍ ဖြစ်သည်။
မြန်မာနိုင်ငံကို ပတ်လည်ဝိုင်းနေသည့် တောင်တန်းဒေသများကိုဗြိတိသျှက ဆက်လက်ချုပ်ကိုင်ထားပြီး အလယ်ကွက်ကာ ပြည်မအဖြစ်လွတ်လပ်ရေးပေးမည်ဟူသည့် သဘော။
ထို့ကြောင့်ပင် ၁၉၄၆ မတ်လတွင် နိုးကြားတက်ကြွသော ရှမ်းလူငယ်များက ခေါင်းဆောင်ကာ ပဒေသရာဇ်ဆန့်ကျင်ရေး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖော်ဆောင်ကြပြီး ပင်လုံအစည်းအဝေး တစ်ခုကိုကျင်းပခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ ရခိုင်ခရီးစဉ်စီစဉ်ပြီးဖြစ်နေ၍ ကိုယ်စားအဖြစ် သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့တက်ခဲ့ကြသည်။ ဗြိတိသျှကိုယ်စားလှယ်ကလည်း တောင်တန်းသားများ ဗြိတိသျှတို့၏ တောင်တန်းဒေသ အုပ်ချုပ်ရေးအောက်တွင် ဆက်လက်နေကြဖို့ စည်းရုံးလှုံ့ဆော်နေသည်။
ထို့နောက် ၁၉၄၆ ဒီဇင်ဘာတွင် ဗိုလ်ချုပ်တို့ လန်ဒန်သွား၍ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရေးအတွက် ပြင်ဆင်ထားသည့် အောင်ဆန်း-အက်တလီစာချုပ် လက်မှတ်ထိုးသည်။ ထိုအချိန်တွင် စာချုပ်၌ အပိုဒ်တစ်ပိုဒ် ပါလာသည်။
ပင်လုံအစည်းအဝေး သို့မဟုတ် အထူးကွန်ဖရင့်အစည်းအဝေး ပြီးဆုံးသည့်အခါတွင် တောင်တန်းဒေသတို့က ပြည်မနှင့်အတူလွတ်လပ်ရေးယူချင်သည်ဟု သဘောတူညီကြောင်း သေချာမှသာလျှင် တစ်နိုင်ငံလုံးအနေဖြင့် လွတ်လပ်ရေးပေးမည် ဟူသည့်သဘောဖြစ်၏။
ပင်လုံညီလာခံ၏ သဘောတူညီမှုက တောင်တန်းဒေသများ ပြည်မနှင့်အတူ လွတ်လပ်ရေးရမည်လား၊ မရဘူးလား ဟူသည်ကို အဆုံးအဖြတ်ပေးတော့မည်။
ယခုကျင်းပမည့် ပင်လုံညီလာခံသည် တောင်တန်းနှင့် ပြည်မအတူပူးပေါင်းလွတ်လပ်ရေး ယူ-မယူ ကို တောင်တန်းသားများ တိုင်းရင်းသား ခေါင်းဆောင်များ၏ ဆန္ဒခံယူသည့် ညီလာခံသဖွယ် ဖြစ်ခဲ့သည်။ပင်လုံညီလာခံကို ရှမ်းပြည်သူလူထုက ထောက်ခံပွဲကြီး ကျင်းပကာ သွေးခွဲသမား နယ်ချဲ့အလိုမရှိ၊ လွတ်လပ်ရေး ချက်ချင်းပေး၊ ရှမ်း-မြန်မာ တောင်တန်းသားများ ပူးပေါင်းကြ စသည့်ကြွေးကြော်သံများဖြင့်ကြိုဆိုခဲ့ကြသည်။
ဒီမိုကရေစီမူအရ ပြည်မသား တောင်တန်းသားအားလုံး အခွင့်အရေး တန်းတူညီမျှရေးဟူသည့် သဘောထားပေါ်တွင် မူတည်ကာ တောင်တန်းသားများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေးကို အခြေခံသည့် သဘောတူမှုများဖြင့် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းသားကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။
ဗြိတိသျှအစိုးရအနေဖြင့် လွတ်လပ်ရေးကို သီးခြားစီပေးရန်အကြောင်းရှာမရတော့သည့်အဆုံး တောင်တန်း ပြည်မ ခွဲခြားမရဘဲ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးလိုက်ရခြင်းပင် ဖြစ်ပေသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှု၊ တိုင်းရင်းသား ခေါင်းဆောင်တို့၏ အမြော်အမြင်ကြီးမားမှု၊ တောင်ပေါ် ပြည်မ ပြည်သူလူထုတို့၏ နိုင်ငံရေးနိုးကြားမှုတို့ဖြင့် ပြည်ထောင်စုညီညွတ်ရေး ရယူနိုင်ခဲ့သည့် ပင်လုံစိတ်ဓာတ်ကို ဆက်လက်မွေးမြူကြရင်း အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံကို ထူထောင်နိုင်ကြပါစို့။ ။
မြန်မာ့အလင်း