၁၂  ဖေဖော်ဝါရီ

 

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်နိုင်ငံ လန်ဒန်သို့သွားရောက်၍ ဗမာ့လွတ်လပ်ရေး အရေးကိစ္စကို အင်္ဂလိပ်နန်းရင်းဝန်အက်တလီ၏ ဗြိတိသျှအစိုးရ ဝန်ကြီးအဖွဲ့နှင့် ဆွေးနွေးခဲ့သည်။ နှစ်ဖက်ဆွေးနွေး သဘောတူညီချက်များအရ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။

 

ကြွေးကြော်သံများ

 

ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် စာချုပ်ချုပ်ပြီး နောက်ရန်ကုန်မြို့သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြန်လည်ရောက်ရှိသည်။ လန်ဒန်ဆွေးနွေးပွဲမှ ပြန်ရောက်လာသော ဗိုလ်ချုပ်အောင်ဆန်းတို့ကို မြန်မာပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုကြသော်လည်း အချို့သော နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများက အောင်ဆန်း-အက်တလီ စာချုပ်ကိုဝေဖန်ကန့်ကွက်ခဲ့ကြသည်။ လွတ်လပ်ရေးနှင့် လက်တစ်ကမ်းအလိုတွင် ဗိုလ်ချုပ် အောင်ဆန်းသည် တစ်ဖက်က အင်္ဂလိပ်အစိုးရနှင့်လည်းကောင်း၊ တစ်ဖက်က မိမိကို ဆန့်ကျင်တိုက်ခိုက်နေကြသော (တစ်ချိန်က အတူလုပ်ဖော်ကိုင်ဖက်များဖြစ်သည့်) နိုင်ငံရေး ရဲဘော်ရဲဘက်များနှင့်လည်းကောင်း ရင်ဆိုင်နေရသည်။

 

အချို့သော နိုင်ငံရေးအင်အားစုများက ဗိုလ်ချုပ်ဘိလပ်မသွားမီကပင် ဗိုလ်ချုပ်အောင်ဆန်း ဆန့်ကျင်ရေး၊ အစိုးရဆန့်ကျင်ရေး၊ ဖဆပလဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ဆန္ဒပြပွဲများကို နေရာအနှံ့အပြားတွင် ပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲကြွေးကြော်သံများတွင် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်ရန်နှင့်လယ်သမားများ မြေခွန်တော်မပေးရေး၊ သီးစားခမပေးရေး ကြွေးကြော်သံတို့လည်း ပါဝင်သည်။ (အလံနီ၏ လွတ်လပ်ရေးတိုက်ပွဲအစဉ်-အလံနီကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ထုတ်ပြန်ချက် ၈-၁၂-၄၆)အလားတူပင် လယ်သမားများ သီးစားခလျှော့ရေး၊ အခွန်တော်လျှော့ရေး၊ သီးစားခမပေးရေး၊ အခွန်တော်မပေးရေး၊ အမတော်ကြေးမပေးရေး စသည့် မြေယာတိုက်ပွဲများကို လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံရေး အင်အားစုတို့၏အာဘော် သတင်းစာများထဲတွင် အခွန်မပေးရေး၊ သီးစားခမပေးရေး ဆောင်းပါးများကိုထည့်သွင်းခဲ့သည်။

 

တုံ့ပြန် ရှင်းလင်း

 

ထိုသို့သော အခွန်တော်မပေးရေး လှုပ်ရှားမှုများ၊ ဆန္ဒပြပွဲများအပေါ် ဗိုလ်ချုပ်အောင်ဆန်းက အသံလွှင့်မိန့်ခွန်းပြောကြား၍ လူထုကို ရှင်းလင်းသည်။ ဆောင်းပါးတစ်ပုဒ်ကိုလည်းရေး၍ ဆန့်ကျင်ဝေဖန်သူတို့အား တုံ့ပြန်ရှင်းလင်းခဲ့သည်။ ယင်းဆောင်းပါးမှာ “Burma Digest” စာစောင် (အတွဲ -၂၊ အမှတ် ၂၅။ ၁၊ ဧပြီ၊ ၁၉၄၇) တွင် ပါဝင်သော “No Independence without Tax Payment”အမည်ရှိ အင်္ဂလိပ်လိုဆောင်းပါးဖြစ်သည်။ မြန်မာလိုဆိုလျှင်တော့ “အခွန်ငွေမပေးဆောင်သေး လွတ်လပ်ရေးနှင့်ဝေး” ဟု ဖြစ်ပါမည်။ ဆောင်းပါးခေါင်းစဉ်အောက်တွင် “A stirring appeal of ‘Bogyoke’ to the people of Burma” ဗမာပြည်သူလူထုသို့ “ဗိုလ်ချုပ်”၏ မေတ္တာရပ်ခံချက်ဟူသော စာကြောင်းလေးပါရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘောဂဗေဒပညာရှင် မဟုတ်သော်လည်း နိုင်ငံရေးသမား တစ်ဦးအနေဖြင့် သမိုင်း၊ ဒဿန၊ ဘောဂဗေဒပညာရပ်တို့ကို ဖတ်ရှုလေ့လာထားခြင်းကြောင့် သူ့သဘောထားအမြင်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပြောဆိုနိုင်သည်။ တိုင်းပြည်တွင် လက်တွေ့ဖြစ်နေသော အခြေအနေ၊ အစိုးရ၏ အခက်အခဲများကို တင်ပြပြီး ပြည်သူလူထု၏ အကျပ်အတည်းများ၊ ပြဿနာများကိုလည်း သိရှိနားလည်ကြောင်းနှင့် ယင်းပြဿနာများကို ဖြေရှင်းပေးရန် ကြိုးစားနေကြောင်း ဆောင်းပါးတွင် အကျိုးသင့်၊ အကြောင်းသင့် ရှင်းပြထားသည်။ အခွန်မပေးရေး၊ သီးစားခမပေးရေး လှုံ့ဆော်နေကြ သူများအား ထိရောက်စွာအရေးယူမည် ဖြစ်ကြောင်းကိုလည်း ပြတ်ပြတ်သားသား သတိပေးထားသည်။ Burma Digest ပါ ဗိုလ်ချုပ်၏ ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆို၍ ဖော်ပြလိုက်ပါသည်။

 

ပေးဆောင်သင့်သောအခွန်ငွေ

 

လယ်သမားတွေ လယ်ခွန်၊ သီးစားခ၊ အမတော်ကြေးငွေစတာတွေ မပေးကြရေးကို နေရာအနှံ့ စိုင်းပြင်းဆော်ဩ နေကြတာတွေကိုတွေ့ရတော့ ကျွန်တော်ရော ကျွန်တော့်ရဲဘော်တွေပါ တော်တော်စိတ်အနှောင့်အယှက် ဖြစ်ကြရတယ်။ ဒီလှုံ့ဆော်ချက်တွေအတိုင်းသာ ဖြစ်မြောက်သွားရင်တော့ ခင်ဗျားတို့အားလုံး သိကြတဲ့အတိုင်း “တစ်နှစ်အတွင်း ဗမာပြည်လွတ်လပ်ရေးရရှိဖို့” ဆိုတဲ့ ကျွန်တော့်ရည်မှန်းချက် အတော်နှောင့်နှေး ထိခိုက်သွားပါလိမ့်မယ်။ ဘယ်အစိုးရမှ ပိုက်ဆံမရှိဘဲ အစိုးရလုပ်ငန်းတာဝန်တွေကိုဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ လွတ်လပ်တဲ့ နိုင်ငံသားတိုင်းဟာ မိမိတို့ရဲ့အစိုးရကို ကျေကျေနပ်နပ်၊ လိုလိုလားလား အခွန်တော်ငွေတွေကို ပေးဆောင်သင့်တယ်။ အခုလက်ရှိ ကျွန်တော်တို့ အစိုးရဟာ ခင်ဗျားတို့ရဲ့ အစိုးရ၊ ဗမာအစိုးရ စစ်စစ်လေ။ ဗမာပြည်သူတွေ သက်သာချောင်ချိရေး၊ အဆင်ပြေရေးကို ဆောင်ရွက်ပေးမယ့်အစိုးရ၊ ခင်ဗျားတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့်အစိုးရပဲလေ။ ကျွန်တော်တို့ ဗမာအစိုးရဟာ ဗမာ့လွတ်လပ်ရေးပန်းတိုင်ကို ဆွတ်လှမ်းနိုင်ဖို့နဲ့ ခင်ဗျားတို့အခက်အခဲတွေကို ကူညီနိုင်ဖို့အတွက် ပိုက်ဆံငွေကြေးလိုအပ်တယ်။ ဗြိတိသျှနယ်ချဲ့ကို တိုက်ခဲ့စဉ်တုန်းကတော့ အခွန်မပေးရေး၊ သီးစားခမပေးရေးဆိုတာ ကျွန်တော်တို့ရဲ့ လက်နက်သဖွယ်ဖြစ်ခဲ့ပေမယ့် အခုလိုတိုင်းပြည်အခြေအနေ ပြောင်းလဲသွားချိန်မှာတော့ အခွန်မထမ်းဆောင်တာဟာ နိုင်ငံရဲ့အကျိုးစီးပွားကို ကြီးကြီးမားမား ပျက်စီးစေတဲ့ လုပ်ရပ်ဖြစ်တယ်။ အခွန်တော်ပေးဖို့ ငြင်းဆိုရင် တိုင်းပြည်ရဲ့စီးပွားရေးလည်း ကမောက်ကမဖြစ်၊ အဲဒီရဲ့ အကျိုးဆက်အဖြစ် ခင်ဗျားတို့လည်း ဆိုးရွားတဲ့ဒုက္ခတွေနဲ့ ကြုံတွေ့ရ မှာပဲ။ နားလည်ထားရမှာက ကိုယ့်နိုင်ငံသားကိုယ်တိုင်က ကိုယ့်နိုင်ငံကို အခွန်တော်ပေးဆောင်ဖို့ကို ငြင်းမယ်ဆိုရင်အခြေခံဖြစ်တဲ့ ပြည်သူ့နီတိတွေ၊ မျိုးချစ်နိုင်ငံသားတို့ရဲ့ဝတ္တရားတွေ ပျက်ကွက်ပြီး ဘယ်နိုင်ငံမှ လွတ်လပ်ရေးရနိုင်လိမ့်မယ် မဟုတ်ဘူး။ ဘဏ္ဍာရေး မတောင့်တင်းတဲ့နိုင်ငံတစ်နိုင်ငံဟာ စစ်မှန်တဲ့ လွတ်လပ်ရေးရရှိတယ်ဆိုဦး အဲဒီလွတ်လပ်ရေးဟာ ရေရှည်မတည်မြဲနိုင်ဘူး။ အခုအချိန်မှာ စက်မှုလက်မှု လုပ်ငန်းတွေ၊ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးလုပ်ငန်းတွေက ဝင်ငွေမရနိုင်သေးတဲ့ဒီလိုအခါမျိုးမှာ မြေခွန်ဟာ ပိုလို့အရေးကြီးတယ်။ မြေခွန်တော်ကသာ လောလောဆယ် အစိုးရရဲ့ဝင်ငွေရရာရကြောင်း တစ်ခုတည်းသော အရင်းအမြစ်ဖြစ်တယ်။

 

လွတ်လပ်နေရမယ်

 

အစိုးရမှာ ဝင်ငွေမရှိလည်း ဘာအရေးလဲ။ တခြားက ချေးနိုင်တာပဲလို့ ခင်ဗျားက ပြောကောင်းပြောမယ်။ တခြားက အကူအညီကို အားကိုးနေရသရွေ့ ဘယ်နိုင်ငံ၊ ဘယ်အစိုးရမှ စစ်မှန်တဲ့လွတ်လပ်ရေးကို ရလိမ့်မယ်မဟုတ်ဘူးဆိုတာ ပြောချင်တယ်။ ကျွန်တော်တို့ ကိုယ်ပိုင်ငွေနဲ့ ကျွန်တော်တို့ လွတ်လပ်နေရမယ်။ လယ်ခွန်မဆောင်ချင်တဲ့ လူတွေဟာ လွတ်လပ်ရေးကို နှောင့်နှေးအောင်လုပ်တဲ့သူတွေပဲ၊ သီးစားခမပေးတာဟာလည်း လယ်ပိုင်ရှင်တွေ လယ်ခွန် မဆောင်နိုင်အောင် လုပ်နေတာနဲ့ အတူတူပဲ။

 

လယ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုသိပါတယ်။ ကျွန်တော်တို့က သူတို့အခက်အခဲတွေကို ဖြေရှင်းပေးစေချင်တယ် ဆိုတာလည်း သိပါတယ်။ ကျွန်တော်တို့ အစိုးရမှာ ငွေမရှိတော့ ဘာတတ်နိုင်မှာလဲ။ မနှစ်က ကျပ်သုံးကုဋေဖိုး အမတော်ကြေး ထုတ်ချေးခဲ့တယ်။ ကျွန်တော်တို့ထုတ်ပေးတဲ့ ချေးငွေဟာ စစ်မဖြစ်ခင်ချေးငွေ ပမာဏထက် အဆငါးဆယ်၊ ခြောက်ဆယ်မက ပိုပါတယ်။ လယ်ခွန်တော်ရဲ့ ခြောက်ပုံတစ်ပုံမကဘူး။ ဒီထက်မက လိုအပ်တယ်ဆိုတာလည်း သိတယ်။ ချေးငွေကို အကျေအလည်ပြန်မပေးဘူးဆိုရင် နောင်နှစ်မှာ ဒီပမာဏ အထိတောင် ထုတ်ချေးနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပမာဏအထိတော့ ဒီနှစ်ထုတ်ချေးမှာပါ။

 

ထောက်ပံ့ငွေ

 

ပြန်မဆပ်တဲ့ ငွေတစ်ကျပ်တိုင်းဟာ နောင်နှစ်ထုတ်ချေးငွေပမာဏက လျော့နည်းသွားမယ်။ အမှားမလုပ်ကြပါနဲ့။ ချေးငွေပြန်မရလို့ကတော့ နောင်ထုတ်ချေး နိုင်တော့မှာ မဟုတ်ဘူး။ လယ်သမားတွေကို အမတော်ကြေးပေးပြီး ထောက်ပံ့တဲ့နည်းတစ်နည်းတည်း မဟုတ်ဘဲတခြားနည်းများနဲ့လည်း ထောက်ပံ့ပေးဦးမှာပါ။ လယ်ယာမြေပြုပြင်ရေး ချေးငွေဆိုတာကို အလုံးအရင်းနဲ့ ထုတ်ချေး ဦးမှာပါ။ ဒီချေးငွေက ပျက်စီးယိုယွင်းသွားတဲ့ လယ်ယာ မြေကို နဂိုမူလအတိုင်း ပြန်လည်ဖွံ့ဖြိုးကောင်းမွန်လာအောင် ပြုစုပျိုးထောင်ဖို့ဖြစ်ပါတယ်။ သီးနှံပျက်လို့ ငတ်မွတ်ခေါင်းပါးအန္တရာယ် ကာကွယ်ရေးအတွက် ရန်ပုံငွေဆိုတာကိုလည်း လျာထားပါတယ်။ ဒါမှမဟုတ်သီးနှံပျက်လို့ ချေးငွေမဆပ်နိုင်တဲ့ ကိစ္စများအတွက်ရန်ပုံငွေဆိုတာလည်း လျာထားပါတယ်။ စပါးသီးနှံအတွက်ကျန်သေးတဲ့ ထောက်ပံ့ငွေကိုလည်း ထုတ်ပေးတော့မှာပါ။ ဒါ့အပြင် လယ်သမားတွေကို တခြားနည်းလမ်းများနဲ့ ကူညီပံ့ပိုးပေးဖို့ အစီအစဉ်များလည်း ရှိပါသေးတယ်။ သီးစားခတွေ မှန်မှန်ပေးနိုင်အောင်လို့ သီးစားခနှုန်းကိုနည်းနိုင်သမျှနည်းအောင် သတ်မှတ်ထားပါတယ်။ စပါးဈေးနှုန်းကိုလည်း အရင်ကဗမာပြည်မှာ တစ်ခါမှမကြုံဖူးတဲ့ ဈေးနှုန်းအမှန်ကို သတ်မှတ်ပေးထားပါတယ်။ ဒီပံ့ပိုးငွေတွေ ခင်ဗျားတို့ အမှန်တကယ်ခံစားရအောင်လည်း ကြပ်မတ်ကွပ်ကဲနေပါတယ်။ ဒီတော့ လယ်ခွန်တော်ဟာ သီးနှံအထွက်ရဲ့ အစိတ်အပိုင်း အနည်းငယ်မျှသာဖြစ်တယ်။ စစ်မဖြစ်ခင်က လယ်ခွန်တော်ဟာ စပါးတင်း သုံးဆယ်တန်ဖိုးနဲ့ ညီမျှပေမယ့် အခုအခါ စပါးဆယ်တင်းတန်ဖိုးသာသာပဲ ရှိပါတော့တယ်။ ဒါတွေကိုလည်း သတိမူကြပါဦ။

 

တိုက်တွန်းတဲ့သူတွေ

 

သီးနှံအထွက်ဟာ မှန်းသလောက် မထွက်ဘူး၊ တချို့ဒေသမှာဆို ဒီထက်ဆိုးသေးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီကိစ္စတွေကြောင့်ဆိုရင် ချေးငွေမဆပ်နိုင်တာကို ခွင့်လွှတ်ပေးမှာ ဖြစ်ပါတယ်။ တကယ်ပဲသီးနှံပျက်လို့ ချေးငွေပြန်မဆပ်နိုင်ရင် ကျွန်တော်တို့ဘက်ကလည်း စနစ်တကျ စစ်ဆေးအရေးယူဆောင်ရွက်ပေးမှာ ဖြစ်တယ်။ ဒီကိစ္စရပ်တွေအပေါ် အခွန်တော်အရာရှိတွေက မျှမျှတတ သက်သက်ညှာညှာ လုပ်ဆောင်ပေးနေတာကိုလည်း တွေ့ရပါတယ်။ ဒီလိုအဖြစ်မျိုးကို အကြောင်းအရာ တစ်ခုချင်းအလိုက်ဆိုင်ရာ အရေးပိုင်ကို လျှောက်ထားပါ။ ဒီကိစ္စကို လိုအပ်သလို အကူအညီပေးဆောင်ရွက်ဖို့အရေးပိုင်ကို အာဏာအပြည့်အဝ အပ်နှင်းထားပါတယ်။

 

ကျွန်တော်တို့ရဲ့ မျိုးချစ်နိုင်ငံသားအားလုံးကိုမေတ္တာရပ်ခံပါတယ်။ အစိုးရရဲ့ အခက်အခဲတွေကို ကူညီပေးဖို့၊ လယ်သမားတွေကို အားပေးကူညီကြဖို့၊ ဗမာနိုင်ငံလွတ်လပ်ရေးရဖို့ ဝိုင်းဝန်းကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။ အခုလိုကူညီဖို့ ဆန္ဒရှိကြမယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ နည်းမျိုးစုံ ဆင်ခြေပေးပြီး ခြိမ်းခြောက်တဲ့နည်းရော၊ တခြားနည်းလမ်း တွေနဲ့ရော အခွန်တော်မပေးဖို့ တိုက်တွန်းတဲ့သူတွေကိုဗမာလူမျိုးတွေရဲ့ ရန်သူလို့ သတ်မှတ်မယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားလိုပါတယ်။

 

တရားမျှတစွာကျင့်သံ

 

တချို့ကတော့ လယ်ခွန်တော်စည်းကြပ်ပုံ တရားမျှတမှုမရှိ၊ ဒါမှမဟုတ် စည်းကြပ်သင့်တဲ့နှုန်းထက်ပိုများနေတယ်လို့ ထင်ကြမယ်။ ဒီလိုပဲ သီးစားခ စတာတွေလည်း များလွန်းတယ်လို့ ထင်ကြတယ်။ အဲဒီလိုခင်ဗျားတို့ရဲ့ မကျေနပ်ချက်တွေကို သက်ဆိုင်ရာ အရာရှိဆီ တင်ပြကြပါ။ ကျွန်တော်တို့ အဲဒီမကျေနပ်ချက်တွေကို ပြေလည်အောင် ဖြေရှင်းပေးပါ့မယ်လို့ ပြောကြားလိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က လက်တွေ့သမားပါ။ အမှန်ကို လိုလားသူပါ။ ကျွန်တော်တို့ရဲ့ သီးစားခ၊ လယ်ခွန်တော် စတဲ့လက်ရှိလယ်ယာမြေစနစ်ဟာ ချို့ယွင်းချက်တွေတစ်ခုမက ရှိနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီချို့ယွင်းချက်တွေကို ပြင်ဆင်ဖို့ အချိန်ယူရပါတယ်။ နေ့ချင်းညချင်း မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတိပေးပါတယ်။ ဒီချို့ယွင်းချက်တွေ ပြင်ဆင်သွားဖို့ကျွန်တော်တို့ ဦးတည်နေပါတယ်။ ဒီအတောအတွင်းတော့လယ်ခွန်၊ သီးစားခ၊ အမတော်ကြေး စတာတွေကိုပေးဆောင်ကြပါ။ ကျွန်တော်တို့ ဗမာလူထုကို ခုလိုမေတ္တာရပ်ခံရတာက အများစုဟာ သူတို့ရဲ့တာဝန်ဘာလဲဆိုတာ နားလည်သဘောပေါက်လာရင် ကျွန်တော်မေတ္တာရပ်ခံတဲ့အတိုင်း လိုက်နာဆောင်ရွက်ကြမယ်ဆိုတာကို ယုံကြည်လို့ပါပဲ။ မလိုက်နာတဲ့ လူတွေကိုတော့သတိပေးလိုက်ပါရဲ့။ ပြည်သူတွေ ဒီအတိုင်းလိုက်နာကြဖို့အစိုးရအရာရှိများကို လုပ်ပိုင်ခွင့် အပြည့်အဝအပ်နှင်း ထားတယ်။ အမှားမလုပ်မိပါစေနဲ့။ အစိုးရအရာရှိတွေဟာ ဗမာအစိုးရကို သစ္စာခံတဲ့ဝန်ထမ်းများ ဖြစ်ကြပါတယ်။ သူတို့မှာရှိတဲ့ အာဏာကို အကြင်နာတရားလက်ကိုင်ထားပြီး တရားမျှတစွာကျင့်သုံးမှာ ဖြစ်တယ်။ ဒါပေမယ့်တိတိကျကျတော့ အရေးယူဆောင်ရွက်ကြမှာဖြစ်တယ်။

 

လယ်သမားတွေ သီးစားခ၊ အမတော်ကြေး စတာ တွေမပေးရေး လှုံ့ဆော်ကြသူများကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါရစေ။ ကျွန်တော် မေတ္တာရပ်ခံနေတဲ့ကြားက ဆက်လက်ပြီး လှုံ့ဆော်နေမယ်ဆိုရင် ကျွန်တော်နဲ့ကျွန်တော့်ရဲဘော်များက သူတို့ကို ဗမာလူမျိုးတွေရဲ့ရန်သူလို့ သတ်မှတ်ပါမယ်။ ဗမာလူထုတစ်ရပ်လုံးကလည်း ဒီလိုပဲသတ်မှတ်ကြလိမ့်မယ်လို့ ကျွန်တော် ယုံပါတယ်။

 

ထုတ်လွှင့်ပြောကြား

 

မိမိအကျိုးစီးပွားအတွက်ပဲဖြစ်ဖြစ်၊ ငြိုးသူရန်ဘက်သဘောမျိုးပဲဖြစ်ဖြစ် သည်လိုပြုကျင့်တဲ့သူများဟာ ကျွန်တော်တို့ တက်လှမ်းနေတဲ့ လွတ်လပ်ရေးပန်းတိုင်သို့ဦးတည်တဲ့ လမ်းကိုနှောင့်ယှက်သူ ဆူးငြောင့်ခလုတ်ကန်သင်းတွေသာဖြစ်လို့ သူတို့ကို ထိုက်တန်တဲ့အပြစ်ပေးမှာဖြစ်ပြီး သူတို့ ဒီလိုဆက်လက်မလှုပ်ရှား နိုင်အောင်လည်း တားဆီးမှာဖြစ်တယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ဘယ်သူကမှ မဖိနှိပ်ပါစေနှင့်။ ဖိနှိပ်တာကိုကျွန်တော်မလိုလားဘူး။ ဒါပေမယ့် ဗမာလူထုကြီးကိုစော်ကားနေတာကို ဘာမှမလုပ်ဘဲ ဒီအတိုင်း ဘေးက ရပ်ကြည့်မနေနိုင်ဘူး။ လူတစ်စု၊ လူတစ်ဦး အကျိုး စီးပွားအတွက် ဗမာပြည်ကြီး ပရမ်းပတာဖြစ်သွားမှာကိုလက်ပိုက်ကြည့်မနေနိုင်ဘူး။

 

ဗိုလ်ချုပ်၏ ဆောင်းပါးတွင်ပါရှိသော အချက်အလက်များ၊ သဘောထားများအတိုင်း ၁၉၄၇ ခုနှစ် ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်)နေ့ ညတွင် ဗိုလ်ချုပ်က မြန်မာနှစ်သစ်ကူးမိန့်ခွန်းအဖြစ် အသံလွှင့်ရုံမှ တိုင်းပြည်သို့ ထုတ်လွှင့်ပြောကြားခဲ့ပေသည်။ ။

 

လင်းအေး