မင်းဘူး ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဝက်သည်ကန်မှရရှိသော ကြာရိုးများမှ တစ်ဆင့် ထွက်ရှိသည့် ကြာချည်များမှာ ယနေ့ထိတိုင် ဈေးကွက်တွင် ဈေးကောင်းရရှိနေပြီး ကြာချည်အခြောက် တစ်ပိဿာလျှင် ငွေကျပ်လေးသိန်းအထိ ပေါက်ဈေးရှိကြောင်း စလင်းမြို့ ကြာချည်ထုတ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
စလင်းမြို့၌ ကြာချည်ထုတ်လုပ်ငန်းကို အင်းလေးဒေသမှ နည်းပညာများ သွားရောက်လေ့လာ သင်ယူ၍ ၂၀၀၉ ခုနှစ်မှ စတင်ကာ စလင်းမြို့ဝက်သည်းကန်ကို အမှီပြု၍ အနီးနားတွင် နေထိုင်ကြသော ကျေးရွာမှ ဒေသခံပြည်သူများက မြန်မာ့ရိုးရာလက်မှုပညာကို ဖော်ညွှန်း လုပ်ကိုင်ရင်း ယနေ့အထိ လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။
ကြာချည်ထုတ်လုပ်ရန် အဓိကကုန်ကြမ်းကြာရိုးများကို စလင်းမြို့ ဝက်သည်းကန်အတွင်းမှ မိမိတို့သတ်မှတ်ထားသော နယ်နိမိတ်ဧရိယာအတွင်း၌ လုပ်သားများဖြင့်နှုတ်ယူရပြီး ကြာရိုးတစ်ရိုး ၏အရှည်မှာ ၇ ပေဝန်းကျင်အထိရှိကြောင်း၊ ကြာရိုးနှုတ်လုပ်သားတစ်ဦးလျှင် တစ်မနက်ကို ကြာရိုးအထုံး ငါးထုံးမှ ခြောက်ထုံးအထိရရှိပြီး ကြာထုံးတစ်ထုံးကို ကြာနှုတ်ခ ငွေကျပ် ၁၂၀၀ ဝန်းကျင်ရရှိကာ တစ်ရက်လုပ်အားခ ငွေကျပ် ၆၀၀၀ ကျော်အထိရရှိကြောင်း ကြာချည်နှုတ်သူ များထံမှ သိရသည်။
ထိုသို့ရရှိလာသော ကြာရိုးများကို ခါးလည်မှပိုင်းဖြတ်ကာ ကြာရိုးကို အရင်းနှင့်အဖျား ပေါင်းစပ်၍ ကြာချည်ဆွဲရကြောင်း၊ ကြာထုံးအကြီးအသေးပေါ်မူတည်၍ ကြာချည်ဆွဲချိန် ၁ နာရီခွဲ့ခန့် ကြာမြင့်ပြီး ကြာထုံးတစ်ထုံးလျှင် ကြာချည်တစ်ကျပ်ခွဲ သားခန့်ထွက်ရှိကာ ချည်ဆွဲလုပ်အားခ ကြာချည်အခြောက် တစ်ကျပ်သားကို ငွေကျပ် ၁၃၀၀ ဝန်းကျင်ရရှိကြောင်း၊ ကြာချည်ဆွဲသူ အမျိုးသမီးများမှ မိမိတို့လုပ်အားအပေါ် မူတည်၍ တစ်ရက်လျှင် ကြာချည်အခြောက် သုံးကျပ်သားမှ လေးကျပ်သားအထိ ကြာချည်ဆွဲနိုင်ကြောင်း စလင်းမြို့နယ်၊ ရှမ်းရွာကုန်းကျေးရွာမှ ကြာချည်ဆွဲ လုပ်ကိုင်သူ မဖြူဖွေးက ပြောသည်။
“ကြာချည်ထုတ် လုပ်ငန်းရှင်များအနေဖြင့် တစ်ရက်ကို ကြာချည်အခြောက် ၂၅ ကျပ်သားမှ ၃၀ ကျပ်သားအထိရရှိပြီး ကြာချည်အခြောက် (ကုန်ကြမ်း)ရရှိရန် ချည်ဆွဲ၍ ရရှိလာသော ကြာချည် အစိုများကို ရစ်ဘီးတွင်ရစ်၍ (နေလှန်း၍ အခြောက်ခံ မထားရဘဲ) အရိပ်ထဲတွင် တစ်ညခန့် လေသလပ်အောင် အခြောက်ခံထားရကြောင်း၊ တစ်လလျှင် ကြာချည်အခြောက် ပိဿာချိန် ၃ ပိဿာမှ ၆ ပိဿာအထိ ရရှိကြောင်း၊ ရရှိလာသော ကြာချည်ကုန်ကြမ်းများကို အင်းလေးဒေသသို့ ပိဿာချိန်ဖြင့် တင်ပို့ရောင်းချရပြီး ကြာချည်အခြောက် တစ်ပိဿာကို ငွေကျပ် ၄၀၀,၀၀၀ (လေးသိန်း) အထိရရှိကြောင်း၊ စလင်းမြို့နယ် ဝက်သည်းကန်မှထွက်ရှိသော ကြာရိုးကို ကြာချည် ကုန်ကြမ်းများအဖြစ်သာ ထုတ်လုပ်ကြပြီး ကြာရွက်ကို ဈေးများတွင် အသားငါး၊ ဟင်းသီးဟင်းရွက်၊ ပန်း စသည်ဖြင့် ထုတ်ပိုးမှုအဖြစ် သုံးစွဲရောင်းချကြောင်း၊ ယခုအခါ နည်းပညာများ တိုးတက်လာ သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိမိတို့ဒေသတွင် ကြာချည်များကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း” မြထည်ဝါ ကြာချည်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ဦးသောင်းစိန်က ရှင်းပြသည်။
စလင်းမြို့ ဝက်သည်းကန်မှ ရရှိလာသော ကြာချည်များကို ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ်၍ အင်းလေးဒေသသို့ တင်ပို့ရောင်းချကာ ၎င်းကြာချည်အခြောက် ကုန်ကြမ်းများကို အင်းလေး ဒေသတွင် ယက်ကန်းနှင့် နည်းပညာများကို အသုံးပြု၍ ကြာသင်္ကန်း၊ ကြာပုဝါ၊ ကြာပိုက်ဆံအိတ်၊ ကြာဦးထုပ်၊ ကြာအဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ကုန်ချောအဖြစ် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)