တစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းမှသည် စက်မှုလုပ်ငန်းဆီသို့ ဦးတည်ဆောင်ရွက်နေသည့် စလင်းမြို့ ဝက်သည်းကန်မှ ထွက်ရှိသော ကြာချည်ထုတ်လုပ်ငန်း  

 

မောင်မောင်(မင်းဘူး)

 

စလင်းမြို့ ဝက်သည်းကန်အတွင်း သဘာဝ အတိုင်းပေါက်ရောက်နေသော ကြာပင်၊ ကြာပန်း များသည် အလှတရားများစွာဖြင့် ယနေ့ထိတိုင် တည်ရှိနေပြီး ဒေသခံပြည်သူများအတွက် စားဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပုံဖော်ပေးနေသည့် “ဟင်းအိုးကြီးသဖွယ်” တည်ရှိနေသည်။

 

စိတ်အပန်းဖြေလည်ပတ်သွားလာစရာ  အထင်ကရနေရာတစ်ခု

 

ဝက်သည်းကန်သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် တည်ရှိပြီး လူသိများ ထင်ရှားကာ ပြည်တွင်း/ ပြည်ပခရီးသွားပြည်သူများအတွက် စိတ်အပန်းဖြေလည်ပတ်သွားလာစရာ  အထင်ကရနေရာတစ်ခုဖြစ်သည့်အပြင် တန်ခိုးကြီးဘုရားများ၊ ဗိုလ်ဥတ္တမခံတပ်နှင့် စလင်းရုပ်စုံကျောင်းစသည့် ရှေးဟောင်းသာသနိကအဆောက်အအုံ များစွာတည်ရှိသော မြို့လည်းဖြစ်သည်။

 

စလင်းမြို့ရှိ ဝက်သည်းကန်ကို နရပတိစည်သူမင်းကြီး၏ကိုယ်လုပ်တော် ရှင်စောဝက ခရစ်နှစ် ၁၁၉၄ ခု ကောဇာသက္ကရာဇ် ၅၅၆ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီး ကန်၏မူလဧရိယာ အကျယ်အဝန်းမှာ ၁ ဒသမ ၇ စတုရန်းမိုင် (၁၀၈၈ ဧက) ကျယ်ဝန်းကြောင်း၊ ယခုလက်ရှိတွင် ကန်၏အကျယ်အဝန်းမှာ ဧက ၅၃၀ နှင့် ရေပြင်၏ အကျယ်ဧရိယာမှာ ဧက ၃၅၀ စုစုပေါင်း ဧက ၈၈၀ ရှိပြီး ၎င်းကန်ကို သားငှက် ဘေးမဲ့ကြိုးဝိုင်းအဖြစ် ၁၉၅၃ ခုနှစ်မှ စတင် သတ်မှတ်ခဲ့ကြောင်း လေ့လာမှတ်သားခဲ့ဖူးသည်။

 

“မြို့စလင်းရဲ့ ဝက်သည်းကန်” ကို အမှီပြုပြီး အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသောကျေးရွာများရှိ ဒေသခံပြည်သူများက ကန်အတွင်း၌ သဘာဝအတိုင်း ပေါက်ရောက်နေသော ကြာပင်များမှ ကြာရိုးများကို အသုံးပြုကာ မိမိတို့တတ်မြောက်ထားသော လက်မှုပညာဖြင့်ပေါင်းစပ်၍ ကြာချည် ဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်နိုင်သည့် ကြာချည်ထုတ်လုပ်ငန်းအား တစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းမှသည် စက်မှုလုပ်ငန်းဆီသို့ ဦးတည်ပြီး ယနေ့ထိတိုင် ကြိုးစားလုပ်ကိုင်နေကြသည်ကို မြင်တွေ့ရသည်။

 

ယခင်က စလင်းမြို့၌ ကြာချည်ထုတ်လုပ်ငန်း လုပ်ကိုင်သူမရှိသလောက်နည်းပါးပြီး ကန်အတွင်း ပေါက်ရောက်နေသောကြာများကို ပန်းအဖြစ် ခူးရောင်းခြင်း၊ ကြာရွက်ကို ဖက်(ကြာဖက်)အဖြစ် အသုံးပြုရန် ခူးရောင်းခြင်းများသာ အများစုလုပ်ကိုင် ကြသည်။ တိုးတက်လာသော ခေတ်စနစ်များနှင့် အညီ လေ့လာအားကောင်းသော ဒေသခံပြည်သူများက အင်းလေးဒေသတွင် ကြာရိုးမှတစ်ဆင့် ကြာချည်အဖြစ် ထုတ်လုပ်၍ရသည်ကို သိရှိလာကြပြီးနောက် ကြာချည်ထုတ်လုပ်ငန်းကို စတင် လုပ်ကိုင်ရန် ၂၀၀၉ ခုနှစ်က အင်းလေးဒေသသို့ သွားရောက်ပြီး ကြာချည်ထုတ်နည်းပညာရပ်အား လေ့လာသင်ယူခဲ့ကာ ယနေ့ထိတိုင် ကြာချည်ထုတ်လုပ်ငန်းကို မြန်မာ့ရိုးရာလက်မှုပညာအား ဖော်ညွှန်းရင်း လုပ်ကိုင်ဆောင်ရွက်လာကြသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ပခုက္ကူမြို့ရှိ စက်ရက်ကန်း သင်တန်းကျောင်းသို့ သွားရောက် လေ့လာသင်ယူခဲ့ကြောင်း မြထည်ဝါကြာချည်ထုတ် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

ထိုအချိန်မှစတင်ကာ ဒေသခံပြည်သူများက ကြာချည်ထုတ်လုပ်ငန်းကို ယနေ့အထိ အိမ်တွင်း လက်မှုလုပ်ငန်းတစ်ရပ်အဖြစ် စီးပွားဖြစ်လုပ်ကိုင် သူများရှိသလို တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူများလည်း အများအပြားရှိကြောင်း သိရသည်။

 

အဓိကကုန်ကြမ်းမှာ ကြာရိုး

 

ကြာချည်ထုတ်လုပ်ရန် အဓိကကုန်ကြမ်းမှာ ကြာရိုးဖြစ်ပြီး ကြာရိုးများကို စလင်းမြို့ ဝက်သည်း ကန်မှနုတ်ယူ၍ ကြာချည်အဖြစ် ထုတ်လုပ်ကြကြောင်း၊ ကြာချည်အဖြစ်ရရှိရန် ကုန်ကြမ်းကြာရိုး များကို ဝက်သည်းကန်အတွင်း လုပ်သားများဖြင့် နုတ်ယူရပြီး ကြာရိုးအရှည်မှာ ခုနစ်ပေဝန်းကျင် အထိရှိကြောင်း၊ ကြာရိုးနုတ်လုပ်သားတစ်ဦးလျှင် တစ်မနက်ကို ကြာရိုးအထုံး ငါးထုံးမှ ခြောက်ထုံး အထိ ရရှိပြီး ကြာထုံးတစ်ထုံးကို ငွေကျပ် ၁၂၀၀ ဝန်းကျင်ရရှိရာ ကြာရိုးနုတ်လုပ်သားတစ်ဦးလျှင် တစ်ရက်လုပ်အားခ ငွေကျပ် ၆၀၀၀ နှင့် အထက် ရရှိကြောင်းသိရသည်။

 

နုတ်ယူရရှိလာသော ကြာရိုးများကို ကြာချည်ထုတ်လုပ်ငန်း လုပ်ကိုင်သူများထံ ရောင်းချကြသလို ကိုယ်ပိုင်လက်မှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူများလည်းရှိကြောင်း၊ ကြာရိုးတစ်ရိုး ဖြစ်တည်ရန် ကြာရွက်မှ အတက်ထွက်ခါစအချိန် ၁၅ ရက်ခန့် ကြာမြင့်ပြီး ကြာရိုးတစ်နေရာ နုတ်ယူ ပြီးလျှင် နေရာပြောင်း၍ နုတ်ယူရကာ နောက်ထပ် ၁၅ ရက်ကြာမှ ထိုနေရာတွင် ပြန်လည်နုတ်ယူရ ကြောင်း ကြာရိုးနုတ်သူတစ်ဦးထံမှ သိရသည်။

 

ထိုသို့ရရှိလာသော ကြာရိုးများကို ခါးလယ်မှ ပိုင်းဖြတ်ကာ ကြာရိုးကို အရင်းနှင့်အဖျား ပေါင်းစပ်၍ လက်လေးလုံးတစ်ဖြတ် တံဇဉ်နှင့် ထပ်မံပိုင်းဖြတ်ပြီး အမျှင်ထွက်သည်အထိ ကြာချည်ဆွဲရကြောင်း၊ ကြာထုံးအကြီးအသေးပေါ် မူတည်၍ ကြာထုံးတစ်ထုံးလျှင် ကြာချည်တစ်ကျပ်ခွဲသားခန့် ထွက်ရှိပြီး ကြာထုံးတစ်ထုံး ချည်ဆွဲပြီးရန် အချိန်အားဖြင့် တစ်နာရီခွဲခန့် ကြာမြင့်ကြောင်း၊ ကြာချည်ဆွဲလျှင် ချည်ဆွဲလုပ်အားခ ကြာချည်အခြောက် တစ်ကျပ်သားကို ငွေကျပ် ၁၃၀၀ ဝန်းကျင်ရရှိပြီး ကြာချည် ဆွဲသူအမျိုးသမီးများက မိမိတို့လုပ်အားအပေါ်မူတည်၍ တစ်ရက်လျှင် ကြာချည်အခြောက် လေးကျပ်သားမငါးကျပ်သားအထိ ကြာချည်ဆွဲနိုင်ကြောင်းသိရသည်။

 

စလင်းမြို့နယ် ရှမ်းရွာကုန်းကျေးရွာမှ ကြာချည် ဆွဲလုပ်ကိုင်သူ မဖြူဖွေးက “ကျွန်မ ကြာချည်ဆွဲတာ ခုနစ်နှစ်လောက်ရှိပြီ။ နွေနဲ့မိုးမှာဆိုရင် ကြာချည်က ဝိတ်စီးတော့ တစ်ရက်ချည်ဆွဲခ ဒီထက်ပိုရတယ်။ ခုရက်ပိုင်း(ဆောင်းတွင်း) ကြာချည်ဝိတ်က အချိန် သိပ်မစီးတော့ တစ်ရက်ကို နှစ်ကျပ်သား၊ သုံး ကျပ်သားလောက်ပဲပြီးတယ်။ လုပ်အားခအနေနဲ့က သုံးကျပ်သားဆို ငွေကျပ် ၄၅၀၀၊ ၅၀၀၀ ဝန်းကျင် လောက်ရတယ်။ မိသားစုနဲ့ အိုးမကွာအိမ်မကွာ လုပ်ကိုင်ရတော့ အိမ်အတွက် တစ်ဖက်တစ်လမ်း ကနေ မိသားစုအပိုဝင်ငွေရရှိတာပေါ့”ဟု ပြောသည်။

 

ကြာချည်အခြောက်(ကုန်ကြမ်း)ရရှိရန် ချည်ဆွဲ၍ ရရှိလာသော ကြာချည်အစိုများအား ရစ်ဘီးတွင် ရစ်၍ (နေလှန်း၍ အခြောက်ခံမထားရဘဲ) အရိပ်ထဲတွင် တစ်ညခန့် လေသလပ်အောင် အခြောက်ခံထား ရကြောင်း၊ ကြာချည်ထုတ်လုပ်ငန်းရှင်များအနေ ဖြင့် တစ်ရက်ကို ကြာချည်အခြောက် ၂၅ ကျပ်သား မှ ၃၀ ကျပ်သားအထိရရှိပြီး တစ်လလျှင် ကြာချည် အခြောက် ပိဿာချိန် သုံးပိဿာမှ ခြောက်ပိဿာ အထိရရှိကြောင်း၊ ရရှိလာသော ကြာချည်ကုန်ကြမ်း များကို အင်းလေးဒေသသို့ ပိဿာချိန်ဖြင့် တင်ပို့ ရောင်းချရပြီး ကြာချည်အခြောက်တစ်ပိဿာကို ငွေကျပ် ၄၀၀၀၀၀ (လေးသိန်း) အထိ ရရှိကြောင်း မြထည်ဝါကြာချည်ထုတ် လုပ်ငန်းလုပ်ကိုင်သူ ဦးသောင်းစိန်က ပြောသည်။

 

mdn

 

ရက်ကန်းနှင့် နည်းပညာများ

 

စလင်းမြို့ ဝက်သည်းကန်မှ ရရှိလာသော ကြာချည်များကို ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ် နိုင်ပြီး ကြာချည်အခြောက်ကုန်ကြမ်းများကို အင်းလေးဒေသတွင် ရက်ကန်းနှင့် နည်းပညာများကို အသုံးပြု၍ ကြာသင်္ကန်း၊ ကြာပဝါ၊ ကြာပိုက်ဆံ အိတ်၊ ကြာဦးထုပ်၊ ကြာအဝတ်အထည်နှင့် လူသုံး ကုန်ပစ္စည်းအမျိုးမျိုးကို ကုန်ချောအဖြစ် ထုတ်လုပ် ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။

 

စလင်းမြို့နယ် ဝက်သည်းကန်မှ ထွက်ရှိသော ကြာရိုးများကို ကြာချည်ကုန်ကြမ်းအဖြစ် ထုတ်လုပ် ကြပြီး ကြာရွက်ကို ဈေးများတွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ပန်း စသည်ဖြင့် ထုပ်ပိုးမှုအဖြစ် သုံးစွဲရောင်းချကြကြောင်း၊ ယခုအခါ နည်းပညာများ တိုးတက်လာသည့်အတွက် ဒေသခံပြည်သူများ အနေဖြင့် မိမိတို့ဒေသတွင် ကြာချည်ကို ကုန်ချော အဖြစ်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြထည်ဝါကြာချည်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ဦးသောင်းစိန်က ပြောသည်။

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဒေသအတွင်း၌ တစ်ပိုင်တစ်နိုင် အသေးစား၊ အလတ်စား စက်မှု/လက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

 

ယခုအခါ စလင်းမြို့မှ ကြာချည်ထုတ်လုပ်ငန်းသည် ကုန်ကြမ်းအဆင့်သာ ထုတ်လုပ်နိုင်ပြီး ကုန်ချောအဖြစ် အဆင့်မြှင့်တင် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကြာချည်ထုတ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကြသူများအား စနစ်တကျ ပြန်လည်စိစစ်သုံးသပ်၍ အလေးထားပြီး ပံ့ပိုးကူညီ ပေးနိုင်မည်ဆိုပါက ဒေသခံပြည်သူများအတွက် များစွာအကျိုးဖြစ်ထွန်းစေမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ကြာချည်ထုတ်ကုန်များကိုလည်း ယခုထက် ပိုမိုအရည်အသွေး ကောင်းမွန်အောင် ထုတ်လုပ်နိုင်ပြီး ကြာချည်ကုန်ချော ထုတ်ကုန်များအထိပါ လုပ်ကိုင်ဆောင်ရွက်လာနိုင်မည် ဖြစ်ပေသည်။

 

သို့မှသာ ဒေသအတွင်း အသေးစား၊ အလတ်စားနှင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်နေသူများ အနေဖြင့် လက်မှုလုပ်ငန်းများမှသည် စက်မှုလုပ်ငန်းများဆီသို့ ခေတ်စနစ်နှင့်အညီ တိုးတက် ပြောင်းလဲ လုပ်ကိုင်လာနိုင်မည်ဖြစ်ကာ မိမိတို့ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။