ရန်ကုန် ၁၂ ဖေဖော်ဝါရီ
၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သြစတြေးလျနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ပထမဆုံး ခြေစမ်းပွဲအဖြစ် ယနေ့ ညနေပိုင်းက သြစတြေးလျကလပ် ဘရစ္စဘိန်းရိုအာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ခြောက်ဂိုးပြတ် အနိုင်ရခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် အမာခံကစားသမားအများစုကို အခြေခံကာ အရန်ကစားသမားအချို့နှင့် တွဲဖက်ပွဲထုတ်ခဲ့ပြီး ခြေအသာဖြင့်ကစားကာ ဂိုးဒါဇင်ဝက်သွင်းယူနိုင်ခဲ့သည်။ မြန်မာ ယူ-၁၆ အသင်း၏ ခြေစွမ်းမှာ အကောင်းဆုံးအနေအထားရှိနေပြီး တိုက်စစ်မှူးမြတ်နိုးခင်၏ ဟက်ထရစ်အပါအဝင် ဂိုးပြတ်အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။
ယင်းခြေစမ်းပွဲကို မိနစ် ၃၀ သုံးပိုင်းခွဲ၍ ကျင်းပခဲ့ပြီး တတိယပိုင်းတွင် ဂိုးသွင်းနိုင်ခြင်းမရှိသော်လည်း ပထမပိုင်းတွင် သုံးဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုးသွင်းယူခဲ့သည်။ မြန်မာ ယူ-၁၆ အမျိုးသမီး အသင်းအတွက် အနိုင်ဂိုးများကို မြတ်နိုးခင်က သုံးဂိုး၊ ရွှေဇင်မင်း၊ ဂျူလိုင်ချာနှင့် ဆုပြည့်ပြည့်ကျော်တို့က တစ်ဂိုးစီသွင်းယူခဲ့သည်။ ယင်းခြေစမ်းပွဲကို မူလက ဘရစ္စဘိန်းရိုအာ စီနီယာအသင်းယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း လူငယ်အသင်းနှင့် ပြောင်းလဲကစားခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ဒုတိယပွဲအဖြစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် မက်တီဒက်စ်လူငယ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်ရှိုင်း
ဓာတ်ပုံ- MFF