ရန်ကုန် ၁၂ ဖေဖော်ဝါရီ

 

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ မဲခွဲပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲတွင် MNL ၌ ယှဉ်ပြိုင်နေသည့် အသင်း ၁၂ သင်း၊ MNL-2 (ပထမတန်း)၌ ယှဉ်ပြိုင်နေသည့် အသင်းရှစ်သင်း၊ စုစုပေါင်း ၂၀ ဖြင့် ကျင်းပမည်ဖြစ်သည်။ 

 

ပြိုင်ပွဲကို ယခင်နှစ်များအတိုင်း ပထမအဆင့်၊ ဒုတိယအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

 

ပထမအဆင့်တွင် ပထမတန်းမှ အသင်းများဖြင့် စတင်မည်ဖြစ်ပြီး ၂၀၁၈ ရာသီတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် ရန်ကုန်နှင့် ဟံသာဝတီအသင်းတို့မှာ ကွာတားဖိုင်နယ်အဆင့်မှ စတင်ကစားရမည်ဖြစ်သည်။ 

 

MNL ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် ရန်ကုန်၊ ရှမ်းယူနိုက်တက်၊ ဟံသာဝတီ၊ ဇွဲကပင်၊ ရတနာပုံ၊ မကွေး၊ ရခိုင်၊ Southern၊ ဧရာဝတီ၊ စစ်ကိုင်း၊ ဒဂုံနှင့် Chinland အသင်း၊ MNL-2 ပြိုင်ပွဲယှဉ်ပြိုင်နေသည့် ချင်းယူနိုက်တက်၊ မြဝတီ၊ အား/ကာသိပ္ပံ၊ ကချင်ယူနိုက်တက်၊ မောရဝတီ၊ ရွိုင်ရယ်သန်လျင်၊ တက္ကသိုလ်နှင့် ငွေကြယ်ပွင့်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 

ပထမအဆင့်ပွဲစဉ်များကို မတ် ၁၂၊ ၁၃၊ ၁၄ ရက်၊ ဒုတိယအဆင့်ပွဲစဉ်များကို မေ ၁၊ ၈ ရက်၊ ကွာတားဖိုင်နယ်ပွဲစဉ်များကို မေ ၁၈၊ ၁၉ ရက်၊ ဆီမီးဖိုင်နယ် ပထမအကျော့ကို မေ ၂၅၊ ၂၆ ရက်၊ ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဇွန် ၁၊ ၂ ရက်၊ ဗိုလ်လုပွဲကို စက်တင်ဘာ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၅ ရာသီမှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့သည်။ ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်မှလွဲ၍ ကျန်နှစ်များတွင် နှစ်စဉ်ကျင်းပခဲ့ပြီး ၂၀၁၀ ရာသီတွင် ဥဿာယူနိုက်တက် (ယခု ဟံသာဝတီ)၊ ၂၀၁၁ ရာသီတွင် ရန်ကုန်၊ ၂၀၁၂၊ ၂၀၁၄၊ ၂၀၁၅ ရာသီတွင် ဧရာဝတီ၊ ၂၀၁၆ ရာသီတွင် မကွေး၊ ၂၀၁၇ ရာသီတွင် ရှမ်းယူနိုက်တက်၊ ၂၀၁၈ ရာသီတွင် ရန်ကုန်အသင်းတို့ ဗိုလ်စွဲထားကြောင်း သိရသည်။

 

သတင်း - ညီမြတ်သော်တာ 
ဓာတ်ပုံ - စိုးညွန့်