အန်ကယ်ပညာ
ကျွန်တော်တို့အား အခြားသူတစ်ဦးဦးက ခေါင်းရိတ်ပေးလျှင် အင်မတန်ညင်သာ၏။ ကျွန်တော်တို့ဖေဖေကား ဓားမထက်တထက်ကို ကောင်းကောင်းမသွေးဘဲ အတင်း တွန်းချ၍ရိတ်၏။ အထူးပင် ခေါင်းရေနာ၏။ ကျွန်တော်တို့သည် ၎င်းခေါင်းရိတ်မည့်အခါကို ရွံ့၏။ တွန့်၏။ သို့သော်ခေါင်းရိတ်သည့်အခါတိုင်း ကျွန်တော့်အစ်ကိုကား အမြဲငို၏။ ငိုတိုင်း ခေါင်းပုတ်ခံရ၏။ ကျွန်တော်ကား မငို။ ကျိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ်လွတ်၏။
အသက် ၁၀ နှစ်ခန့်အထိ အနာရောဂါနှင့်ကင်းသည်ဟူ၍မရှိ။ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ဖူး၏။ ဝဲနာအကြီးအကျယ် သုံးလကျော်စွဲဖူး၏။ ထိုအခါ ကျွန်တော်သည် ဘယ်တော့များမှ ငါ ကျန်းကျန်းမာမာ အမြဲနေရပါ မည်နည်းဟု တမ်းတမိ၏။
ကျွန်တော် ရန်မဖြစ်တတ်။ သို့သော် ကျွန်တော်သည် သတ္တိထူးချွန်သူဟု မဆိုနိုင်။ ငယ်ငယ်က သရဲတ္ဆေ အလွန်ကြောက်တတ်သည်။ ရန်ဖြစ်ခဲ၏။ ကျွန်တော့်အစ်ကိုကား ရန်ခဏခဏဖြစ်၏။ ဦးအောင်ရိုက်နှက်၍ အိမ်ပြေး လာခဲ့၏။ သို့နှင့် မကြာခဏအတိုင်ခံရ၍ မိဘများ အရိုက်ခံရ၏။ ကျွန်တော်ကား ဤသို့မဖြစ်ဖူး။ တစ်ခါသာ ရန်အကြီးအကျယ်ဖြစ်ဖူး၏။ ထိုအခါ လူချင်း ထိုးသတ်ပုတ်ချိန်၌ကား ကျွန်တော်က နိုင်၏။ လူချင်းဖျန်ဖြေသည့်အခါ မရှောင်မတိမ်း ထုံပေပေနေသဖြင့် ခုံဖိနပ်နှင့်အပေါက်ခံရ၍ ခေါင်းပေါက်ဖူး၏။ ထိုအခါမှ ကျွန်တော်၏ ရန်ဖြစ်ဘက်ကိုလိုက်လေရာ ခေါင်းမူး၍မမီ။ ထိုးလိုက်သည့်အချိန်ကား သတ္တိကောင်းပါ၏။ ခေါင်းမူးလာ၍ ခေါင်းစမ်းကြည့်၍ သွေးတွေမြင်သဖြင့် ခေါင်းပေါက်မှန်း သိသောအခါ ကျွန်တော်ငိုလေတော့သည်။ သတ္တိခေသွားလေတော့သည်။
ရှစ်နှစ်ထဲရောက်မှ ကျောင်းစနေ
ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင်လူရောစိတ်ပါ ပျော့ပျောင်းသည်ဆိုသည့် အချက်ကိုနားမလည်ခဲ့၊ နားလည်ရန်လည်း မကြိုးစားခဲ့။ ကြိုးလည်း မကြိုးစားချင်။ ကျွန်တော်ကား စကားအပြောအဆို မဖွယ်မယဉ်ကျေး။ အသက် ရှစ်နှစ်ထဲရောက်မှ ကျောင်း စနေသည့်အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်။ အမူအရာလည်းကြမ်း၏။ အလိုက်လည်းမသိ၊ ညစ်လည်းညစ်ပတ်သည်။ ကိုယ့်စည်းကမ်း ဟူ၍လည်း တစ်ခုမျှမရှိ။ အသက် လေး၊ ငါး၊ ခြောက်နှစ်တိုင်အောင် ညအိပ်ရာတွင် သေးပါ၏။
မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချော မိန်းကလေးရှိသော အသိအိမ်တွင် တည်းခိုကြသည်။ လူပျိုပေါက်စဖြစ်သော ကျွန်တော့်မှာ သူစိမ်းတစ်ရံဆံအိမ်တွင် မနေတတ်၊ အထူးရှက်တတ်သည်။ မိန်းကလေးနှင့်ဆိုလျှင် သာ၍ပင်ရှက်တတ်သည်။ ထို့ကြောင့် ထိုည အိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိ။ ညအိပ်သည့်အခါ မအောင့်နိုင်ဘဲ သေးပါလေသည်။ ကျွန်တော်လည်းပါပြီးမှသိလေသည်။ ဤမျှ ကျွန်တော်သည် မသိမ်မွေ့။
သူကား နု၏။ မင်းသားကျချင်၏။ ကျွန်တော်ကား ကြမ်း၏။ သူသည် အစားအသောက်၊ အနေအထိုင်မှစ၍ သပ်ရပ်၏။ အစားဆိုလည်း အစားတိုင်းမစား။ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည်မစားတော့။ ကျွန်တော်ကား ဖုတ်ဘက်ခါ၍ စားနိုင်လျှင်စား၏။ သူကား အဝတ်များကို သပ်သပ်ရပ်ရပ်ဝတ်တတ်၏။ ကျွန်တော်ကား မဝတ်တတ်။ မြန်မြန်ညစ်အောင် ဝတ်တတ်၏။ သူသည်မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမျှ တုံးလုံးမလှဲ၊ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကား ပါး၏၊ လျင်၏။ ကျွန်တော်ကား ထူ၏၊ အေး၏။
ဆိုင်းတီး အလွန်ဝါသနာပါ
ငယ်ငယ်တုန်းက အတီးအမှုတ်၊ အကအခုန်ဝါသနာ အတော်ပါ၏။ အထူးသဖြင့် ဆိုင်းတီးအလွန်ဝါသနာ ပါသည်။ စားပွဲဖြစ်စေ ခေါက်စရာတွေ့လျှင် လက်နှင့် အမြဲခေါက်လေ့ရှိရာ ကျွန်တော်၏လက်မှာ ယနေ့တိုင် အချိန်မှန်မှန် လက်ရေကွာကျလေသည်။ သို့သော် ကျွန်တော်အနည်းငယ် ကြီးပြင်းလာသည်နှင့် လူကြီးမိဘများက အတီးအမှုတ် ဝါသနာကို ခွင့်မပြု။ နဂိုမဟုတ်၍လားမသိ။ ယခု ဤစိတ်မျိုး ပျောက်ပျက်သလောက် ရှိခဲ့ပြီ။
ညီအစ်ကိုမောင်နှမများထဲတွင် ကျွန်တော် အငယ်ဆုံး ဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့အိမ် စံချိန်နှင့်ကြည့်လျှင် ကျွန်တော်အလိုလိုက်အခံရဆုံးဖြစ်၏။ အဆိုးဆုံးဟုလည်း အိမ်နီးနားချင်းပါမက ရွာနီးနားချင်းပါ အသိအမှတ်ပြု ခံရ၏။ ကျွန်တော်ငယ်ငယ်တုန်းက တော်တော်နှင့်စကား မပြောတတ်။ လူကြီးမိဘများမှာ အများပင်(အ)နေပလား ဟု စိုးရိမ်ခဲ့ရသည်ဟု သိရလေသည်။ အနာအဖျားထူသည်၊ အစားကြူးသည်၊ အမဲသား၊ ငါးကို အလွန်ကြိုက်သည်။ ကျွန်တော်၏ မိခင်ဈေးသွားဝယ်ရာ ရံဖန်ရံခါ ကျွန်တော့်ကိုချီ၍ သွားလေသည်။ တစ်ခါသော် အမဲသားစိမ်းကို အတင်းလု၍စားမည်ပြုသည်ဟု ကျွန်တော်ကြားသိရပေသည်။ လူရိုင်းဘဝက ကျွန်တော်လာသလားမသိ။
ကြမ်းတမ်းသော ကစားနည်းမျိုးကိုမှနှစ်သက်
ကျွန်တော်သည် ငယ်စဉ်က ချောင်တစ်ချောင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍နေသော်လည်း နေတတ်သည်။ ကလေးနှင့်မလိုက်၊ အများအားဖြင့် ဣနြေကြီးသည်။ ကစားခုန်စား များစွာမလေ့ကျင့်။ သို့သော် ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းမျိုးကိုမှ နှစ်သက်သည်။ တွတ်ထိုးခြင်း၊ ကျည်းသားရိုက်ခြင်း စသည်တို့ကို ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကို မကြိုက်။ ရွရွလုပ်ရသောအလုပ်ဆိုလျှင် ကျွန်တော်နှင့်မဖြစ်။ အချုပ်ဆိုလျှင်ကျွန်တော်၏ ကလေးဘဝမှာ ချီးမွမ်းစရာ အလွန်နည်း၏။ ကျွန်တော်တို့၏ မိဘကား ပစ္စည်းဥစ္စာအတော်အတန်ရှိ၍ ကြွေးရှင်၊ မြေရှင်ဖြစ်ရာ ဆ င်းရဲသား အများအပြားနှင့် ဆက်ဆံရလေသည်။ ကျွန်တော်တို့၏မိခင်မှာ ဓနရှင် ကလေးအတန်းအစားထဲတွင် သမာသမတ်ရှိ၍ စိတ်ကောင်း ရှိလေသည်။ သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများမဆပ်နိုင်၍ ကြိမ်းမောင်းသောအခါ ကျွန်တော် အထူးပင် စိတ်မကောင်းဖြစ်မိသည်။ ထိုအခါက ကျွန်တော်ကား ငွေတိုးကြီးစနစ်၏ ဆိုးရွားပုံကို မျက်ဝါးထင်ထင် တွေ့ခဲ့ရပေသည်။
ဒိုးတူပေါင်ဖက် ကူညီမှု
ကျွန်တော်၏ဖခင်သည် ကျွန်တော်နှင့်အမူအရာမှာ အတော်ဆင်သည်။ တစ်နေ့နေ၍ စကားတစ်ခွန်းမပြော၊ မျက်နှာထားဆိုး၏။ ဆိုးသည့်အထဲ ကျောက်ပေါက်မာများ လည်းရှိသည်။ လောကွတ်မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာ နေတတ်၏။ အကိုင်အတွယ်၊ အသွားအလာ၊ အမူအရာ ကြမ်း၏။ ငြင်းမိလျှင် လျှော့မပေးတတ်။ သို့သော် နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော။ ထို့ကြောင့် ရှေ့နေစာမေးပွဲ ဝင်ထားသော်လည်း ရှေ့နေလိုက်၍ စားသည်ကို ကျွန်တော်တို့မမှတ်မိ။ ယာလုပ်၊ ကုန်ကူး၊ ငွေချေး၍သာ စီးပွားဖြစ်သည်။ စီးပွားဖြစ်ခြင်းမှာလည်း ကျွန်တော်တို့မိခင်၏ ဒိုးတူပေါင်ဖက် ကူညီမှုကြောင့်ပင်ဖြစ်လေသည်။
ဆွေကြီးမျိုးကြီးမှ ပေါက်ဖွားသူ
ကျွန်တော်ကား ကြွားရမည်ဆိုလျှင် ဆွေကြီးမျိုးကြီးမ ှပေါက်ဖွားသူ ဖြစ်သည်။ ကျွန်တော်တို့ဘေးမှာ နတ်မောက်မြို့သူကြီးဖြစ်လေသည်။ စာတတ်သည်၊ ဉာဏ်ထက်သည်၊ လက်မြောက်သည်၊ စိတ်ထက်သည်ဟူ၍ ကြားနာဖူးသည်။ နာမည်ကျော် ဦးမင်းရောင် (ဗိုလ်လရောင်) မှာ ကျွန်တော်တို့ ဘေးကတော်၏ တူတော်သည်။ ဦးမင်းရောင်ကား လက်ရုံးအားကိုးဖြစ်သည်။ အမိုက်ဆုံးသူများကို တပည့်လုပ်ထားသည်။ ၎င်း၏တပည့်တစ်ယောက် (နာမည်ကား မမှတ်မိ) သည် ဇာတ်ပွဲများတွင် လူပြက်ပြက်သည့်အခါ အများရယ်တုန်း မရယ်၊ အများရယ်ပြီးမှ တစ်ယောက်တည်း ကျယ်လောင်စွာ အကြာကြီးရယ်တတ်သည်ဟုသိရသည်။ ဤသို့ အရွဲ့တိုက်ရယ်သည်ကို ဗိုလ်လရောင်တွေ့၍ အားရကာ ဆုချလေတော့သည်။
တစ်ခါလည်း ၎င်း၏တပည့်နှင့် ၎င်း၏ညီ သုံးမြို့ဝန် ဦးမင်းမောင်၏တပည့်တို့သည် ၎င်းတို့၏ဘွားအေ မယ်တော်ပျံတွင် လက်ဝှေ့ထိုးကြသည်။
ဦးမင်းရောင်၏ တပည့်ရှုံးသည်။ ညီဖြစ်သူဦးမင်းမောင်က သူ၏တပည့်နိုင်သဖြင့် ပဝါတစ်ပိုင်း ဆုချလေသည်။ ထိုအခါ ဗိုလ်လရောင်က မခံချင်၍ မိမိတပည့်ကိုရှုံးလျက်နှင့်ပင် ပုဆိုးတစ်ထည်ဆုချလေသည်။ တစ်ခါလည်း ကြက်သားစားလို၍ ညီဦးမင်းမောင်အား ကြက်အသတ်ခိုင်းလေသည်။ ဦးမင်းမောင်ကား ဗိုလ်လရောင်နှင့်မတူ လူပျော့ဖြစ်လေသည်။ စောင်းတီး၊ သီချင်းဆို တော်သည်။ စကားပြောချိုသာသည်။ အထက်လူကြီးများ၏ အချစ်တော်ဟု သိရသည်။ ဦးမင်းမောင် ကြက်မသတ်နိုင်။ ထို့ကြောင့်ဗိုလ်လရောင်က သူကိုယ်တိုင်သတ်၍ ချက်စားလေသည်။ ပိုသည့်ဟင်းကို ညီအားမကျွေးဘဲ ခွေးကျွေးပစ်သော ဟူ၏။ ဤကား ကျွန်တော်၏ အမျိုးအနွယ် သိသမျှပင်တည်း။
လူ့ပြည်သို့ ပထမဆုံးရောက်ရှိ
အချိန်ကား ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလဖြစ်၍ ပထမ ကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲပင် ဖြစ်ပေသည်။ ထိုနှစ်ဖေဖော်ဝါရီလ ၁၃ ရက် (၁၂၇၆ ခုနှစ် တပေါင်း လဆန်း ၁ ရက် စနေနေ့) လင်းအားကြီးအချိန်တွင် ကျွန်တော်သည်လူ့ပြည်သို့ ပထမဆုံးရောက်ရှိလာပေသည်။
အောင်ဆန်းဟု နာမည်တွင်
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကား နာမည်ကျော် နက္ခတ်ဗေဒင် ဆရာကြီးကိုင်ရို၏ ဟောပြောချက်အရဆိုလျှင် တိုင်းပြည်တစ်ပြည်၏ အစိုးရနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများ မွေးတတ်သောနေ့ဟု ပြောထားလေသည်။ ထိုနေ့တွင်မွေးသော ကျွန်တော်မှာ သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား မထင်ခဲ့ကြပေ။ ကျွန်တော်၏ ဇာတာနာမည်မှာ ထိန်လင်းဖြစ်လေသည်။ သို့သော် ကျွန်တော့်အထက် အစ်ကိုကိုအောင်သန်းနှင့် နာမည်လိုက်အောင် အောင်ဆန်းဟု နာမည်တွင်လေသည်။
စာဖတ်သူအနေဖြင့် အထက်တွင်ဖော်ပြခဲ့သမျှသော အကြောင်းအရာတို့ကို စကားချီးမခံဘဲ ဖော်ပြခဲ့သည်ဖြစ်၍ အစနှင့်အလယ်လောက်တွင် ဖတ်ရင်းနှင့် ဇဝေဇဝါဖြစ်နေလိမ့်မည် ထင်ပါသည်။ ထိုသို့ဇဝေဇဝါဖြစ်ရင်းနှင့်ပင် အကြောင်းအရာနှင့် အရေးအသားတို့တွင် နစ်မျောနေလိမ့်မည်ဟုလည်း ယုံကြည်မိပါသည်။ သို့ရာတွင် ဖော်ပြချက် အဆုံးပိုဒ်များသို့ ရောက်လာချိန်တွင်မူ မည်သူမည်ဝါ၏အကြောင်း၊ မည်သူကရေးသည်တို့ကို သဲကွဲစွာသိမြင်နိုင် မည်ဖြစ်ပါသည်။
ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသား
ထိုအကြောင်းအရာနှင့် အရေးအသားတို့မှာ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ် စစ်ဝန်ကြီးဘဝတွင် သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိကို သူကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်သည် သူ၏အတ္ထုပ္ပတ္တိကို အခန်း(၁)တွင် သူ့ဇာတိအကြောင်းနှင့် အခန်း (၂) တွင် ကျောင်းသားဘဝအကြောင်းဟူ၍ အခန်းနှစ်ခန်းသာ ရေးသားနိုင်ခဲ့ကြောင်း တွေ့ရပါသည်။ ဤသည်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက တည်းဖြတ်၍ “ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ” စာအုပ်တွင် ပုံနှိပ်ဖော်ပြခဲ့ပါသည်။ စာရေးသူဖော်ပြခဲ့သည်များမှာ အခန်း(၁) တွင်ဖော်ပြထားသည့် ဇာတိအကြောင်းအရာထဲမှ စာပိုဒ်အချို့ကို အစီအစဉ်တကျ မဟုတ်သော်လည်း မူရင်းရိုက်နှိပ်ထားသည့်အတိုင်း ပုဒ်ထီး၊ ပုဒ်မကအစ ၏၊ သည်၊ ၍မလွဲ ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်။
လက်ဆင့်ကမ်း မျှဝေပေးလို
ဤသို့ကူးယူဖော်ပြရခြင်းမှာလည်း အကြောင်းရှိပေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာ၊ နိုင်ငံရေးသုခမိန်နှင့် တပ်မတော်၏ ဖခင်ကြီးဖြစ်သည်နှင့်အညီ ဗိုလ်ချုပ်အကြောင်းနှင့်သက်ဆိုင်သည့် စာအုပ်၊ စာစောင်၊ မှတ်တမ်းတို့ကို အမြောက်အမြား ရေးသားပြုစုထားရှိကြသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်ပေသည်။ သို့ရာတွင် ဤသို့ ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားခဲ့သည့် ကိုယ်ရေး အတ္ထုပ္ပတ္တိမှာ နိုင်ငံသားအများစုနှင့် ကင်းကွာနေလိမ့်ဦးမည်ဟု ယူဆပါသည်။ ထို့အပြင် လူတစ်ဦး၏ ဘဝဖြစ်စဉ်တွင် ကလေးဘဝသည် အရိုးသားဆုံး၊ ချစ်စဖွယ်အကောင်း ဆုံးအသွင်သ္ဌာန်နှင့် အတွင်းသရုပ်တို့ စုဝေးရာဌာနဟု ထင်မြင်မိသည်လည်း ပါပေသည်။ သို့ဖြစ်၍ နိုင်ငံသားများအနေဖြင့် ဗိုလ်ချုပ်ကိုယ်တိုင် ရေးသားခဲ့သည့် အကြောင်းအရာနှင့် သူ၏အနုပညာ စွမ်းရည်တို့ကိုလေ့လာသိရှိ ဂုဏ်ယူနိုင်ကြစေရန်အတွက် လက်ဆင့်ကမ်း မျှဝေပေးလိုသည့် ရည်ရွယ်ရင်းသာ ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် စာရေး၊ စာဖတ် အလွန်ဝါသနာပါသလိုမြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာစလုံးတွင် အရေးရော၊ အပြောပါ ကျွမ်းကျင်နိုင်နင်းသူ ဖြစ်ပေသည်။ သူရေးသားခဲ့သည့် မြန်မာ၊ အင်္ဂလိပ်စာပေ လက်ရာများကို ထိုခေတ် ထိုအခါက ထုတ်ဝေသည့် ဂန္ထလောကမဂ္ဂဇင်း၊ သူရိယမဂ္ဂဇင်း၊ မျိုးညွန့်မဂ္ဂဇင်း၊ ဒဂုန်မဂ္ဂဇင်း၊ နဂါးနီစာစောင်နှင့် မန္တလေး သူရိယစာစောင်တို့တွင် ဖော်ပြခဲ့ကြောင်း သိရပေသည်။ ထို့အပြင် စာအုပ်၊ ဂျာနယ်နှင့် စာစောင်တို့တွင်လည်း ဥယျောဇဉ်၊ သဝဏ်လွှာ၊ မိတ်ဆက်စာတို့ကိုလည်း ရေးသားပေးခဲ့ပေသည်။
ဗိုလ်ချုပ်၏ ပထမဦးဆုံးကလောင်အမည်များမှာ “ပဲခူးကဝေ” ဖြစ်ပြီး ထိုအမည်ဖြင့် ဘာသာပြန် စာပေပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ဆုရရှိခဲ့ပါသည်။ ဆောင်းပါးများကို “အညာသားလေး” “အောင်ဆန်း” “သခင်အောင်ဆန်း”နှင့် “ဗိုလ်ချုပ်အောင်ဆန်း” ကလောင်အမည်တို့ဖြင့် ရေးသားခဲ့ပေသည်။ သူသည် စာပေနှင့်ပတ်သက်၍ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်တွင် နိုင်ငံရေးမှ အနားယူကာ စာရေးသည့်အလုပ်ကိုသာ ဇောက်ချ လုပ်ကိုင်ရန် ဆုံးဖြတ်ထားသူဖြစ်ပေသည်။
အချုပ်အားဖြင့်ဆိုရလျှင် စာရေးသူအနေဖြင့် လွတ်လပ်ရေး၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို စာပေသမားတစ်ယောက်အသွင်သာ မြင်တွေ့ရသည့် ရှုထောင့်မှ တင်ပြခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများမှာ မြန်မာနိုင်ငံလွတ်လပ်ရေး၊ တိုင်းရင်းသားပြည်သူများ စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်ကြီးပွား တိုးတက်ရေးတို့ကိုသာ ဦးတည်ခဲ့ခြင်းဖြစ်၍ မိမိ၏ရှုထောင့် အမြင်သည်လည်း ကျဉ်းလှသည်ဟုကား မဆိုသာပါပေ။ သို့ဖြစ်၍ ဗိုလ်ချုပ်ဦးတည်ခဲ့သည့် အချက်သုံးချက်ကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း တို့ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြပါစို့လို့ ရေးသားတိုက်တွန်းလိုက်ရပေသည်။ ။
ကြေးမုံ