မျိုးမင်းသိန်း(မရမ်းကုန်း)

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) က ကြီးမှူး၍၂၀၁၈ ခုနှစ်အတွင်း ရိုက်ကူးပြသခဲ့သည့် ရုပ်ရှင် ဇာတ်ကားများအနက်မှ ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား ၂၁ ကား ကို ရွေးချယ်ပြီး ယင်းဆန်ခါတင် ဇာတ်ကားများမှ ချီးမြှင့်မည့် Star Awards ဆု ၁၅ ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံတွင် ပထမအကြိမ်အဖြစ် ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အနုပညာက မီဒီယာလောကဖွံ့ ဖြိုးအောင်ဆောင်ရွက်ပေး

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်မိုး (ခ) ဦးသာဇော်က Star Awards ဆုပေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားရာ “ရွှေဘောလုံးဆု (Golden Globe) ဆိုရင် နိုင်ငံတကာမှာ ၁၉၄၄ ခုနှစ်ကတည်းက သတင်းဌာနပေါင်း ၉၃ ခုကနေ စုပြီးတော့ နိုင်ငံတကာရုပ်ရှင်တွေထဲက ထူးချွန်တဲ့သူကို ဆုပေးတာတွေရှိပါတယ်။ အနုပညာထွန်းကားခြင်းက မီဒီယာလောကကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးသလို မီဒီယာနဲ့ ဆက်နွှယ်နေတဲ့ ရုပ်ရှင်တိုးတက်မှုကိုလည်း ဝိုင်းဝန်းပေးရာရောက်တဲ့အတွက် အခုလိုပွဲလေးကို ရုပ်ရှင်အသိုင်းအဝိုင်း၊ မီဒီယာအသိုင်းအဝိုင်းတွေမှာ ဖြတ်သန်းမှု၊ လုပ်သက်အတွေ့အကြုံ ၁၅ နှစ်ထက်မနည်း ရင့်ကျက်တဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေနဲ့ Star Awards  ဆုရွေးချယ်ရေးကော်မတီကို ဖွဲ့စည်းထားတယ်။ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့ ပညာရှင်တွေ ပါဝင်ပါတယ် ဟု Star Awards ဆုရွေးချယ်ရေး ကော်မတီဝင် ပြန်ကြားရေးတာဝန်ခံ ဦးသာဇော်က ပြောသည်။

အကဲဖြတ်အမှတ်များဖြင့် ရွေးချယ်ချီးမြှင့်သွားမည်

အဆိုပါ Star Awards ဆုချီးမြှင့် ပွဲကို Stellar Seven Entertainment  မှ Organizer အဖြစ် MJA နှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ပြီး ဆုရွေးချယ်ရေးကော်မတီကို အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ ဆုရွေးချယ်ရာတွင် ဆန်ခါတင် ရုပ်ရှင်ဇာတ်ကားများအား တစ်ကားချင်း ကြည့်ရှုကာ ရုပ်ရှင်ပညာရှင်များ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ ဆုရွေးချယ်ရေး ကော်မတီဝင်များ၏ အကဲဖြတ်အမှတ်များဖြင့် ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း MJA မှ သိရသည်။

ထိုကဲ့သို့ ချီးမြှင့်သွားမည့် ဆု ၁၅ ဆု ကို ဆုကြေးအနေဖြင့် တစ်ဆုလျှင် ငွေကျပ်သိန်း ၅၀ ချီးမြှင့်သွားမည်ဖြစ်ရာ ဆုအမျိုး အစားများတွင် Honourable Award ဆု၊ Story Award ဆု၊ Best Picture Award ဆု၊ Director Award ဆု၊ Actor in the Leading Role Award ဆု၊ Actor in the Supporting Role Award ဆု၊ Actress in the Supporting Role Award ဆု ၊ PhotographerAward ဆု၊ Director of Photography Award  ဆု၊ Special Award ဆု၊ Popular Award ဆုနှင့် People's Choice Award ဆုတို့ပါဝင်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း (MJA) ကော်မတီအဖွဲ့ဝင်များထံမှ ထပ်မံသိရှိရသည်။

ပွဲတက်အနုပညာရှင်များအနက်မှ ထပ်မံရွေးချယ်မည်

Star Awards ဆုချီးမြှင့်ပွဲကို ရုပ်ရှင်အစည်းအရုံးမှ ပေးအပ်မည့် အကယ်ဒမီဆုချီးမြှင့်ပွဲပြီးမှသာ ပြုလုပ်သွားမည်ဖြစ်ပြီး ဆု ၁၅ ဆုအပြင် Stellar Seven Entertainment  မှလည်း ဆုချီးမြှင့်ပွဲနေ့တွင် ပွဲသို့တက်ရောက်လာသည့် အနုပညာရှင်များအနက်မှ ခမ်းနားစွာဝတ်ဆင်လာသည့် အမျိုးသား၊ အမျိုးသမီး အနုပညာရှင်တစ်ဦးစီနှင့် ပရိသတ်တစ်ဦးတို့ကို Best Dress  ဆု သုံးဆုအဖြစ် ထပ်မံရွေးချယ်ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးသာဇော်က ထပ်မံပြောကြားသည်။

ရုပ်ရှင်လောကသားများ၏ ထူးချွန်ပြောင်မြောက်သောစွမ်းဆောင်မှုများ အသိအမှတ်ပြု

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းအနေဖြင့် မြန်မာ့ ရုပ်ရှင်လောက တိုးတက်ရေး မြန်မာ့ရုပ်ရှင်လောကသားများ မျှော်လင့်ထားရမည့် ရုပ်ရှင်လောကသားများ၏ ထူးချွန် ပြောင်မြောက်သော စွမ်းဆောင်မှုများကို အသိအမှတ်ပြု အားပေးသည့်အနေဖြင့် MJA မှ ပထမအကြိမ်ပြုလုပ်သည့် Star Awards ဆုချီးမြှင့်ပွဲကို ၂၀၁၉ ခုနှစ် ဧပြီ ၅ ရက်၌ ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Event Part တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့အလင်း