မေသော်
LBVD အမှတ်တံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားသည့် ဝန်ထမ်းများ၊ ရွာသူ ရွာသားများ စုစည်းကာ တစ်အိမ်ဝင် တစ်အိမ်ထွက် တိရစ္ဆာန်ကာကွယ်ဆေးထိုးခြင်းဖြင့် အလုပ်များနေသည်။ တပ်ကုန်းမြို့ နွယ်ရစ်ကျေးရွာအုပ်စု ဇရပ်ကြီးကုန်းကျေးရွာတွင် မွေးမြူထားသည့် ကျွဲနွားများကို ခွာနာလျှာနာရောဂါကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကျွဲနွားများတွင် အဖြစ်များသည့် ခွာနာလျှာနာရောဂါ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။
“တောင်သူဆိုတာ ကျွဲနွားနဲ့ ကင်းလို့မရဘူး။ ဒီတော့ကျွဲနွားမွေးလျှင် ခွာနာလျှာနာ ဖြစ်မှာစိုးလို့ ဂရုစိုက်ရတယ်။ အဖြစ်များတယ်။ ပြီးတော့ ဂရုမစိုက်ရင် ကိုယ့်မွေးထားတဲ့ တိရစ္ဆာန်ဆုံးရှုံးမှုဖြစ်မယ်။ ဒါကြောင့် ကျွန်တော်တို့ ရွာမှာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကာကွယ်ဆေးထိုးလာရောက် ထိုးပေးတော့ ကိုယ့်တိရစ္ဆာန်အတွက် စိတ်အေး ရတာ ပေါ့” ဟု ဇရပ်ကြီးကုန်းကျေးရွာရှိ ဦးမြင့်မောင် က ပြောသည်။
မြို့နယ်ရှစ်မြို့နယ်တွင် ဆောင်ရွက်ပြီးစီး
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (Livestock Breeding and Veterinary Department- LBVD) ဝန်ထမ်းများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်ပါဝင်သည့် မြို့နယ်ရှစ်မြို့နယ်တွင် ခွာနာလျှာနာကာကွယ်ဆေး လွှမ်းခြုံမှုရရှိရန် ကာကွယ်ဆေးထိုးလုပ်ငန်းများကို အကောင်ထည် ဖော်ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
ထိုသို့ ကာကွယ်ဆေးလွှမ်းခြုံမှု ၇၀ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ခွာနာလျှာနာ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများဖြစ်သည့် ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ ကာကွယ်ဆေး ထိုးနှံထားသည့် တိရစ္ဆာန်များတွင် ရောဂါခုခံ ကာကွယ်နိုင်သည့် ပဋိပစ္စည်းထွက်ရှိမှုကို တိုင်းတာခြင်း၊ ပြည်သူလူထုအား အသိပညာပေးခြင်း၊ အသိပေးနှင့် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ တိရစ္ဆာန် ဖြတ်သန်းသွားလာမှုအား စစ်ဆေးခြင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ပတ်သက်သည့် ဇီဝ လုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံများ ချမှတ်ခြင်း များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
ခွာနာလျှာနာရောဂါ ထိန်းချုပ်ရေးလုပ်ငန်း အစပျိုးစီမံကိန်း
၂၀၂၁ ခုနှစ် ဇွန်လမှ စတင်ပြီး နေပြည်တော်ကောင်စီနယ်မြေ ခွာနာလျှာနာရောဂါ ထိန်းချုပ်ရေးလုပ်ငန်း အစပျိုးစီမံကိန်းအဖြစ် နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်တွင် အစပျိုးဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ် ရှစ်မြို့နယ်လုံးတွင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ခွာနာလျှာနာရောဂါ ကာကွယ်ဆေးထိုးနှံပြီး ပဋိပစ္စည်းထွက်ရှိမှု ၈၄ ရာခိုင်နှုန်းရှိသဖြင့် ပြည်ထောင်စုနယ်မြေအတွင်း ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်အတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းများ ကောင်းမွန်၍ ထိရောက်မှုရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။ ထို့အတူ ခွာနာ လျှာနာ ရောဂါလက္ခဏာဆိုင်ရာ စူးစမ်းထောက်လှမ်း ခြင်းအနေဖြင့် လစဉ်တင်ပြမှု မှတ်တမ်းများတွင် ခွာနာလျှာနာရောဂါ လက္ခဏာဖြစ်ပွားမှု သတင်း ပေးပို့တင်ပြခဲ့ခြင်း မရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ခွာနာလျှာနာထိန်းချုပ်ရေးဇုန်အတွင်း တိရစ္ဆာန် ဖြတ်သန်းသွားလာမှုစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးရေးဂိတ် (Check Point) များ သတ်မှတ်ထားရှိကာ စိစစ်ဆောင်ရွက် လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ခွာနာလျှာနာရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို ခွာနာလျှာနာ ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်သည်။
“ထိန်းချုပ်ရေးဇုန်အဖြစ်ကနေ ကင်းစင်ရေးဇုန် ဖြစ်အောင် ကြိုးပမ်းရမှာပါ။ ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန် ဖော်ဆောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ တိရစ္ဆာန်ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ခြင်းအားဖြင့် မွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ မွေးမြူတဲ့ ကျေးလက်နေပြည်သူ ဝင်ငွေတိုးစေဖို့ပါ။ ခွာနာလျှာနာရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခြင်းဟာ ရောဂါတစ်ခုတည်းကို ထိန်းချုပ် ခြင်းမဟုတ်ဘဲ တခြားတိရစ္ဆာန်ရောဂါတွေ ထိန်းချုပ်ရေးကိုပါ အများကြီး အထောက်အကူပြုပါတယ်။” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောကြားသည်။
ခွာနာလျှာနာ ကင်းစင်ရေးဇုန် အကောင်အထည်ဖော်
ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို ခွာနာလျှာနာထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည့်အတွက် ခွာနာလျှာနာကင်းစင်ရေးဇုန် ဖြစ်လာစေရန်အတွက် ဇုန်အတွင်း ရောဂါကင်းစင်ရေး လုပ်ငန်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့် ဆက်လက် အကောင်အထည်ဖော် လျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာ ရေးအဖွဲ့ (WOAH) တွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ် သည့်အတွက် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)၏ ၂၀၃၀ ပြည့်နှစ်တွင် ခွာနာလျှာနာရောဂါ ကင်းရှင်းရေး ကမ္ဘာလုံးဆိုင်ရာမူဝါဒ ရည်မှန်းချက်ကို လိုက်ပါအကောင်အထည်ဖော်လျက်ရှိသည်။ ထိုသို့ အကောင်အထည်ဖော်မှု အနေဖြင့် ခွာနာလျှာနာ ရောဂါကင်းရှင်းရေး ကမ္ဘာလုံးဆိုင်ရာမူဝါဒ၊ ရည်မှန်းချက်နှင့်အညီ အမျိုးသားအဆင့် ခွာနာ လျှာနာရောဂါထိန်းချုပ်ရေးစီမံကိန်းကို ၂၀၁၆ ခုနှစ် တွင် ရေးဆွဲကာ နိုင်ငံအတွင်း လုပ်ငန်းများစတင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ခွာနာလျှာနာရောဂါကူးစက်ခံရနိုင်သည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်နှင့် ဝက်ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ခွာနာ လျှာနာရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်လာနိုင်မည်ဆိုလျှင် အိမ်နီးချင်းနိုင်ငံများတွင်လည်း ခွာနာလျှာနာရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချသွားနိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ခွာနာ လျှာနာရောဂါ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို မွေးမြူရေးလုပ်ကိုင်သည့် ပြည်သူများက ထောက်ခံအားပေးလျက်ရှိသည်။
“ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်အနေနဲ့ ဇုန် လေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး မြိတ် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ၂၄ မြို့နယ် ခွာနာလျှာနာ ရောဂါ ထိန်းချုပ်ဇုန်၊ ရှမ်းပြည်နယ် ကွတ်ခိုင် ခွာနာ လျှာနာ ရောဂါထိန်းချုပ်ဇုန်နဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်တို့ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။
နိုင်ငံ့ဧရိယာ ၅၀ ရာခိုင်နှုန်းထိန်းချုပ်ဆောင်ရွက်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိ
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် ၂၀၂၃ ခုနှစ်အတွင်း မိတ္ထီလာခရိုင်နှင့် ပဲခူးခရိုင်တို့တွင် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်များ တိုးချဲ့ ဖော်ဆောင်သွားနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး နိုင်ငံအတွင်းရှိ ခရိုင် ၃၇ ခရိုင်တွင် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်များ ဆက်လက်ဖော်ဆောင်သွားခြင်းဖြင့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ့ဧရိယာ၏ ၅၀ ရာခိုင်နှုန်း ထိန်းချုပ်ဆောင်ရွက်နိုင်ရန် ရည်မှန်းဆောင်ရွက် လျက်ရှိသည်။
“ထိန်းချုပ်ရေးဇုန်အဖြစ်ကနေ ကင်းရှင်းဇုန် ဖြစ်လာဖို့ ဆက်စပ်ပြီး လုပ်ဆောင်ရတဲ့လုပ်ငန်းတွေ ရှိပါတယ်။ ကျွန်တော်တို့ ဌာနဘက်က နည်းပညာပိုင်း၊ စစ်ဆေးကြပ်မတ်မှု စတဲ့လုပ်ငန်းအပိုင်းတွေမှာ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင် ရွက်သွားမယ်။ တစ်ဖက်က မွေးမြူသူတွေ၊ တိရစ္ဆာန် သယ်ဆောင်ရောင်းဝယ်သူတွေ၊ ထုတ်လုပ်သူတွေ၊ သားသတ်ရုံတွေ၊ နွားပွဲဈေးတွေ စသဖြင့် ဇုန်နဲ့ ပတ်သက်နှီးနွှယ်နေတဲ့သူတွေ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒါတွေကို လိုက်နာရမှာဖြစ်ပါတယ်။ ဒီစည်းကမ်းတွေ သိရှိဖို့ အတွက် အသိပညာပေးလုပ်ငန်းတွေကိုလည်း တစ်ပါတည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။
ဇုန်သုံးခု ထူထောင်ပြီးဖြစ်
ယခုအခါ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း ခွာနာလျှာနာရောဂါကင်းရှင်းဇုန်၊ ရခိုင်ပြည်နယ် မာန်အောင် ခွာနာလျှာနာရောဂါကင်းရှင်းဇုန်နှင့် ရှမ်းပြည်နယ် ကွတ်ခိုင် ခွာနာလျှာနာရောဂါ ကင်းရှင်းဇုန်ဟူသည့် ဇုန်သုံးခုကို ထူထောင်ပြီးဖြစ် ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
သို့ဖြစ်ရာ နိုင်ငံအတွင်း ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်များ အကောင်အထည်ဖော်ခြင်းဖြင့် ခွာနာလျှာနာရောဂါ ဖြစ်ပွားမှုမရှိအောင် ဆောင်ရွက်နိုင်ပြီး မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။