နေပြည်တော် မတ် ၆
သိပ္ပံနည်းကျ ပျားမွေးမြူခြင်းသည် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်လုပ်ငန်းအထိ လုပ်ကိုင်နိုင်သော မွေးမြူရေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတော်က စားသုံးဆီဖူလုံရေးအတွက် နေကြာတိုးချဲ့စိုက်ပျိုးရေးကို အားပေးလျက်ရှိရာ နေကြာစိုက်ခင်းများတွင် ပျားမွေးမြူရေး တွဲဖက်လုပ်ကိုင်နိုင်ရေး အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပျားများ၏ သဘာဝဝတ်မှုံကူးပေးမှုကြောင့် နေကြာအတွက်နှုန်းကို တိုးတက်စေပြီး ပျားရည်ရောင်းချခြင်းမှ တောင်သူအတွက် အပိုဝင်ငွေရရှိစေမည်ဖြစ်၍ ပျားမွေးမြူရေး နည်းပညာနှင့် အသိပညာပေးလုပ်ငန်းများ ပျားမွေးမြူရေးဆိုင်ရာ ဟောပြောပြသမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မတ် ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ (ပေါင်းငူ)ပျားလုပ်ငန်းကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တာဝန်ရှိသူများအား ဆွေးနွေးပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ညောင်နှစ်ပင် စိုက်ပျိုး၊ မွေးမြူရေးအထူးဇုန် ဟင်းသီးဟင်းရွက် လက္ကားစျေး၏ ဟင်းသီးဟင်းရွက်၊ ဥယျာဉ်သီးနှံနှင့် သားငါးများရောင်းချရန် ဆောင်ရွက်နေမှု၊ လက္ကားစျေးဝင်းအတွင်း စိုက်ပျိုးရေးသုံး စက်ကိရိယာ၊ မျိုးစေ့၊ မြေသြဇာများရောင်းချရန် ဆိုင်ခန်းတည်ဆောက်နေမှုနှင့် စိုက်ပျိုး၊ မွေးမြူရေးအထူးဇုန်အတွင်းရှိ ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာ အနီးရှိ ရဲနွယ်ချောင်းပေါ်တွင် တည်ဆောက်ထားသော ရဲနွယ်ရေလှောင်တမံ၏ တမံကြံ့ခိုင်ရေးနှင့် သဘာဝဘေးကာကွယ်ရေးကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
နှစ်စဉ် ပျမ်းမျှမိုးရေချိန်လက်မ (၁၁၀)ခန့် ရွာသွန်းသည့် ပဲခူးရိုးမတွင် မြစ်ဖျားခံသည့် ရဲနွယ်ချောင်းမှ ပြွန်တန်ဆာလွင်ပြင်အား မိုးအခါ ရေလွှမ်းခြင်းကို ကာကွယ်ရန်၊ တစ်နှစ်ပတ်လုံး ရေအားလျှပ်စစ် ဓါတ်အားထုတ်လုပ်နိုင်ရန်နှင့် ရေသောက်စနစ်များ ပြီးစီးပါက လယ်မြေဧက (၆၂၀၀၀)အား စိုက်ပျိုးရေပေးဝေနိုင်ရန် တည်ဆောက်ခဲ့သော ရဲနွယ်ရေလှောင်တမံသည် ကန်ရေပြည့် သိုလှောင်ပမာဏ ဧကပေ (၉၃၀၀၀၀)ကျော်ရှိပြီး (၁၄)နှစ်ကာလအတွင်း (၇)နှစ်မှာ ကန်ရေပြည့်ပမာဏထက် ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်ကျခဲ့သည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် ရေသိုလှောင်မှု ပမာဏ အများဆုံးဖြစ်သည့် ရဲနွယ် ရေလှောင်တမံအား အင်းအားပြင်းငလျင်နှင့် သဘာဝဘေးဒဏ်များ ခံနိုင်ရေးအတွက် တမံကြံ့ခိုင်မှု အဆင့်မြှင့်တင်ခြင်းကို ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများ၏ သုံးသပ်အကြံပြုချက်အရ ပြုပြင်မွမ်းမံလျက်ရှိရာ ယခုအခါ တမံအောက်ခြေ ကျောက်ကြီး ထပ်ပိုးစီခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွှဲအသစ်နှင့် ဆက်စပ်တမံတည်ဆောက်ခြင်းလုပ်ငန်း၊ တမံဖို့ခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာနှင့် သဘာဝဘေးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲအသစ်နှင့် ဆက်စပ်တမံတည်ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မူလစိစစ်ဧရိယာဧက (၂၃၀၀၀)ကျော်ကို ရေပေးဝေနိုင်မည်ဖြစ်ကာ လက်ရှိ အခြေအနေထက် စိုက်ဧက (၁၃၀၀၀)ခန့် ပိုမိုတိုးမြင့်လာမည်ဖြစ်၍ ဒေသခံတောင်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာရေးကို ထိရောက်စွာ အကျိုးပြုနိုင်ရန် ပြည်ထောင်စုရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်