ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (အိုက်စလန်နိုင်ငံ)

ထက်လင်း(ဦးရာဇ်မြီ)

နိုင်ငံသမိုင်းအကျဉ်း 

(တည်နေရာ၊ အကျယ်အဝန်း၊ လူဦးရေ)

အိုက်စလန်နိုင်ငံသည် မြောက်အတ္တလန္တိတ်နှင့် အာတိတ်သမုဒ္ဒရာတို့ဆုံရာဖြစ်သော ဂရင်းလန်း၏ အရှေ့ဘက်နှင့် အာတိတ်စက်ဝိုင်း၏ တောင်ဘက်၊ စကော့တလန်မှ ကီလိုမီတာ ၈၆၀ (မိုင် ၅၃၀) နှင့် နယူးယောက်စီးတီးမှ ကီလိုမီတာ ၄၂၀၀ (မိုင် ၂၆၀၀)ကွာဝေးသော မြောက်အတ္တလန္တိတ် သမုဒ္ဒရာတွင် တည်ရှိသည့် ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ ဥရောပတိုက်၏ အနောက်ဘက်အကျဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး နိုင်ငံ့ဧရိယာမှာ ၁၀၃၁၂၅ စတုရန်းကီလိုမီတာ (၃၉၈၁၇ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ၁-၇-၂၀၂၂ ရက်နေ့ စာရင်းဇယားများအရ အိုက်စလန်နိုင်ငံ၏ လူဦးရေမှာ ၃၇၂၈၉၉ ဦးရှိသည်ဟု ခန့်မှန်းထားပါသည်။ အိုက်စလန်နိုင်ငံသည် စကင်ဒီနေးဗီးယားနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ဒီမိုကရေစီနိုင်ငံဖြစ်၍ ခေတ်မီသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အခြေချနေထိုင်သူ ၆၀ မှ ၈၀ ရာခိုင်နှုန်းကြားသည် နော်ဝေနိုင်ငံ (Nodic Stock – ဥရောပမြောက်ပိုင်း၊ ဂျာမန်မျိုးနွယ်စပ် စကင်ဒီနေးဗီးယားနိုင်ငံများ) မှ လူမျိုးများဖြစ်ပြီး အခြားကျန်ရှိသော ရာခိုင်နှုန်းများမှာမူ စကော့တလန် နှင့် အိုင်ယာလန်တို့မှ ယင်းလူမျိုး ( Celtic Stock) များဖြစ်ကြသည်။
 
အစိုးရဖွဲ့စည်းမှု

အိုက်စလန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံစနစ်ဖြင့် တည်ထောင်ထားရှိသော သမ္မတနိုင်ငံဖြစ်သည်။ နိုင်ငံ၏အကြီးအကဲနှင့် ဦးသျှောင် မှာ သမ္မတဖြစ်သည်။ သမ္မတကို လူထုကတိုက်ရိုက် မဲပေးသည့်စနစ်ဖြင့် ရွေးချယ်တင်မြှောက်သည်။ သမ္မတ၏ တစ်ကြိမ်သက်တမ်းမှာ လေးနှစ်ဖြစ်ပြီး သက်တမ်းအကြိမ်ရေ အကန့်အသတ်မရှိ ဝင်ရောက်ရွေးချယ်ခံ  တာဝန်ထမ်းဆောင်နိုင်သည်။ ပါလီမန်လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၆၃ နေရာရှိသည့်အတွက် ၃၂ နေရာအထက်ရရှိ အောင်စုဖွဲ့နိုင်သော ကိုယ်စားလှယ်နေရာအများဆုံး ရရှိသည့် ပါတီများကသာ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းနိုင်သည်။ ရွေးကောက်ပွဲတစ်ခုပြီးတိုင်း သမ္မတသည် နိုင်ငံရေးပါတီတစ်ခု၏ ခေါင်းဆောင်တစ်ဦးအား အစိုးရအဖွဲ့ဖွဲ့ရန် အခွင့်အာဏာပေးလေ့ ရှိပြီး များသောအားဖြင့် အကြီးဆုံးပါတီခေါင်းဆောင်မှ စတင်သည်။ မအောင်မြင်ပါက အစိုးရဖွဲ့ရန် နောက်ထပ် နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးကို တောင်းဆိုနိုင်သည်။ သမ္မတသည် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖွဲ့ကို ပါလီမန် (Althingi) ၏ သဘော တူညီချက်ဖြင့် ခန့်အပ်သည်။

ဝန်ကြီးအဖွဲ့သည် အထွေထွေရွေးကောက်ပွဲ ကျင်းပခြင်း သို့မဟုတ် အစိုးရသစ် မဖွဲ့မချင်း ဆက်လက်အာဏာရှိနေမည် ဖြစ်ပါသည်။ အဆိုပါ ဝန်ကြီးများသည် ပါလီမန် (Althingi) လွှတ်တော် အစည်းအဝေးသို့ တက်ရောက်နိုင်သော်လည်း ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များကဲ့သို့ မဲပေးခွင့်မရှိပါ။ 

ကက်ဘိနက် (Cabinet) အစည်းအဝေးသို့ အစိုးရဝန်ကြီးများအားလုံး တက်ရောက်ကြရပြီး လွှတ်တော်ကာလအတွင်း အစည်းအဝေးကို နှစ်ပတ် တစ်ကြိမ်ကျင်းပသည်။ အဆိုပါအစည်းအဝေးများတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် အစိုးရကိစ္စရပ်များ၊ အစိုးရဥပဒေမူကြမ်းများနှင့် ပါလီမန်သို့ တင်သွင်းရန် ရည်ရွယ်ထားသည့်အဆိုပြုချက်များကို ဆွေးနွေးကြသည်။ ပါလီမန်အစည်းအဝေး စတင်သည့်အခါ အစိုးရအဖွဲ့သည် ၎င်း၏လုပ်ငန်း အစီအစဉ်များကို တင်ပြကြရပါသည်။ နိုင်ငံတော်ကောင်စီကို သမ္မတနှင့် ဝန်ကြီးများ (Cabinet)အဖွဲ့ဖြင့် ဖွဲ့စည်းပြီး နိုင်ငံတော်သမ္မတက သဘာပတိအဖြစ် ဆောင်ရွက်သည်။ နိုင်ငံတော်ကောင်စီ အစည်းအဝေးများတွင် ဥပဒေအသစ်နှင့် အခြားအရေးကြီးသော အစိုးရလုပ်ဆောင်ချက်များကို နိုင်ငံတော်သမ္မတထံဝန်ကြီးများက တာဝန်ယူ ရှင်းလင်းတင်သွင်းကြရသည်။

အိုက်စလန်ရှိ ဒေသန္တရအစိုးရသည် မူလတန်းပညာရေး၊ မြူနီစီပယ်ဝန်ဆောင်မှုများနှင့် လူမှုရေး အစီအစဉ်များကို စီမံခန့်ခွဲခြင်းအတွက် အဓိကတာဝန်ရှိသည်။ နိုင်ငံကို ပြည်နယ် ၁၇ ခု (Syslu) ဖြင့် ပိုင်းခြားပြီး အဆိုပါပြည်နယ်များကို ၁၀၀ ထက် နည်းသော မြူနီစီပယ်များဖြင့် ထပ်မံပိုင်းခြားထားသည်။ စည်ပင်သာယာရေးအဖွဲ့တစ်ခုစီသည် ရွေးကောက်ခံကောင်စီမှတစ်ဆင့် ဒေသဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲသည်။

အာဏာခွဲဝေကျင့်သုံးမှု

သမ္မတနှင့် ပါလီမန်လွှတ်တော် (Althingi)သည် အုပ်ချုပ်ရေးအာဏာကို ပူးတွဲကျင့်သုံးပြီး သမ္မတ၏အာဏာသည် အနောက်ဥရောပဒီမိုကရေစီ နိုင်ငံများရှိ အခြားနိုင်ငံ့ခေါင်းဆောင်များနှင့် ဆင်တူသည်။ တရားစီရင်ရေးအာဏာသည် တရားရုံးချုပ်၊ အယူခံတရားရုံးနှင့် ခရိုင်တရားရုံးတို့၌ တည်ရှိသည်။ တရားစီရင်ရေးတွင် တရားရုံးချုပ်နှင့်အောက် တရားရုံးများပါဝင်ပြီး အများစုမှာ အရပ်ဘက်နှင့် ရာဇဝတ်မှု နှစ်ခုစလုံးကို ကြားနာသည့်စနစ်ဖြစ်သည်။ အမှုများကို ခန့်အပ်ထားသော တရားသူကြီး များက ကြားနာဆုံးဖြတ်သည့်စနစ်ဖြစ်ပြီး ဂျူရီစနစ် မကျင့်သုံးပါ။ အိုက်စလန်၏ ဥပဒေပြုရေးအာဏာကို ပါလီမန်လွှတ်တော် (Althingi) ကသာလျှင် ကျင့်သုံး ဆောင်ရွက်နိုင်သည်။

လွှတ်တော်ဖွဲ့စည်းပုံနှင့် သက်တမ်း

အိုက်စလန်ရှိ ပါလီမန်လွှတ်တော် (Althingi)သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးဥပဒေပြု လွှတ်တော်များထဲမှ တစ်ခုဖြစ်ပြီး ပါလီမန်ကို ဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲအသစ်များ မကျင်းပပါက လေးနှစ်တာဝန်ထမ်းဆောင်ရသည့် အဖွဲ့ဝင် ၆၃ ဦး ပါဝင်သောတစ်ခုတည်းသော ဥပဒေပြုအဖွဲ့ဖြစ်ပါသည်။ အဖွဲ့ဝင်များအနက် ၅၄ ဦးနှင့် မဲဆန္ဒနယ်ပေါင်းစုံမှ အခြားအဖွဲ့ဝင် ကိုးဦးရွေးချယ်ပြီး စာရင်းဖွင့်အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးကောက်ပွဲပြီးနောက် ပါလီမန်လွှတ်တော် (Althingi)ကို နှစ်ပတ်ထက် နောက်မကျ စေဘဲ ခေါ်ယူကျင်းပရပါသည်။ လွှတ်တော်ဥက္ကဋ္ဌကို လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံဆန္ဒမဲ သုံးပုံနှစ်ပုံဖြင့် ရွေးချယ်တင်မြှောက်သည်။ အိုက်စလန်နိုင်ငံ ပါလီမန်လွှတ်တော် (Althingi)အတွက် အမတ်နေရာ ခွဲဝေသတ်မှတ်ထားရှိမှုမှာ အနောက်မြောက် မဲဆန္ဒနယ်တွင် ၈ နေရာ၊ အရှေ့မြောက်မဲဆန္ဒနယ်တွင် ၁၀ နေရာ၊ တောင်ပိုင်းမဲဆန္ဒနယ်တွင် ၁၀ နေရာ၊ အနောက်တောင်မဲဆန္ဒနယ်တွင် ၁၃ နေရာ၊ Reykjavyk တောင်ပိုင်းတွင် ၁၁ နေရာနှင့် Rey-kjavyk မြောက်ပိုင်းတွင် ၁၁ နေရာ စသည်ဖြင့် စုစုပေါင်း ၆၃ နေရာသတ်မှတ်ထားသည်။ 

ရွေးကောက်ပွဲသမိုင်းနှင့် ကျင်းပသည့် ရွေးကောက်ပွဲများ

အိုက်စလန်နိုင်ငံတွင် တရားရေးဝန်ကြီးဌာနသည် ဥပဒေပြုရေးနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးတို့ကိုကြီးကြပ်ပြီး အမျိုးသားရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ (National Parliament, Althingi)၊ သမ္မတ ရွေးကောက်ပွဲ (Presidential Elections)၊ စည်ပင် သာယာရေးရွေးကောက်ပွဲ(Municipal Elections)နှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ (Referenda) စသည့် ရွေးကောက်ပွဲများကို ကျင်းပသည်။

ရွေးကောက်ပွဲစနစ်

အိုက်စလန်နိုင်ငံ၌ ၁၉၄၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သော ရွေးကောက်ပွဲစနစ်သည် ၁၉၄၂ ခုနှစ်တွင် ကနဦး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ၁၉၁၅ ခုနှစ်တွင် D' Hondt PR စနစ်ကိုကျင့်သုံးခဲ့ ပြီး ၁၉၂၀ ပြည့်နှစ်တွင် Reykjavyk ခရိုင်၌ D' Hondt List System ကို နောက်တစ်ဆင့်အနေဖြင့် အသုံးပြု ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် သန့်စင်သောနှစ်လွှာ PR (a pure two – tier PR System)စနစ်ကို အစားထိုး အသုံးပြုခဲ့ပြီး ဤစနစ်သည်ပင် အိုက်စလန်နိုင်ငံတွင် အခြေခံရွေးကောက်ပွဲစနစ်အဖြစ် ယနေ့အထိ ရှင်သန်ခဲ့သည်။ ဖော်ပြပါရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ပြောင်းလဲမှုအချို့ပြုလုပ်ပြီး ရွေးကောက်ပွဲ များကို ကျင်းပလာခဲ့ရာ အိုက်စလန်နိုင်ငံ၏ ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သောပါလီမန် ရွေးကောက်ပွဲအား စာရင်းဖွင့်အချိုးကျကိုယ်စားပြုစနစ် (Open List PR System) ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းမှု

အိုက်စလန်နိုင်ငံ၌ ရွေးကောက်ပွဲကော်မရှင်ကို (၁) အမျိုးသားရွေးကောက်ပွဲကော်မရှင်၊ (၂) မဲဆန္ဒနယ်မြေများ အကြီးတန်းရွေးကောက်ပွဲ ကော်မရှင် (စည်ပင်သာယာ အကြီးတန်းရွေးကောက်ပွဲ ကော်မရှင်)၊ (၃) တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် (ခရိုင်ရွေးကောက်ပွဲကော်မရှင်) နှင့် (၄) ဒေသဆိုင်ရာရွေးကောက်ပွဲကော်မရှင် ဟူ၍ ဖွဲ့စည်း ထားရှိသည်။

အဖွဲ့ဝင်အရေအတွက်နှင့် ရာထူးသက်တမ်း

အထွေထွေရွေးကောက်ပွဲ တစ်ခုပြီးနောက် ပါလီမန်လွှတ်တော် (Althingi) သည် အလှည့်ကျ အဖွဲ့ဝင်အရေအတွက်တူညီသော  အမျိုးသားငါးဦးပါ အမျိုးသားရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ခံကိုယ်စားလှယ်များထဲမှ ရွေးချယ် တင်မြှောက်ဖွဲ့စည်းပေးသည်။ အဆိုပါ အမျိုးသားငါးဦးထဲမှ တစ်ဦးကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရပြီး ကျန်အဖွဲ့ဝင်များအား အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ခွဲဝေပေးသည်။ အကယ်၍ ပါလီမန်လွှတ်တော်တွင်း ရောက်ရှိနေသော ကိုယ်စားလှယ်များထဲမှ အမျိုးသားရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ထမ်းဆောင်လိုသူ မရှိပါက လေ့လာသူတစ်ဦးကို အမည်စာရင်း တင်သွင်းရန်နှင့် အခြားသူများကိုလည်း အလှည့် အပြောင်းအဖြစ် ခန့်အပ်ရန် ခွင့်ပြုပေးရသည်။ လေ့လာသူများသည် မဲပေးပိုင်ခွင့်မှလွဲ၍ ရွေးကောက်ခံအဖွဲ့ဝင်များကဲ့သို့ပင် အခွင့်အရေးတူညီစွာ ရရှိကြသည်။

မဲဆန္ဒနယ်တစ်ခုစီတွင်  မဲဆန္ဒနယ်မြေများ အကြီးတန်း ရွေးကောက်ပွဲကော်မရှင် တစ်ခုရှိရပြီး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အရေအတွက်သည် အမျိုးသား ရွေးကောက်ပွဲကော်မရှင်ကဲ့သို့ပင် ငါးဦးဖြစ်ပါသည်။ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမျိုးသားရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရွေးချယ်သည့် နည်းလမ်းအတိုင်း ပါလီမန်လွှတ်တော်၌ ရွေးချယ်သည်။

မဲရုံတစ်ရုံလျှင် ရပ်ကွက်တစ်ခုသတ်မှတ်ထားပြီး ၎င်းသတ်မှတ်ချက်ထက်ကျော်လွန်၍ ရပ်ကွက် အရေအတွက် ပိုမိုများပြားလာသည့် မဲရုံများကို ကြီးကြပ်ရန် အဖွဲ့ဝင်သုံးဦးပါ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကို ဒေသဆိုင်ရာအာဏာပိုင်များက ရွေးချယ် ခန့်အပ်သည်။ ထို့အတူ မဲရုံတစ်ရုံထက်ပိုရှိလာသော ဒေသန္တရဧရိယာများတွင် ဒေသဆိုင်ရာအာဏာပိုင်များသည် ခရိုင်ရွေးကောက်ပွဲကော်မရှင်များကို ကြီးကြပ်ရန် အထူးအကြီးတန်းရွေးကောက်ပွဲ ကော်မရှင်ကို အထက်ပါနည်းလမ်းအတိုင်း ရွေးချယ် တင်မြှောက်သည်။ သို့သော်လည်း အဆိုပါ အထူးအကြီးတန်းရွေးကောက်ပွဲကော်မရှင်သည် Rey-kjavyk မဲဆန္ဒနယ်၏ မဲဆန္ဒနယ်မြေများတွင်မူ အကြီးတန်းရွေးကောက်ပွဲကော်မရှင်၏ သဘော တူညီချက်ဖြင့်သာလျှင် လုပ်ငန်းတာဝန်များကို ကျင့်သုံးရမည်ဟု မြို့တော်ကောင်စီက ဆုံးဖြတ်သည်။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု

တရားရေးဝန်ကြီးဌာနသည် အထွေထွေ ရွေးကောက်ပွဲကျင်းပရေးကို ကြီးကြပ်ပြီး အမျိုးသား ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့သည် ပါလီမန်လွှတ်တော်ရွေးကောက်ပွဲ၊ သမ္မတရွေးကောက်ပွဲ၊ စည်ပင်သာယာရွေးကောက်ပွဲ နှင့် ဆန္ဒခံယူပွဲကျင်းပရေးတို့ကို အကောင်အထည် ဖော်ဆောင်ရွက်ရသည်။

အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်အခါ အမျိုးသားရွေးကောက်ပွဲကော်မရှင်သည် အမျိုးသား စာရင်းအင်းရုံး၏ လူဦးရေစာရင်းကို ရည်ညွှန်းပြီး ရွေးကောက်ပွဲနေ့မတိုင်မီ ငါးပတ်အလိုတွင် မဲဆန္ဒနယ် နယ်နိမိတ်များကို သတ်မှတ်ပေးရသည်။ ဤကဲ့သို့ သတ်မှတ်ရာတွင် လွှတ်တော်နေရာ တစ်ခုစီ၏ နောက်ကွယ်ရှိ မဲဆန္ဒနယ်တစ်ခုစီတွင် မဲဆန္ဒရှင်ဦးရေ အရေအတွက်အနည်းအများ ညီမျှစေရန်နှင့် မဲဆန္ဒနယ်တစ်ခုစီသည် စဉ်ဆက်မပြတ် ဖြစ်ပေါ်လာစေရန် တတ်နိုင်သမျှသေချာစွာ သတ်မှတ်ပေးရပါသည်။  လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန် နိုင်ငံအား မဲဆန္ဒနယ် ခြောက်နယ်အဖြစ် ပိုင်းခြားထားသည်။ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒနယ်မြေများသတ်မှတ်ထားရှိမှုကို ရွေးကောက်ပွဲနေ့မတိုင်မီ လေးပတ်ထက် နောက်မကျစေဘဲ အစိုးရပြန်တမ်းတွင် ကြေညာရသည်။

ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒရှင်စာရင်းများ ပြုစုပြီးပါက အများပြည်သူစစ်ဆေးကြည့်ရှုနိုင်ရန် ရွေးကောက်ပွဲမတိုင်မီ ၁၀ ရက်ထက်မနည်း ကြေညာ ရသည်။ ကြိုတင်မဲပေးရာတွင် အသုံးပြုမည့် သယ်ဆောင်ရလွယ်ကူသော မဲရုံအခင်းအကျင်း (Portable Polling Place) တို့ကိုလည်း စီမံဆောင် ရွက်ပေးရပြီး ကြိုတင်မဲပေးနိုင်သည့်နေ့ရက်နှင့် နေရာများကိုလည်း သတ်မှတ်ပေးရသည်။ မဲရုံတစ်ရုံ ၌ ရာသီဥတုဆိုးရွားခြင်းကြောင့် လည်းကောင်း၊ ထိန်းချုပ်နိုင်မှုအခြေအနေ မရှိတော့သောကြောင့် လည်းကောင်း မဲပေးခြင်းကို မဆောင်ရွက်နိုင်ပါက ၎င်းမဲရုံ၌ မဲပေးခြင်းကို ရွှေ့ဆိုင်းနိုင်ပြီး အသစ်တစ်ဖန် မဲပေးစေခြင်းအား တစ်ပတ်အတွင်း ဆောင်ရွက်နိုင်သည်။ 

တရားရေးဝန်ကြီးဌာနသည် မဲလက်မှတ်များကို ပုံမှန်အားဖြင့် ရွေးကောက်ပွဲနေ့မတိုင်မီ ခုနစ်ရက် ထက်နောက်မကျစေဘဲ ပြင်ဆင်ရပြီး ၎င်းမဲလက်မှတ်များကို အကြီးတန်းရွေးကောက်ပွဲ ကော်မရှင်ထံသို့ ချက်ချင်းပေးပို့ရသည်။ အကြီးတန်းရွေးကောက်ပွဲ ကော်မရှင်သည် သက်ဆိုင်ရာ ရပ်ကွက်မဲစာရင်းရှိ မဲဆန္ဒရှင်အပေါ်တွင် ၁၀ ရာခိုင်နှုန်း ထပ်ဆောင်း ပေါင်းထည့်ထားသော မဲလက်မှတ်များကို လုံခြုံသော နည်းလမ်းဖြင့် ဒေသဆိုင်ရာရွေးကောက်ပွဲကော်မရှင် တစ်ခုစီသို့ ခွဲဝေပေးပို့ရသည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲဥပဒေ နှင့် ဆက်စပ်ဥပဒေများကို ရွေးကောက်ပွဲကျင်းပရန် အတွက် ရှင်းလင်းပြီး အသေးစိတ်ကျသည့် ဥပဒေမူဘောင်များအဖြစ် ချမှတ်ထားသည့်အပြင် အဆိုပါ ဥပဒေများကို အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာ အဆင့် အာဏာပိုင်များက သမာသမတ်ကျစွာ လိုက်နာဆောင်ရွက်နိုင်ရေး စီမံကြီးကြပ်မှုများကိုလည်း ဆောင်ရွက်သည်။

(ဆက်လက်ဖော်ပြပါမည်)