အမျိုးသားနိုင်ငံရေးဦးဆောင်မှုကို တာ၀န်ခံသည့် တပ်မတော်

မိုးမြင့်

ယနေ့မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးသမိုင်း၊ တပ်မတော်သမိုင်း၊ နိုင်ငံဖြစ်တည်မှုသမိုင်းတို့နှင့် ခွဲခြား၍မရလောက်အောင်ပင် အစဉ်အလာကြီးမားသော တပ်မတော်ဖြစ်သည်။ တပ်မတော်သည် တိုင်းပြည်ကို ပြိုကွဲပျက်စီးအောင်ပြုလုပ်မည့် အဖွဲ့အစည်းမဟုတ်မူ၍ တိုင်းရင်းသားနှင့် ပြည်သူအပေါ် သစ္စာဖောက်မည့်အဖွဲ့အစည်း မဟုတ်သည်မှာလည်း သေချာသည်။ အတိတ်ရော ပစ္စုပ္ပန်မှာပါ တိုင်းပြည်နှင့်ပြည်သူ့အကျိုးအတွက် အရေးသုံးပါးဘက်မှ မားမားမတ်မတ်ရပ်တည်နေပြီး ဖြောင့်မတ် မှန်ကန်စွာ ထမ်းဆောင်နေဆဲဖြစ်သလို အနာဂတ်အတွက် လမ်းပြမြေပုံနှင့် ကောင်းမွန်သည့် သန္ဓေတည်နိုင်အောင်လည်း ကြိုးစားအားထုတ်လျက်ရှိသည်။

အမှန်ကို အမှန်အတိုင်း လမ်းမှန်ပြု၊ အမှားကို အမုန်းခံ၍ အမှန်ပြုကာ ပြည်သူအချင်းချင်း မုန်းတီး အောင်လည်း မျိုးစေ့မချခဲ့ဖူးပါ။ အချုပ်အခြာ၊ အမျိုးသားအကျိုးစီးပွားနှင့် ဘာသာ၊ သာသနာကိုသာ အစဉ်ကာကွယ် စောင့်ရှောက်ထိန်းသိမ်းပေး လျက်ရှိသည်။ ကာလသုံးပါးလုံး ပြည်သူနှင့်နိုင်ငံအတွက် မကြည့်ဘဲ ပြည်သူအပေါ် သစ္စာဖောက်နေသည့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှိုင်းယှဉ်ဖို့ မလိုလောက်အောင် မိုးနှင့်မြေပမာ ကွာခြားလွန်းသည်။ တပ်မတော်က ညီညွတ်ရေးပြိုကွဲမည့်စကား မပြော၊ အကြမ်းဖက်စကား မပြော၊ နိုင်ငံကိုပျက်စီးအောင် မလုပ်၊ အပြောကို အလုပ်နှင့်သက်သေပြနိုင်အောင်သာ ကြိုးစားလျက်ရှိသည်။

တစ်ခုတည်းသော တပ်မတော်

နိုင်ငံတွင် တပ်မတော်ဟူ၍ တစ်ခုတည်းသာ ရှိသည်။ အခြားမည်သည့်လက်နက်ကိုင် အဖွဲ့ အစည်းမျှ နိုင်ငံတော်နှင့် ပြည်သူကို ကိုယ်စားမပြုပါ။ ထို့ကြောင့် တပ်မတော်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု၍ ပြည်သူ့ အကျိုးကိုသာ ကြည့်သည်။ အရေးကြုံက လှေကြုံ မလိုက်၊ ရေသာမခိုနိုင်ငံနှင့်ပြည်သူအတွက် ဘေးသင့်လာလျှင် ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်၍ ပြည်သူကို ကာကွယ်စောင့်ရှောက်သည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည်မခွဲခြား၊ အားလုံးသည် မိမိအရေးသာ ဖြစ်သည်ဟု ခံယူသည်။ ကာကွယ်ရေးကဏ္ဍ၌သာမက နိုင်ငံတည်ဆောက်ရေးမှာလည်း ပါသည်။ နိုင်ငံကိုပြိုကွဲအောင်၊ မိမိပြည်နယ်၊ မိမိတိုင်းဒေသကြီး၊ မိမိဒေသ၊ မိမိလူမျိုး အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း ဒုက္ခပေးနေသည့် ဘေးအန္တရာယ် များကြား၊ အဖျက်အဆီးများကြားမှ မရရအောင် ပြန်လည်တည်ဆောက်ပေးနေသည်မှာလည်း တပ်မတော်ပင်ဖြစ်သည်။ သို့သော်တပ်မတော် မုန်းတီးရေးဝါဒမှိုင်းများကြား ကြိုးစားဖြေရှင်း ရုန်းကန်နေရဆဲဖြစ်သည်။ အဘယ်ကြောင့်ပါလဲ။ ဤနိုင်ငံက ငါတို့နိုင်ငံ၊ ဤပြည်သူတွေက ငါတို့ပြည်သူ၊ ဤလူမျိုးတွေက ငါတို့လူမျိုးဟူ၍ တပ်မတော်က အလေးအနက်ခံယူထား၍သာ ဖြစ်သည်။

စိတ်ဓာတ် စည်းကမ်း သစ္စာ စည်းလုံးမှု ခိုင်မာသည့်အဖွဲ့အစည်း

အချို့ကလည်း တပ်မတော်ကြောင့် နိုင်ငံပျက်စီးနေရသည်၊ နိုင်ငံသားတွေ စိတ်ဓာတ်ပျက်ပြားနေရသည်ဟု စွပ်စွဲလိုကြသည်။ ဤနေရာတွင် နိုင်ငံသား အားလုံးနှင့်ဆိုင်သော အချက်ကိုသာ ထောက်ပြချင် သည်။ တစ်ဦးချင်း၏ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်၊ စာရိတ္တ၊ စိတ်ဓာတ်၊ နိုင်ငံနှင့် လူမျိုးအပေါ်ထားသည့် သစ္စာတရား ခံယူချက်နှင့်သာ ဆိုင်မည်ထင်သည်။ ဤသို့ဖြင့် သပ်လျှိုဖြိုခွဲပြိုကွဲစေသည့် သွေးခွဲစကားများကို ကြားနေကြုံနေရဆဲဖြစ်သည်မှာ လက်ရှိ အရှိတရားဖြစ်သည်။ နိုင်ငံရေးအရ ဦးဆောင်မှုကဏ္ဍတွင် ရပ်တည်နေရဆဲဖြစ်၍ ယနေ့လိုကာလတွင် မည်သူ့ကိုမျှယုံ၍မရသေး၊ နိုင်ငံကိုဦးဆောင်နေရ ဦးမည်သာဖြစ်သည်။ အချို့က တပ်မတော်မရှိလျှင် နိုင်ငံအေးချမ်းမည်ဟု ဆိုသူကဆိုသည်။ ကိုယ့်နိုင်ငံရေး အခြေအနေ၊ ကိုယ့်အခြေအနေကိုပင် ကောင်းစွာ မဖတ်တတ်သူများဟု ဆိုရမည်။

ကံဆိုးသည်က နိုင်ငံတွင် တပ်မတော်ကဲ့သို့ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု ပေတံများနှင့် တိုင်းတာနိုင်သည့် လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း ယခုအချိန်အထိ မရှိသေး ခြင်းပင်ဖြစ်သည်။ တပ်မတော်မှလွဲ၍ ဗမာရော၊ တိုင်းရင်းသားများပါ လက်နက်ရှိလျှင် သတ်ကြ၊ ဖြတ်ကြ ကွဲကြသည်က များသည်။ ကိုယ့်လူမျိုးအချင်းချင်းလည်း သတ်ရဲဖြတ်ရဲသည်။ ထိပ်ပိုင်းခေါင်းဆောင်အချင်းချင်းလည်း သစ္စာမရှိ၊ လုပ်ကြံသတ်ဖြတ်သည်။ တော်လှန်ရေးသမားအချင်းချင်းလည်း လက်ရဲဇက်ရဲသတ်ဖူးကြသည်။ ဒါကိုပင် တပ်မတော်မရှိမှသာ တိုင်းပြည်ငြိမ်းချမ်းမည်ဟုဆိုဝံ့သူက ရှိသေးသည်။

လိုအပ်ချက်များအရ ပါဝင်ထမ်းရွက်နေရဦးမည့် တပ်မတော်

ပြောကြသည်၊ တပ်မတော်ကနိုင်ငံရေးလောကမှ မထွက်ချင်ဘူးဆိုသည့် ဝေဖန်ချက်။ နိုင်ငံရေးလောကမှ ထွက်ချင်သည့်အတွက် ရာနှုန်း ပြည့်ယူထားရာမှ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချပါဝင်ခဲ့သည်ကို သတိပြုဖို့ကောင်းသည်။ ပြည်ထောင်စုကြီးပြိုကွဲမည့် အရိပ်အယောင်ရှိနေသရွေ့၊ အချုပ်အခြာ ခြိမ်းခြောက်မှုခံနေရသရွေ့၊ တိုင်းရင်းသားများ ညီညီညွတ်ညွတ်မရှိသရွေ့၊ တပ်မတော်ကိုပြိုကွဲစေမည့် အကြံအစည်များရှိနေသရွေ့ တပ်မတော်၏နိုင်ငံရေးတွင် ပါဝင်မှုအလားအလာ လျော့ပါးသွားရန် ခဲယဉ်းသည်။ မရင့်ကျက်သေးသည့် နိုင်ငံရေးစနစ်တွင် တပ်မတော်ကလိုအပ်ချက်အရ ပါဝင်နေရခြင်းသည် အမှားအယွင်းတစ်ခုမဟုတ်ပါ။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ တပ်မတော်၏ပါဝင်မှုသည် အထူးအဆန်းတော့မဟုတ်။ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလကတည်းက နိုင်ငံရေးအရ တိုက်ပွဲ ဝင်မည့် နိုင်ငံရေးသမားအများစုသည် တပ်မတော် သားဘဝမှတစ်ဆင့် လူလားမြောက်သူများ ဖြစ်ခဲ့ကြသည်ဆိုသည်မှာ သမိုင်းကြောင်းအရ သိထားသင့်သည့်အရာဖြစ်သည်။ ခေတ်အဆက်ဆက် တပ်မတော်သားနိုင်ငံရေးသမားဟူသည် စစ်ရေး၊ နိုင်ငံရေးအမြင် ထွန်းတောက်ခဲ့ကြသူများဖြစ်၍ တိုင်းပြည်၏အချုပ်အခြာနှင့် အမျိုးသားအကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသူများ ဖြစ်ခဲ့ကြသည်။ နိုင်ငံရေးသမားများ မညီညွတ်သရွေ့၊ လူမျိုးရေး၊ ဘာသာရေးအကြောင်းပြ၊ နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုများရှိနေသေးသရွေ့ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏အခန်းကဏ္ဍ ဆက်လက် ရှိနေဦးမည်သာဖြစ်သည်။ တိုးတက်မှုဘက် ဦးမတည်သည့် အရေးမပါသော ကွဲပြားမှုများ ရှိနေသေးသရွေ့၊ မလိုလားအပ်သော အားပြိုင်မှုများရှိနေသေးသရွေ့ တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်ကိုရယူပြီး အန္တရာယ်မှန်သမျှ တားဆီးနေရဦးမည်သာဖြစ်သည်။

ဆက်လက်ရှိနေဦးမည့် နိုင်ငံရေးဦးဆောင်မှုကဏ္ဍ

နိုင်ငံလွတ်လပ်ရေးကို ရယူပေးခဲ့ပြီး လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော တပ်မတော်ဖြစ်၍ နိုင်ငံလွတ်လပ်ရေးဆုံးရှုံးစေမည့်အရေး၊ နိုင်ငံကို ပျက်စီးစေမည့်အရေးကိုမူ တပ်မတော်က မည်သည့်အခါမျှလုပ်မည် မဟုတ်သည်မှာ သေချာသည်။ သို့ဆိုလျှင် တပ်မတော်က တိုင်းပြည်အာဏာကို ဘာကြောင့်ရယူနေရပါသနည်း။ နိုင်ငံရေး နောက်ခံအကြောင်းတရားများ၊ အချုပ်အခြာဆုံးရှုံး နိုင်သည့် အကြောင်းတရားများကို မြင်အောင် ကြည့်စေလိုသည်။ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများကို အတွေးမှား၊ အမြင်မှား၊ အယူမှားအောင် လုပ်ကြံဖန်တီးပုတ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ပုံရိပ်ကျဆင်းအောင် ဖန်တီးနေကြဆဲ ဖြစ်သည်။ ရာဇဝတ်၊ အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါး ပြဿနာများကြောင့် အမျိုးသားလုံခြုံရေး စည်းကျိုးပေါက်နိုင်မှုအခြေအနေများ ရှိဆဲဖြစ်သည်ကို လက်ခံရမည်ဖြစ်သည်။

ထို့ကြောင့်လည်း နိုင်ငံနှင့်ပြည်သူအတွက် လုံခြုံရေးအာမခံချက် ခိုင်ခိုင်မာမာရရှိပြီး အတိုင်း အတာတစ်ခုအထိ တည်ငြိမ်အေးချမ်းသည်အထိ တပ်မတော်၏အခန်းကဏ္ဍမှာ မပြောင်းမလဲရှိနေ ဦးမည်သာဖြစ်သည်။ နိုင်ငံရေးမှာ ဝင်ပါနေရသော်လည်း တပ်မတော်၏ နိုင်ငံရေးဦးဆောင်မှုအခန်း ကဏ္ဍမှာ အမျိုးသားနိုင်ငံရေးဖြစ်သကဲ့သို့ ဖော်ဆောင်သည့် အကျိုးစီးပွားမှာလည်း အမျိုးသားအကျိုး စီးပွားသာလျှင်ဖြစ်သည်ကို သတိချပ်သင့်သည်။

အလုံးစုံဆုံးရှုံးပျက်စီးမှုသို့သာ ဦးတည်ခဲ့မှုများ

ယခုလက်ရှိအခြေအနေများကိုပင်ကြည့်ပါ၊ တပ်မတော်က အရပ်သားအစိုးရထံ အာဏာအပ်ချင်၍ အထွေထွေရွေးကောက်ပွဲပြုလုပ်ရန် စိုင်းပြင်းနေသည်။ ဤသည်ကို ကဖျက်ယဖျက်လုပ်နေသည်က မည်သူတွေလဲ။ ရွေးကောက်ပွဲကိုအသိအမှတ်မပြု၊ ရွေးကောက်ပွဲကို ဖျက်ဆီးမည့် ပြည်ဖျက်အုပ်စုများ၏ အကြံအစည်ကပင် တပ်မတော်ကို နိုင်ငံရေးလောကမှ မထွက်ခွာနိုင်အောင် လုပ်သကဲ့သို့ဖြစ်နေ သည်။ တပ်မတော်ကို နိုင်ငံရေးမှထွက်စေချင်လျှင် တပ်မတော်နှင့်ယုံကြည်မှု တည်ဆောက်နိုင်ဖို့သာ လိုအပ်သည်။ အပြန်အလှန် ယုံကြည်မှုအတွက် အပြန်အလှန်နားလည်မှုရှိသင့်သည်ဟု မြင်သည်။

နားလည်မှု၊ ယုံကြည်မှုမပေးခဲ့သည့်အတွက် ယုံကြည်မှုများပျောက်ဆုံးပြီး အပြန်အလှန်ဆက်ဆံရေးများ အားမကောင်းခဲ့သည်ကို သင်ခန်းစာယူသင့်သည်။ တပ်မတော်နှင့် အပြုသဘော ဆက်ဆံရေးနေရာတွင် အမုန်းတရားတို့က နေရာယူခဲ့သည်ကို တွေ့ရသည်။ အလွှာစုံတွင် အမုန်းတရားကို ပျိုးထောင်ခဲ့မှုက အလုံးစုံပျက်စီးဆုံးရှုံးမှုဆီသို့သာ ဦးတည်ခဲ့သည်။ မဟုတ်မမှန် သတင်းအချက်အလက်များဖြင့် ပြည်သူကိုသိမ်းသွင်း၊ တပ်မတော်နှင့်ပြည်သူအကြား သွေးခွဲခဲ့ကြသည်။

မိဘပြည်သူများ စိတ်မချမ်းမသာဖြစ်ရပြီး လူငယ်များ ဘဝပျက်ကြရသည့်အခါ နိုင်ငံတော်အတွက် လည်း ထိခိုက်မှုများစွာရှိခဲ့သည်။

ငြိမ်းချမ်းရေးကို လိုချင်လွန်း၍သာ

မြန်မာ့သမိုင်းခေတ်အဆက်ဆက်တွင် နိုင်ငံ၌ အစိုးရအဆက်ဆက် ဘယ်လိုပြောင်းပြောင်း၊ စနစ် ဘယ်လိုပြောင်းပြောင်း ပါလီမန်ဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ်ခေတ်၊ တပ်မတော်အစိုးရခေတ်၊ ပါတီစုံ ဒီမိုကရေစီခေတ် ဘယ်ခေတ်ရောက်ရောက် ဖိအား မျိုးစုံနှင့် လွတ်သည်မရှိ၊ စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့၊ ဖြေရှင်းခဲ့ရသည်ချည်းဖြစ်သည်။ အတက်အကျ၊ အနိမ့်အမြင့် ကံကြမ္မာမျိုးစုံကြုံတွေ့ခဲ့ရသော မြန်မာ့တပ်မတော်သည် ယခုအချိန်မှစ၍ အကျမရှိ၊ အနိမ့်မရှိ တည်တည်ငြိမ်ငြိမ်ဖြင့် စည်းရုံးရင်း လေ့ကျင့်၊ လေ့ကျင့်ရင်းစည်းရုံး၊ ပြည်ပကျူးကျော်မှုကို အချိန်မရွေးရင်ဆိုင်နိုင်မည့် ခေတ်မီမျိုးချစ် တပ်မတော်တစ်ရပ်အဖြစ်သို့ ကူးပြောင်းရန် ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိသည်ကို တွေ့ရသည်။ ပြည်ပရန်ကို ရင်ဆိုင်ရန်ပြင်ဆင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဦးတည်ချက်ထားသည်။

သို့သော် ပြည်တွင်း အဖျက်သမားအကြမ်းဖက်များနှင့် ကိုယ့်လူမျိုးအချင်းချင်း ရင်ဆိုင်တိုက်ခိုက် နေရသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို လိုချင်လွန်း၍ စစ်မတိုက်ချင်ဘဲ တိုက်နေရသည်။ တိုင်းပြည် ထူထောင်ရေးလုပ်ရမည့်အချိန်တွင် လက်နက်ကိုင် ပဋိပက္ခများနှင့်သာ အချိန်ကုန်ပြီး အသက်များ၊ ခန္ဓာများ ပေးဆပ်နေရသည်။ သို့သော်လည်း တပ်မတော်သည် ကာကွယ်ရေး၊ လုံခြုံရေးတာဝန်များနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း မလစ်ဟင်းစေရဘဲ အချုပ်အခြာနှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်သည် ဆိုခြင်းကိုမူ နိုင်ငံရေးသမားအားလုံး၊ လက်နက်ကိုင် အဖွဲ့အားလုံး ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နိုင်စွမ်း ရှိသင့်သည်။ အမှန်တကယ်လည်း မြန်မာ့ တပ်မတော်သားအားလုံးသည် ငြိမ်းချမ်းရေးကို အရယူဖို့ ဆန္ဒပြင်းပြကြသည်မှာ ရှေ့ဆုံးကဖြစ်သည်။ စစ်၏အနိဋ္ဌာရုံများကို အသိဆုံးဖြစ်သော်လည်း ငြိမ်းချမ်းချင်၍သာ အသက်ပေးတိုက်ခိုက်နေရခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံနှင့်တိုင်းရင်းသားပြည်သူအပေါင်းတို့၏အရေးကို ပြုလုပ်ခဲ့၊ ပြုလုပ်ဆဲဖြစ်ပြီး နောင်လည်းဆက်လက်ပြုလုပ်ရမည့် လုပ်ငန်းစဉ်များစွာ ရှိနေသည်။ နိုင်ငံတကာ ပဋိပက္ခများကြားတွင် နိုင်ငံအပေါ် သက်ရောက်မှု အတိုင်းအတာအလိုက် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးတည်သည့် ဒေသတွင်းနှင့်အခြားမဟာမိတ် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများစွာ ရှိနေသည်။ လောလောဆယ် ပြည်တွင်း၊ ပြည်ပ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် မိမိနိုင်ငံ အချုပ်အခြာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ဦးစားပေးကာကွယ် စောင့်ရှောက်နေရဆဲဖြစ်သည်။ ရောဂါကပ်ဘေး၊ နိုင်ငံရေးပဋိပက္ခများနှင့် ဆက်နွှယ်၍ ကျဆင်းနေသော ပြည်သူတို့၏ လူမှုစီးပွားဘဝ များ တည်ငြိမ်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်နေရသည်။ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝနှင့် ပြည်တွင်းပဋိပက္ခများ အပြန်အလှန် ဆက်စပ်နေခြင်းကြောင့်လည်းဖြစ်သည်။ တစ်ချိန်တည်း မှာပင် လက်ရှိဆောင်ရွက်ဆဲ နိုင်ငံရေးအခင်းအကျင်းများ ဆက်လက်တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ရပါဦးမည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်အတူ မတူကွဲပြားမှုများကြားမှာ အမျိုးသားရင်ကြားစေ့ရေးနှင့်တကွ ဘုံရည်မှန်းချက်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကျန်ရှိနေပါသေးသည်။ ကွဲပြား နေသော လူမှုယဉ်ကျေးမှုများ၊ ဘာသာတရားများ ယခုထက်ပို၍ နီးစပ်၊ နီးကပ်မှုရှိရန် လိုအပ်နေပါသေးသည်။ အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်မည့် မျိုးချစ်တပ်မတော်အဖြစ် ဆက်လက်တည်ရှိရပါဦးမည်။

အနာဂတ်နိုင်ငံတော်ကြီးအတွက် တိုင်းရင်းသား ပြည်သူများနှင့် သဟဇာတဖြစ်မည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှုကို တည်ဆောက်နိုင်မည့်၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့်အတူ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အနေအထားများ အားလုံးသည် နိုင်ငံတော်လုံခြုံရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဖြစ်ရာ ယင်းအခြေအနေများအတွက် တာဝန်ခံမည့် အဖွဲ့အစည်းသည် အင်အားမရှိ၊ ဘေးရောက်၊ ယိုင်နဲ့နေ၍မဖြစ်ပါ။ ရေခံမြေခံကောင်းများဖြင့် ခိုင်မာသော အုတ်မြစ်ကောင်းကို ချနိုင်ရန်အတွက် တပ်မတော်ကဲ့သို့ အင်အားတောင့်တင်းပြီး စည်းကမ်းစနစ်တကျ ဖွဲ့စည်းထားသော အင်စတီကျူးရှင်းတစ်ခုမှလွဲ၍ အခြားမရှိပါကြောင်း ရေးသားလိုက်ရပါသည်။ ။