နေပြည်တော်၊ မတ်  ၂၆ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် မတ် ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပဋိဇီဝဓါတ်ကြွင်းနှင့် ဗိုင်းရပ်ပိုးစစ်ဆေးရေး ဓါတ်ခွဲခန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဈေးကွက်၏ ယုံကြည်မှုကို ထုတ်ကုန်၏ စံချိန်စံညွှန်း သေချာကောင်းမွန်မှု အာမခံချက်ဖြင့် တည်ဆောက်ကြရမည်ဖြစ်၍ ဓါတ်ခွဲခန်းများ၏ ကဏ္ဍသည်အရေးပါသည့် လုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊ ပညာရှင် အရင်းအမြစ်များ တိုးပွားရေး၊ ဓါတ်ခွဲခန်းများ ခေတ်စနစ်နှင့်အညီဖြစ်စေရေး စီမံဆောင်ရွက်ကြရန်လိုကြောင်း ဓါတ်ခွဲခန်းတာဝန်ရှိသူများကို မှာကြားသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပဋိဇီဝဓါတ်ကြွင်းနှင့် ဗိုင်းရပ်ပိုး စစ်ဆေးရေးဓါတ်ခွဲခန်း အနေဖြင့် နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြု ဓာတ်ခွဲခန်းထောက်ခံချက် (ISO/IEC 17025:2017) လက်မှတ်ကို ပဉ္စမအကြိမ်ရရှိထားပြီး ပဋိဇီဝဓါတ်ကြွင်းနှင့် ဗိုင်းရပ်ပိုး စစ်ဆေးရေး ဓါတ်ခွဲခန်းလုပ်ငန်းများ၊ စစ်ဆေးရေးနှင့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပတင်ပို့သည့် မွေးမြူရေး ထွက်ကုန်များတွင် ကူးစက်ရောဂါနှင့် ဓာတ်ကြွင်းများပါဝင်မှု မရှိစေရေးလုပ်ငန်းများကို မြန်မာ့မွေးမြူရေး ရေထွက်ကုန်များအတွက် ဓာတုဓာတ်ကြွင်းများ စောင့်ကြည့်စစ်ဆေးမှု အမျိုးသားအဆင့် စီမံချက် (National Residue Monitoring Plan-NRMP) နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သာကေတ စက်မှုဇုံရှိ မြန်မာရွှေဇာမဏီစက်မှု ကုမ္ပဏီ လီမိတက်၏ ပြည်ပပို့ကုန် ငါးတံခွန်၊ ငါးသင်းဝါ၊ ငါးရွှေ၊ ငါးခွေးရှာ၊ ငါးခေါင်းပွများ ထုတ်ပိုးမှု အဆင့်ဆင့်နှင့် အေးခဲမှု ၊ ပြည်ပတင်ပို့မှု လုပ်ငန်းများကို သွားရောက်ကြည့်ရှုအားပေးပြီး စက်ရုံအလုပ်ရုံနှင့် ငါးဖမ်းလုပ်ငန်းများအတွက် GMP/SSOP/HACCP သတ်မှတ်ချက်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ တိကျစွာလိုက်နာ ဆောင်ရွက်ရေး၊ သက်ဆိုင်ရာနိုင်ငံ၏ စံချိန်စံညွန်းများ ပြည့်မီရေးနှင့် ပို့ကုန်တိုးတက်ရေး ဆိုင်ရာများ ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင်  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများ၊ ငါးလုပ်ငန်းရှင်များနှင့် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရေး ၊ GAqP အပါအဝင် ခေတ်မီနည်းပညာအသုံးပြု ငါးပုစွန် မွေးမြူထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ ငါးဖမ်းရာသီသတ်မှတ်ခြင်း၊ အချို့ဒေသများတွင် လိုအပ်ချက်အရ ဇုံများသတ်မှတ် ထိန်းသိမ်းခြင်း၊ သဘာဝ ငါးမျိုးပွားခြင်းကို ခေတ်မီနည်းစနစ်များ အသုံးပြု၍ လေ့လာသုံးသပ်ခြင်း လုပ်ငန်းများတွင် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်