နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၂၉-၃-၂၀၂၃ ရက်မှအဆက်

“နောက်ပြီးတော့ အခုတင်ပြတဲ့ ကျပ်ငွေငါးဆယ့် ခုနစ်သိန်းခွဲကျော်ဖိုးထဲမှာဆိုရင် ထန်းလျက် ထုတ်ကုန်တစ်ခုထဲက တင်ပြထားတဲ့ ကုန်ထုတ်စွမ်းအားငွေပါ။ တခြား ထန်းပင်ထွက်ပစ္စည်းများဖြစ်တဲ့ ထန်းရွက်၊ ထန်းလျှော်၊ ထန်းကြောဖျာ၊ ထန်းခေါက်တောင်း၊ ထန်းမြစ်၊ ထန်းသီး၊ ထန်းရည်ခါး စတာတို့ရဲ့ တန်ဖိုးငွေ မပါသေးပါဘူး။ အဲဒီပစ္စည်းတွေရဲ့ ထုတ်လုပ်အား တန်ဖိုးငွေပါဆိုရင် သိန်းခုနစ် ဆယ်ကျော်ဖိုးအောက် မလျော့ပါဘူး” 

“ဒါနဲ့ ဆရာကြီး၊ ကျုပ် တစ်ခုမေးပါရစေ”

ဆရာကြီးဦးလှဒင်၏ စကားအပြတ်တွင် “ဆယ်ရင်” ဆိုသူ ထန်းသမားလူငယ်တစ်ဦးက မရဲတရဲဖြင့် လှမ်းမေးလိုက်သည်။ 

“မေးပါ မေးပါ၊ အားမနာပါနဲ့”

ဆရာကြီး ဦးလှဒင်ကလည်း လိုက်လျော ဖော်ရွေ စွာဖြင့် ပြန်ပြောလိုက်သည်။
“ဆရာကြီး ရှင်းပြသွားတဲ့ ကိုးကားချက် စာရင်းဇယားဟာ ၁၉၄ဝ၊ ၄၁ ခုနှစ်ကဆိုတော့ အင်္ဂလိပ် ခေတ်ဟောင်းကပဲ။ ခုခေတ်နဲ့ နှိုင်းယှဉ်လို့ ခေတ်မီပါ့မလား”

လက်ပံပင်ရွာ အလယ်တန်းကျောင်းမှ ထွက်လာသော အတော်အတန် ဗဟုသုတရှိသည့် ဆယ်ရင်က သူ့ထင်မြင်ချက်ကို ဖွင့်မေးလိုက်သည်။
“ဪ ဒါလား၊ နှိုင်းယှဉ်လို့ ရပါတယ်ကွယ့်။ ၁၉၄ဝ၊ ၄၁ ဆိုတော့ ဒုတိယကမ္ဘာစစ်ကြီး မြန်မာပြည်ထဲ ရောက်လုရောက်ဆဲ ဂျပန်တွေ မြန်မာနိုင်ငံထဲ မဝင်ခင်လေးက စာရင်းဇယားပေါ့။ ဒီတုန်းက မြန်မာနိုင်ငံဟာ စီးပွားရေးအနေနဲ့ ဖွံ့ဖြိုးနေဆဲ အချိန်ပါ။ အဲဒီတော့ ခင်ဗျားတို့ သံသယကင်းသွားအောင် အဲဒီလို မြန်မာပြည်ထဲ စစ်မရောက်မီ ၁၉၄ဝ၊ ၄၁ ခုနှစ်ကထွက်တဲ့ ထွက်ကုန်ပစ္စည်းတွေရဲ့ တန်ချိန်နဲ့ လွန်ခဲ့တဲ့ ၁၉၆၁၊ ၆၂ ခုနှစ်ကထွက်တဲ့ ကုန်ပစ္စည်းတွေရဲ့ ထွက်ကုန်စွမ်းအား တန်ချိန်နဲ့ တချို့တစ်ဝက်ကို ထုတ်နုတ်ပြီး နှိုင်းယှဉ်ကြည့်ကြရအောင်။

“အခု ကျွန်တော်ပြောပြသွားတဲ့ စာရင်းဇယားထဲမှာဆိုရင် ဟိုစဉ်ကလည်း ထန်းလျက်ပိဿာချိန် သိန်းသုံးရာကျော်၊ လွန်ခဲ့တဲ့နှစ်က ဆိုရင်လည်း ပိဿာချိန် သိန်းသုံးရာလောက်ဆိုတော့ ကွာခြားချက် မရှိပါဘူး။ အတူတူထွက်လျက်ပါပဲ။ ဒါပေမဲ့ စပါးကြည့်မယ်ဆိုရင်တော့ ဟိုစဉ် ၁၉၄ဝ၊ ၄၁ ခုနှစ်က စပါးတန်ချိန် ခုနစ်သန်းကျော် ထွက်တယ်။ အခု လွန်ခဲ့တဲ့ ၁၉၆၁၊ ၆၂ ခုနှစ်အထိ တန်ချိန်ခြောက်သန်းကျော်ပဲ ထွက်ရုံရှိသေးတယ်။ စစ်မဖြစ် မီကစံချိန်ကို ပြည့်အောင်မထုတ်လုပ်နိုင်သေးဘူး။ တခြားသီးနှံတွေဆိုလည်း ဒီလိုပဲ။ စစ်မဖြစ်မီက စံချိန်ကို မီအောင် မထုတ်လုပ်နိုင်သေးဘူး။

“အဲ အဲ မြေပဲတစ်ခုပဲ အောက်မြန်မာပြည်ကပါ ဆောင်းရာသီ သီးထပ်အနေနဲ့စိုက်ကြလို့ စစ်မဖြစ်မီ ၁၉၄ဝ၊ ၄၁ ခုနှစ်က တန်ချိန်နှစ်သိန်းခွဲကျော်။ အခု ၁၉၆၁၊ ၆၂ ခုနှစ်ကျတော့ တန်ချိန်သုံးသိန်းခွဲကျော်ထိ တိုးပြီးထွက်လာတယ်။ ထုတ်လုပ်လာတယ်။ ဒီတော့ ကျွန်တော် ပြောပြရှင်းပြခဲ့တဲ့ စာရင်းဇယားဟာ ခေတ်မီပါတယ်၊ နှိုင်းယှဉ်လို့ရပါတယ်လို့ ဆိုချင်ပါတယ်။

“အဲဒီတော့ စောစောကစကားကို ပြန်ပြီးဆက်ပါရစေ၊ ခင်ဗျားတို့ ထန်းသမားတွေဟာလည်း တခြားကောက်ပဲသီးနှံတွေကို ထွက်ရှိအောင်လုပ်တဲ့ တောင်သူလယ်သမားတွေလို ပြောပြခဲ့တဲ့ စာရင်း ဇယားများအရ တန်းတူရည်တူအနေနဲ့ တိုင်းပြည်ကို ကုန်ထုတ်စွမ်းအားတွေအပြည့်နဲ့ အကျိုးပြုနေတဲ့ “လူတန်းစားတစ်ရပ်” ပါ။

“ဒီနေရာမှာ ခင်ဗျားတို့ ထန်းသမားတွေဟာ ထန်းအောက်မြေကိုပါ ထွန်ယက်စိုက်ပျိုးပေးရလို့ တကယ်ဆိုတော့ တောင်သူတစ်ပိုင်း၊ ထန်းသမားတစ်ပိုင်း၊ “ထန်းတောင်သူ” တွေလို့ ခေါ်ချင်ရင်တောင် ခေါ်နိုင်ပါသေးတယ်။ တခြားကောက်ပဲသီးနှံ တွေရဲ့ ထွက်ကုန်စွမ်းအားတန်ဖိုးထဲမှာ ခင်ဗျားတို့ ထန်းသမားတွေလည်း ပါပါသေးတယ်။ ကဲပါလေ ဒါထားပါတော့၊ ကျွန်တော် ပထမဆုံး နိဒါန်းပလ္လင်ခံ ခဲ့တဲ့စကားကို ပြန်ကောက်ပါရစေ။

“ဘာကြောင့် ဒီနေရာမှာ ခင်ဗျားတို့ ထန်းသမား အလုပ်သမား တောင်သူလယ်သမားတွေရဲ့ ခေတ်လို့ ဆိုနိုင်သလဲလို့ မေးစရာရှိပါတယ်။ တကယ်တော့ မေးနေစရာတောင် မလိုပါဘူး။ ကျွန်တော်တို့ ဒီထန်းတောပိုင်းမှာသာ ခေတ်က မပြောင်းလဲသေးပေမယ့် တခြားနေရာတွေမှာဆိုရင် သိသိသာသာကြီးနဲ့ အံ့သြလောက်အောင် ပြောင်းလဲသွားတာကို တွေ့နေရပါတယ်။ ဒီလို ပြောင်းလဲသွား တာကလည်း တိုင်းပြည်ကိုအုပ်ချုပ်တဲ့ အစိုးရကိုယ်တိုင်က ဝါဒလမ်းစဉ်ပြောင်းသွားလို့သာ ဒီနေ့ တောင်သူလယ်သမား အလုပ်သမားတွေရဲ့ ဘဝ အခြေအနေဟာလည်း ပြောင်းသွားရခြင်းပါ။ နောက်ပြီး ဒီနေ့ တိုင်းပြည်ကို အုပ်စိုးနေတဲ့ အစိုးရကလည်း အရင့်အရင်အဆက်ဆက်က တက်လာခဲ့တဲ့ အစိုးရတွေနဲ့မတူတဲ့ လူနေမှုစနစ်ကို ပြောင်းလဲပစ်မယ့် တော်လှန်ရေးအစိုးရပဲဆိုတာ ခင်ဗျားတို့ အသိပဲ။

“ဒါကြောင့်လည်းပဲ တော်လှန်ရေးအစိုးရပီပီ ယိုယွင်းပျက်စီးနေတဲ့ စနစ်ဟောင်း စနစ်ဆွေး၊ ဥပဒေဟောင်း ဥပဒေဆွေးတွေကို အားလုံးဖျက်သိမ်းပစ်တယ်။ သို့မို့လို့လည်းပဲ တော်တော်တလောက တောင်သူလယ်သမားတွေဘက်က မနစ်နာနိုင်တဲ့ ကာကွယ်ပေးတဲ့ လယ်သီးစားဥပဒေကို အသစ်ပြန်လည်ရေးဆွဲပြီး ကြေညာအတည်ပြုလိုက်တယ်လေ။ အဲဒီလိုပဲ လက်ရှိ အလုပ်သမားဥပဒေဟာလည်း အလုပ်သမားတွေဘက်က ထိရောက်စွာ မကာကွယ်နိုင်လို့ မကြာခင်မှာပဲ တကယ်ထိရောက်အောင် ကာကွယ်နိုင်တဲ့ အလုပ်သမားဥပဒေသစ်ကို ပြန်လည်ရေးဆွဲပြီး ပြဋ္ဌာန်းပေးတော့မယ်ဆိုတဲ့ အကြောင်းမေဒေးနေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းက မိန့်ကြားသွားတယ်။

“ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီနေ့တော်လှန်ရေး အစိုးရဟာ တောင်သူလယ်သမား အလုပ်သမားတွေကို နေရာပေးနေပြီ၊ ရှေ့တန်းမှာတင်နေပြီ။ လယ်သမား၊ အလုပ်သမားနိုင်ငံ ထူထောင်နေပြီဆိုတာကို လက်တွေ့က သက်သေပြနေပြီ။ ဒါကြောင့်မို့ စောစောက ကျွန်တော်တင်ပြခဲ့သလို ဒီနေ့ခေတ်ဟာ အလုပ်သမားခေတ်ဆိုတော့ တောင်သူလယ်သမား အလုပ်သမားဖြစ်ရတာဟာ ဂုဏ်ယူစရာပါ။ ဒီအစိုးရ မတက်ခင် အရင်ခေတ်တွေကဆို တောင်သူလယ် သမား အလုပ်သမားတွေဆိုရင် ပညာမတတ် ဘာမတတ် ဆင်းရဲသားတွေဆိုပြီး လူရာမသွင်းဘူး။ အမြဲတမ်း နှိမ့်ချထားတယ်။ ကုန်သည်ကြီး၊ ပွဲစားကြီး၊ စာရေးကြီး၊ အရာရှိကြီးရယ်ဆိုမှ ဂုဏ်ရှိတယ်၊ လူအထင်ကြီးတယ်လို့ ထင်ခဲ့ကြတာ။ ခုတော့ ဒီခေတ်ဟာ ကုန်ဆုံးခဲ့ပါပြီ။

“ဒါကြောင့်လည်း ဒီနေ့တိုင်းပြည်ရဲ့ ခေတ်ကာလ စနစ်တွေကို ပြောင်းလဲလှုပ်ရှားသွားနိုင်စေတဲ့ ညီလာခံ နှီးနှောဖလှယ်ဆွေးနွေးပွဲကြီးတွေမှာဆိုရင် ခင်ဗျားတို့လို အလုပ်သမား၊ လယ်သမား တောင်သူကြီးတွေဟာ တဘက်ခေါင်းပေါင်းကြီးတွေ တကားကားနဲ့ တော်လှန်ရေးကောင်စီဝင် ပုဂ္ဂိုလ်တွေနဲ့ တစ်စားပွဲထဲထိုင်ပြီး လက်ရည်တစ်ပြင်တည်း ကိုယ့်နစ်နာချက်တွေကို တင်ပြဆွေးနွေးနေကြပြီ ဆိုတာဟာ စစ်ကိုင်းခရိုင်က အုန်းတော၊ ဟင်္သာတခရိုင်က ဒူးယား၊ ရန်ကုန်မေဒေးအခမ်းအနားတို့မှာ ကျင်းပခဲ့တဲ့ နှီးနှောဖလှယ် ဆွေးနွေးပွဲတွေမှာ မြင်ရခြင်းအားဖြင့် သိနိုင်ပါတယ်”

“နေပါဦး ဆရာကြီးရဲ့။ အုန်းတောတို့၊ ဒူးယားတို့၊ ရန်ကုန်မေဒေးတို့ဆိုတာက ဘာလဲ။ ကျုပ်တို့ နားမလည်ပါဘူး”

ဆရာကြီး ဦးလှဒင်၏စကား ခဏပြတ်အသွားတွင် ထွေးရီတို့အဖေ ဦးစံကျော်က ကောက်မေးလိုက်သည်။ တခြားလူများမှာ သူတို့နားမလည်သည့် စကားတစ်ခုကို ဦးစံကျော်က ရုတ်တရက် ဝင်မေးလိုက်သဖြင့် ကျေနပ်သွားကြပုံရသည်။

“ဪ ဒါလား။ အထက်မြန်မာပြည် စစ်ကိုင်းခရိုင်မှာ အုန်းတောဆိုတဲ့ ကျေးရွာလေးတစ်ရွာ ရှိတယ်။ အဲဒီရွာမှာ ပြီးခဲ့တဲ့နှစ် တပို့တွဲလလောက်တုန်းက တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း အမှူးပြုတဲ့ တော်လှန်ရေးကောင်စီအဖွဲ့ဝင် အချို့နဲ့ အထက်မြန်မာပြည်မှာရှိတဲ့ တောင်သူ လယ်သမား၊ ကိုင်းသမား၊ ယာသမားတွေဟာ တွေ့ဆုံပြီး ဆွေးနွေးကြတယ်လေ။ အထူးသဖြင့် တော်လှန်ရေးကောင်စီအစိုးရကလည်း ရှေ့ကို တောင်သူလယ်သမားတွေအတွက် ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုစီမံကိန်းတွေရှိတယ် ဆိုတာတွေ ပြောပြသွားသလို ကျွန်တော်တို့တောင်သူလယ် သမားတွေဘက်ကလည်း ဒီနေ့ တောင်သူလယ်သမားတွေ လက်ငင်းတွေ့ကြုံရင်ဆိုင်နေရတဲ့ ပြဿနာအခက်အခဲတွေ၊ ဘယ်လိုစိုက်ပျိုးလို့ဖြင့် ဘယ်လိုအောင်မြင်နေတယ်။ သမဝါယမ စုပေါင်းနည်းနဲ့ ဘယ်လိုတွေ မွေးမြူရေးလုပ်လို့၊ ဈေးဆိုင်ဖွင့်လို့၊ တချို့ အောင်မြင်တာ၊ တချို့ မအောင်မြင်တာတွေ။ နောက်ပြီးတော့ အထက်အရာရှိကြီးတွေရဲ့ ညစ်ပတ်စုတ်ပဲ့ပုံတွေ၊ နိုင်ငံရေးသမားတွေ ကလိမ်ကျတာတွေ၊ နောက်ပြီးတော့ ဝါဂွမ်းအဝယ်ဒိုင်တွေ၊ ပဲအဝယ်ဒိုင်တွေရဲ့ မလိမ့်တပတ် ခေါင်းပုံဖြတ်ပုံ ဈေးနှိမ်ပုံတွေ၊ အဲဒါတွေကို တက်ရောက်လာကြတဲ့ တောင်သူလယ်သမား ကိုယ်စားလှယ်တွေက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးနဲ့ အဲဒီတွေ့ဆုံတဲ့ နှီးနှောဖလှယ်ပွဲကြီးမှာ တစ်ခါတည်း ရင်ဖွင့် တင်ပြသွားကြပါတယ်။

အဲဒီလိုပဲ အောက်မြန်မာပြည် တောင်သူလယ် သမားတွေအတွက်လည်း ဟင်္သာတခရိုင်က ဒူးယားကျေးရွာမှာလုပ်တဲ့ နှီးနှောဖလှယ် ဆွေးနွေးပွဲကြီးမှာလည်း အောက်မြန်မာပြည် လယ်သမားကြီးတွေဟာ သူတို့ရဲ့ ခံစားချက်၊ နစ်နာချက်တွေကို အကျေအလည် တင်ပြဆွေးနွေးသွားကြတယ်။
“နောက် ရန်ကုန်မြို့မှာ အလုပ်သမားကြီးတွေအတွက် အလုပ်သမားနေ့လို့ခေါ်တဲ့ မေလတစ်ရက်နေ့က ကျင်းပတဲ့ “မေဒေးနေ့” အလုပ်သမား အောင်ပွဲနေ့ကြီး ပွဲတော်ရက်အတွင်းမှာလည်း အုန်းတော၊ ဒူးယား နှီးနှောဖလှယ်ပွဲတွေမှာလိုပဲ အလုပ်သမားကြီးတွေနဲ့ တော်လှန်ရေးကောင်စီ အဖွဲ့ဝင်အချို့နဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသွားကြတယ်။ အဲဒီအလုပ်သမားတွေရဲ့ ဆွေးနွေးချက်တွေဆိုရင် ရေဒီယိုကတောင် ပြန်ပြီးလွှင့်ပေးနေလို့ အတိုင်းသားကြားနေရတာပဲ။ ဒီဆွေးနွေးပွဲမှာလည်း အုန်းတော၊ ဒူးယားမှာလို အလုပ်ရုံ စက်ရုံပိုင်ရှင် တွေရဲ့ ဖိနှိပ်ချက်တွေ၊ ညစ်ပတ်မှုတွေ၊ မလိုရင် မလိုသလို အလုပ်ထုတ်ပစ်ခြင်းခံရပုံတွေ၊ အဲဒီလို အလုပ်သမားတွေရဲ့ နစ်နာချက်တွေကို အလုပ်သမား ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးသွားကြတယ်”

ဆက်လက်ဖော်ပြပါမည်။