နေပြည်တော်၊ မေ ၇
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ကြီးမှူးကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းပြပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ရှိ LOTTE ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းပြပွဲကို ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းပြပွဲကို ဈေးကွက်ရှာဖွေပေးခြင်း၊ ဘဏ္ဍာရေး လိုအပ်ချက်များ အဖြေရှာပေး ခြင်း၊ တီထွင်ဆန်းသစ်မှုကို အားပေးခြင်း၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ နည်းပညာအခက်အခဲများ ကူညီဖြေရှင်းပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများပံ့ပိုးပေးခြင်းနှင့် ဖန်တီးပေးခြင်း၊ နိုင်ငံတကာ စီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက်ပေးခြင်းစသည့် ရည်ရွယ်ချက် ကောင်းများဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်း ကျော်သည် MSME များဖြစ်ကြောင်း၊ နိုင်ငံစီးပွားရေးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်ရန် လိုအပ်သည့်အတွက် လက်ရှိပြဋ္ဌာန်းထားသည့် မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် အဆင့်မြင့်ဒီဂျစ်တယ် နည်းပညာများ အသုံးပြုနိုင်ရေးအတွက် ဒီဂျစ်တယ်အသုံးပြုမှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန် မဲခေါင်-လန်ချန်း ရန်ပုံငွေဖြင့် “MSMEs Upskilling and Reskilling Digital Capacity Development Program for Integrating in the Digital Economy” စီမံကိန်းကို ၂၀၂၃ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အာဆီယံ ဒေသတွင်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ၊ အဖွဲ့အစည်းများနှင့် MSME တို့ သုံးဦးသုံးဖလှယ် ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်မှကောင်းမွန်သည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော်၍ လိုအပ်သည့် ပံပိုးကူညီမှုများကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး အဖွဲ့အစည်း များမှလည်း ချမှတ်ထားသည့် မူဝါဒများနှင့်အညီ လိုက်ပါပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင် အသင်းအဖွဲ့များ အပါအဝင် ပုဂ္ဂလိကကဏ္ဍ ဘက်မှလည်း ယခုထက်ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန် ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌက အသင်းကြီးမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေ၊ ဆက်လက်ဆောင်ရွက် ပေးသွားမည့်အစီအမံများကို ရှင်းလင်း တင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များသည် ပြည်တွင်း MSME ထုတ်ကုန်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးညှိနှိုင်း အစည်းအဝေးကို မရမ်းကုန်းမြို့နယ်၊ သလ္လာဝတီလမ်းရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများမှ စက်ရုံမှူးများ၊ ဌာနတာဝန်ခံများတက်ရောက်သည်။

ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုဖြစ်ပေါ်နေသည့် ရာသီဥတု အခြေအနေအရ မိုချာမုန်တိုင်းသည် အားကောင်းလာပါက ကွမ်းခြံကုန်းမြို့နှင့် ဖျာပုံမြို့အကြားမှလည်းကောင်း၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အကြားမှလည်းကောင်း၊ ဖြတ်သန်း၍ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု မိုးလေဝသ ပညာရှင်များမှ ခန့်မှန်းတွက်ချက်ထားကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ ရုံး၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကျ ရောက်နေစဉ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများကိုလည်း ကြိုတင်မျှော်တွေးစဉ်းစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါကလည်း ပျက်စီး ဆုံးရှုံးခဲ့မှုနှင့်ပတ်သက်၍ ဆောင်ရွက်မှုအစီအမံများ၊ ဝန်ထမ်းများကို ကျန်းမာရေး စောင့်ရှောက်ပေးမည့် အစီအမံများကိုလည်း ကြိုတင်စဉ်းစားဆောင်ရွက်ထားရန်နှင့် လုပ်ငန်းတာ ဝန်များကို အလေးအနက်ထား၍ ဆောင်ရွက်ကြရန် မှာကြားပြီး စက်ရုံမှူးများက သဘာဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
သတင်းစဉ်