နေပြည်တော် မေ ၁၉
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးခန်းမ၊ ရန်ကုန်၌ ကျင်းပ သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အဂတိလိုက် စားမှုတားဆီး ကာကွယ်ရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင် စေရေးအတွက် အဂတိလိုက်စားမှု ပေါ်ပေါက်နိုင်သော အခြေအနေများကို ကြိုတင်စိစစ် ဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှု အန္တရာယ် ဖြစ်နိုင်ခြေရှိမှုကို ဆန်းစစ်အကဲဖြတ်ခြင်းနှင့် အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်ခြင်းတို့ ဆောင်ရွက်နိုင်ရန် ကော်မရှင်၏ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင်သည် လူ့အခွင့် အရေး မြှင့်တင်ပညာပေးခြင်းလုပ်ငန်းနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဝန်ဆောင်မှု လုပ်ငန်းများကို အဓိကထားဆောင်ရွက်ရပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင် သည့် အခြေအနေ၊ အခွင့်အလမ်း နည်းပါသော်လည်း တွေ့ရှိလာသည့် အတွေ့အကြုံများ၊ အခက်အခဲများအရ အဂတိလိုက်စားမှု ဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး ဌာနတွင်း ကြီးကြပ်မှု အားကောင်းစေသည့် အစီအမံများ ဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့သည် တစ်ချိန်တည်းတွင် ဖွဲ့စည်းခဲ့ကြကြောင်း၊ ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ထောက်ပံ့ ရေးပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ်သည့် ကော်မတီ ကို ဖွဲ့စည်းပြီး ရာဇသတ်ကြီး(Penal Code)အရ အရေးယူခြင်း၊ ၁၉၄၈ ခုနှစ်တွင် အဂတိ လိုက်စားမှု တားမြစ်ရေးအက်ဥပဒေပြဋ္ဌာန်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပြီး အဂတိလိုက်စားမှု အကျင့်စရိုက်သည် လူ့အဖွဲ့အစည်းတွင်း ကူးစက်ပျံ့နှံ့လွယ်သော ကပ်ရောဂါ တစ်ခုဖြစ်၍ အချို့ကိစ္စများ၌ အလွယ်တကူ ဖောက်ဖျက်ကျူး လွန်နေခြင်းများကို သတိပြုရှောင်ကျဉ်ရန် လိုကြောင်း၊ အဂတိလိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှု များလေလေဖြစ်၍ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများကို လိုက်နာရန် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြည်သူတစ်ဦးခြင်း၊ မိသားစုတစ်စုခြင်း အားလုံးက ထိန်းသိမ်း လိုက်နာကြရန်လိုပြီး “ အဂတိ ပယ်ခွာပြည်သာယာ” ရန်အတွက် လက်တွဲပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်ရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု သဘောတရားများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ တားဆီး ကာကွယ်ရေး စီမံချက်၊ လုပ်ငန်းလမ်းညွှန်(Terms of Reference-TOR) နှင့် တည်မြဲလုပ်ထုံး လုပ်နည်း(Standing Operating Procedures-SOP) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် နေပြည်တော်ရုံးခွဲမှ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်နှင့် မန္တလေး/ ပုသိမ်ရုံးခွဲများမှ ရုံးဝန်ထမ်းများက Online Platform ဖြင့်လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ဝန်ထမ်းများက In-person ဖြင့်လည်းကောင်း တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
(သတင်းစဉ်)