နေပြည်တော် မေ ၂၅
စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင် ကြဉ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သားမခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသည့်နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်တည်ဆောက်ရမည်ဖြစ်ပါ ကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတယ်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှုများပေါ်ပေါက်လာမှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စာမှု များမဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည်ဖြစ်ပါ ကြောင်း၊ ယနေ့ ရှင်းလင်းဆွေး နွေးပွဲသို့ တက်ရောက်လာကြသည့် အရာထမ်းကြီးများ အနေဖြင့် ယခုအခမ်းအနားမှ ရရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိမှတစ် ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် ပြည်သူ့ဝန်ထမ်းများ လေးစားလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများအပြင် သက်ဆိုင်ရာပညာရပ်ကောင်စီ အသီး သီးမှ ပြဋ္ဌာန်းထားသည့် ပညာရှင်များ၏ ကျင့်ဝတ်စည်းကမ်းများကိုလည်း လေးစားလိုက်နာ ရမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဓိကအဟန့်အတားတစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ ထိခိုက်နစ်နာစေသည့်အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကိုပါ ဆိုးကျိုးသက်ရောက်မှုများဖြစ်စေနိုင်ပါ ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် အသိပညာ ပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသည့် နည်းလမ်း သုံးသွယ်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း။
အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် များစွာပိုမိုကျယ်ဝန်းပါကြောင်း၊ ယုံကြည်အပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းသည် အစိုးရဌာနများတွင်သာမက ပုဂ္ဂလိကလုပ်ငန်းများနှင့်ပါ သက်ဆိုင်ပြီး လာဘ်ငွေအနည်း ငယ်ပေးခြင်း၊ ယူခြင်းမှသည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းအထိ ပါဝင်ပါကြောင်း၊ ကော်မရှင်အနေဖြင့် စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကို နိုင်ငံ့ဝန်ထမ်းများသာမက စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူ တစ်ရပ်လုံးက ပိုမိုနားလည်သဘောပေါက်စေရေးနှင့် စိတ်ကျေနပ်အားရမှုဖြစ်စေရေးတို့အ တွက် လူမှုမီဒီယာအပါအဝင် သတင်းမီဒီယာများမှ တစ်ဆင့် အသံ၊ အရုပ်၊ ပုံစံအမျိုးမျိုး တို့ဖြင့် ရှင်းလင်းဖော်ပြခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများတွင် ရှင်းလင်းဆွေးနွေးခြင်းနှင့် ဥပဒေစာအုပ်များကို အခမဲ့မျှဝေပေးခြင်း၊ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနများမှတစ်ဆင့် နိုင်ငံ့ဝန်ထမ်းများထံ ဥပဒေစာအုပ်များဖြန့်ဝေ ပေးခြင်း၊ ရှင်းလင်းဆွေးနွေးခြင်းစသည်တို့ဖြင့် ပညာပေးခြင်းလုပ်ငန်းတို့ကို ကျယ်ပြန့်စွာ ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊
ကော်မရှင်အနေဖြင့် ကော်မရှင် အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်း (၃၈)ခုနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ (၁၄)ခုတို့တွင် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားသည့်ဌာနများနှင့် ညှိနှိုင်း၍ လုပ်ငန်းတာဝန်(၃)ရပ်နှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (၆)ရပ်တို့ကိုချမှတ်ပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်လျက်ရှ သည့် လုပ်ငန်းစဉ် Video Clip ကို ပြသသည်။
ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူချုပ် ဦးထိန်လင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျည်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ် ပေါ်ရခြင်းအကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြား ရေးမှူး ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအောင်ခန့် က စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးရာ တက်ရောက်သူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်း၍ ရှင်းလင်းဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်