ရန်ကုန် ၁၆ ဖေဖော်ဝါရီ
ပြည်ထောင်စုနေ့နှင့် ရန်ကုန်မြင်းစီးအသင်း (၄၆)နှစ်မြောက် အထိမ်းအမှတ် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရန်ကုန်မြင်းစီးအသင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥပဒေစိုးမိုးရေး၊ တိုင်ကြားစာနှင့် အသနားခံစာများ စီစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် ရန်ကုန်မြင်းစီးအသင်းနာယက ဒေါက်တာ ဦးခင်ရွှေတို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပြီး ရန်ကုန်မြင်းစီးအသင်း ဥက္ကဋ္ဌ ဦးအောင်မော်သိန်းမှ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာ့ရိုးရာ မြင်းစီးပြိုင်ပွဲအတွက် ပံ့ပိုးကူညီသူတို့အား ရန်ကုန်မြင်းစီးအသင်းမှ တာဝန်ရှိသူတို့က Sponsorship ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြပြီး မြင်းစီးပြိုင်ပွဲများကို ကျင်းပခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများတွင် ဒုန်းစီး(အငယ်တန်း)၊ ဒုန်းစီး (အလတ်တန်း)၊ ဒုန်းစီး(အကြီးတန်း) ပြိုင်ပွဲများနှင့် တန်းခုန် (Jumping)ပြိုင်ပွဲများ၊ ကလေးမြင်းစီးပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများကို ရန်ကုန်မြင်းစီးအသင်း တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲသို့ ရန်ကုန်မြင်းစီးအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အနယ်နယ် အရပ်ရပ်မှ ပြိုင်ပွဲဝင် အားကစားသမားများ၊ မြင်းစီးအားကစားဝါသနာရှင်များ၊ စိတ်ဝင်စားသူပြည်သူများ၊ ပရိတ်သတ်များ တက်ရောက်အားပေးခဲ့ကြသည်။
ရဲမင်းထွန်း(ပြန်/ဆက်)