ရန်ကုန် ၁၆ ဖေဖော်ဝါရီ
နိုင်ငံခြားသား ရုပ်ရှင်ဒါရိုက်တာတစ်ဦး ရိုက်ကူးထားသည့် Hero ရုပ်ရှင် အထူးပြသပွဲကို ရန်ကုန်မြို့ သမ္မတရုံတွင် ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်းက မိတ်ဆက်ပြသသည်။
Hero ရုပ်ရှင်ကားသည် လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ မအေးအေးဝင်း စီစဉ်ထုတ်လုပ်ပြီး ဇာတ်လမ်း/ဇာတ်ညွှန်း အောင်နိုင်၊ အိန္ဒိယနွယ်ဖွား မလေးရှားမှ ဒါရိုက်တာ R.Perakas က ရိုက်ကူးထားသည့် အက်ရှင်ကားတစ်ကား ဖြစ်သည်။
ဒါရိုက်တာ R.Perakas က “ဒီကားက မြန်မာနိုင်ငံမှာ ရိုက်တာ လေးကား မြောက်ဖြစ်ပါတယ်၊ ဒီကားက အချစ်ဇာတ်ကြမ်း ကားမျိုးဖြစ်ပါတယ်၊ ရိုက်ကွင်း အသားပေးထားပါတယ်” ဟု ပြောကြားသည်။ ဒါရိုက်တာ R.Perakas သည် မလေးရှား၊ မြန်မာ၊ အိန္ဒိနိုင်ငံ ဘောလိဝုဒ်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင် ရုပ်ရှင်များကို ရိုက်ကူးခဲ့ရာ မြန်မာနိုင်ငံ၏ ရုပ်ရှင်ဈေးကွက်မှာ တိုးတက်မှု အခြေအနေတွင်ရှိပြီး ရုပ်ရှင်လောကမှာလည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
Hero ဇာတ်ကားတွင် အကယ်ဒမီဇင်ဝိုင်း၊ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ သရုပ်ဆောင်ခင်လှိုင်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် မြန်မာတစ်နိုင်ငံလုံး စတင်ပြသသွားမည်ဟု သိရသည်။
သတင်းနှင့် ဓာတ်ပုံ - သန့်စင်ဝင်း