သတင်းဆောင်းပါး - မောင်နေ (အရာထမ်း)
ယနေ့ကမ္ဘာ့ခရီးသွား
ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ(WTTC) မှ President နှင့် CEO ဖြစ်သူ Gloria Guevara Manzo ၏ ၂၀၁၈ ခုနှစ်အစီရင်ခံစာတွင် “ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံးစီးပွားရေးကဏ္ဍတစ်ခုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပို့ကုန်တိုးမြှင့်စေခြင်းစသည်ဖြင့် ကမ္ဘာတစ်ဝန်း အကျိုးဖြစ်ထွန်း စေလျက်ရှိကြောင်း ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ GDP ၏ ၁၀ ဒသမ ၇ ရာခိုင်နှုန်းမှာ ခရီးသွားကဏ္ဍမှဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၃၁၃ သန်း ဖန်တီးပေးခဲ့သည့်အတွက် အလုပ်အကိုင် ၁၀ ခုလျှင် တစ်ခုနှုန်းမှာ ခရီးသွားလုပ်ငန်းမှ ဖန်တီးပေးကြောင်း၊ ယခင်နှစ် ၂၀၁၇ ခုနှစ်သည် ကမ္ဘာလှည့်ခရီးသည်များ၏ ငွေကြေးသုံးစွဲမှု အလွန်အားကောင်းသည့်အတွက် GDP တိုးတက်မှုအကောင်းဆုံးဖြစ်ခဲ့ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုအတွက် မောင်းနှင်အားကောင်းသည့်အင်ဂျင်တစ်ခုသဖွယ်ဖြစ်ကြောင်း၊ အလုပ်အကိုင် သန်းပေါင်း ၁၀ဝ ကျော် ထပ်မံဖန်တီးနိုင်ရန် အလားအလာရှိနေပါကြောင်း၊ ကမ္ဘာ့အံ့ဖွယ်ထူးခြား နေရာများသို့ သွားရောက်လည်ပတ်မည့် ခရီးသည်အရေအတွက် အရှိန်အဟုန်ဖြင့်တိုးတက်လျက် ရှိနေကြောင်းနှင့် အားကောင်းသော တိုးတက်မှုအတွက် ခိုင်မာသောစီမံခန့်ခွဲမှု အမှန်လိုအပ်မည်ဖြစ်ကြောင်း၊ WTTC အနေနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍမှ မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် သုတေသနမှရရှိသည့်အချက်အလက်များကို ဆက်လက်ပံ့ပိုးမည်ဖြစ်ကြောင်း”ဖော်ပြပါရှိလာခဲ့ပါ သည်။ အဆိုပါသုတေသနအချက်အလက်များကို ဆက်လက်လေ့လာကြည့်ရာတွင် ဒေသတွင်းနိုင်ငံများ နှင့်မြန်မာ့ခရီးသွားကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့်ရလဒ်များကို အောက်ပါအတိုင်း လေ့လာသုံးသပ်ရပါ သည်-
ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း (အမေရိကန်ဒေါ်လာ) ရင်းနှီးမြှုပ်နှံမှုအခြေအနေမှာ စင်ကာပူနိုင်ငံတွင်၁၄ ဒသမ ၅ ဘီလီယံဖြင့် အမြင့်ဆုံးရပ်တည်နေပြီး အင်ဒိုနီးရှားနိုင်ငံတွင် ၁၂ ဘီလီယံ၊ ထိုင်းနိုင်ငံတွင် ၇ ဒသမ ၇ ဘီလီယံ၊ မလေးရှားနိုင်ငံတွင် ၅ ဒသမ ၃ ဘီလီယံ၊ ဗီယက်နမ်နိုင်ငံတွင် ၅ ဒသမ ၁ ဘီလီယံဖြင့် အစဉ်လိုက်ရပ်တည်လျက်ရှိပါသည်။ Visitor Exports ပြည်ပသို့တင်ပို့ရန်မလိုဘဲ မိမိတို့တိုင်းပြည်အတွင်း လာရောက်ဝယ်ယူသုံးစွဲမှု၊ တစ်နည်းအားဖြင့် ခရီးသည်များ၏ငွေကြေးသုံးစွဲမှု(အမေရိကန်ဒေါ်လာ) မှာ ထိုင်းနိုင်ငံတွင် ၅၉ ဒသမ ၆ ဘီလီယံဖြင့်အများဆုံးဖြစ်ပြီး စင်ကာပူနိုင်ငံတွင် ၁၉ ဒသမ ၁ ဘီလီယံ၊ မလေးရှားနိုင်ငံတွင် ၁၈ ဒသမ ၅ ဘီလီယံနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ၁၄ ဒသမ ၄ ဘီလီယံ အသီးသီးရရှိခဲ့ကြပါသည်။ နိုင်ငံအလိုက် GDP သို့ ခရီးသွားကဏ္ဍမှရရှိငွေ(အမေရိကန်ဒေါ်လာ) အခြေအနေမှာ ထိုင်းနိုင်ငံတွင် ၉၅ ဘီလီယံ ရရှိမှုအများဆုံးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံတွင်၆၆ ဒသမ ၃ ဘီလီယံ၊ အင်ဒိုနီးရှားနိုင်ငံတွင် ၅၈ ဒသမ ၉ ဘီလီယံနှင့် မလေးရှားနိုင်ငံတွင် ၄၁ ဒသမ ၉ ဘီလီယံရရှိခဲ့ပါသည်။ ခရီးသွားကဏ္ဍမှ အလုပ်အကိုင်ရရှိမှုမှာ အင်ဒိုနီးရှားနိုင်ငံတွင် ၄၅၈၅၁၀ဝ ဖြင့် အများဆုံးဖြစ်ပြီး ဗီယက်နမ်နိုင်ငံ တွင် ၂၄၆၇၆၀ဝ၊ ဖိလစ်ပိုင်နိုင်ငံတွင် ၂၃၄၈၂၀ဝ နှင့် ထိုင်းနိုင်ငံတွင် ၂၃၃၆၆၀ဝ အသီးသီးရရှိကြပါသည်။
စင်ကာပူနိုင်ငံသည် ခရီးသွားကဏ္ဍရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်သော်လည်း Visitor Exports ခရီးသည်များ၏ ငွေကြေးသုံးစွဲမှုသည် စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး၏ ၃ ဒသမ ၅ ရာခိုင်နှုန်း၊ GDP သို့ ခရီးသွားကဏ္ဍမှပါဝင်မှုရာ ခိုင်နှုန်းမှာ ၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ခရီးသွားကဏ္ဍမှ အလုပ်အကိုင်ရရှိမှုမှာ စုစုပေါင်းအလုပ်အကိုင်ရရှိမှု၏ ၄ ဒသမ ၆ ရာခိုင်နှုန်းရရှိခဲ့သည်ကို တွေ့ရပါသည်။
အင်ဒိုနီးရှားနိုင်ငံသည် ခရီးသွားကဏ္ဍရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးဖြစ်ပြီး Visitor Exports ခရီးသည်များ၏ ငွေကြေးသုံးစွဲမှုသည် စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး၏ ခုနစ်ရာ ခိုင်နှုန်း၊ GDP သို့ခရီးသွားကဏ္ဍမှ ပါဝင်မှုရာ ခိုင်နှုန်းမှာ ၁ ဒသမ ၉ ရာခိုင်နှုန်းနှင့် ခရီးသွားကဏ္ဍမှ အလုပ်အကိုင်ရရှိမှုမှာ စုစုပေါင်းအလုပ်အကိုင်ရရှိမှု၏ ၃ ဒသမ ၇ ရာခိုင်နှုန်းရရှိခဲ့သည်ကို တွေ့ရပါသည်။
ထိုင်းနိုင်ငံသည် ခရီးသွားကဏ္ဍရင်းနှီးမြှုပ်နှံမှု တတိယအများဆုံးဖြစ်သော်လည်း Visitor Exports ခရီးသည်များ၏ ငွေကြေးသုံးစွဲမှုသည် စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး၏ ၁၉ ဒသမ ၂ ရာခိုင်နှုန်း၊ GDP သို့ ခရီးသွားကဏ္ဍမှပါဝင်မှုရာ ခိုင်နှုန်းမှာ ၉ ဒသမ ၄ ရာခိုင်နှုန်းနှင့် ခရီးသွားကဏ္ဍမှ အလုပ်အကိုင်ရရှိမှုမှာ စုစုပေါင်းအလုပ်အကိုင်ရရှိမှု၏ ၆ ဒသမ ၂ ရာခိုင်နှုန်းသာရရှိခဲ့ပြီး ရလဒ်ကောင်းမွန်သောနိုင်ငံ ဖြစ်ခဲ့ပါသည်။
မလေးရှားနိုင်ငံသည် ခရီးသွားကဏ္ဍရင်းနှီးမြှုပ်နှံမှုစတုတ္ထအများဆုံးဖြစ်ပြီး Visitor Exports ခရီးသည်များ၏ ငွေကြေးသုံးစွဲမှုသည် စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး၏ ၈ ဒသမ ၃ ရာခိုင်နှုန်း၊ GDP သို့ခရီးသွားကဏ္ဍမှပါဝင်မှုရာ ခိုင်နှုန်းမှာ ၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် ခရီးသွားကဏ္ဍမှ အလုပ်အကိုင်ရရှိမှုမှာ စုစုပေါင်းအလုပ်အကိုင်ရရှိမှု၏ ၄ ဒသမ ၆ ရာခိုင်နှုန်းရရှိခဲ့သည်ကိုတွေ့ရပါသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများခြင်းမရှိသော်လည်း Visitor Exports ခရီးသည်များ၏ ငွေကြေးသုံးစွဲမှုသည် စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး၏ ၂၈ ဒသမ ၈ ရာခိုင်နှုန်း၊ GDP သို့ခရီးသွားကဏ္ဍမှပါဝင်မှု ရာ ခိုင်နှုန်းမှာ ၁၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ခရီးသွားကဏ္ဍမှ အလုပ်အကိုင်ရရှိမှုမှာ စုစုပေါင်း အလုပ်အကိုင်ရရှိမှု၏ ၁၃ ဒသမ ၆ ရာခိုင်နှုန်းရရှိခဲ့ပြီး ရလဒ်ကောင်းမွန်သည်ကိုတွေ့ရှိရပါသည်။
မြန်မာ့ခရီးသွားညွှန်းကိန်းများ
ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ(WTTP) ၏ ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာအချက်အလက်များကို အမေရိကန်ဒေါ်လာဖြင့် ဖော်ပြရာတွင် ခရီးသွားကဏ္ဍအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ သုည ဒသမ ၃ ဘီလီယံရှိပြီး ခရီးသည်များ၏ ငွေကြေးသုံးစွဲမှုမှာ ၂ ဒသမ ၄ ဘီလီယံ၊ GDP သို့ ခရီးသွားကဏ္ဍမှ ရရှိငွေ ၄ ဒသမ ၉ ဘီလီယံဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၅၆၉၈၀ဝ ကို ခရီးသွားကဏ္ဍမှ တိုက်ရိုက်ဖန်တီးပေးနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍရင်းနှီးမြှုပ်နှံမှုမှာ အနည်းဆုံးဖြစ်သော်လည်း Visitor Exports ခရီးသည်များ၏ ငွေကြေးသုံးစွဲမှုသည် စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး၏ ၂၄ ဒသမ ၇ ရာခိုင်နှုန်း၊ GDP သို့ ခရီးသွားကဏ္ဍမှ ပါဝင်မှုရာ ခိုင်နှုန်းမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် ခရီးသွားကဏ္ဍမှ တိုက်ရိုက်အလုပ်အကိုင်ရရှိမှုမှာ စုစုပေါင်း အလုပ်အကိုင်ရရှိမှု၏ ၂ ဒသမ ၅ ရာခိုင်နှုန်းရရှိခဲ့သည်ကို တွေ့ရှိရပါသည်။
WWTC မှ သတ်မှတ်သည့် နိုင်ငံတကာ ပျမ်းမျှရာခိုင်နှုန်းများတွင် ခရီးသွားကဏ္ဍရင်းနှီးမြှုပ်နှံမှု ၄ ဒသမ ၅ ရာ ခိုင်နှုန်းဖြစ်ပြီး ခရီးသွားများ ငွေကြေးသုံးစွဲမှု ၆ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ GDP သို့ ခရီးသွားကဏ္ဍမှပါဝင်မှုရာ ခိုင်နှုန်းမှာ ၄ ဒသမ ၉ ဖြစ်ပြီး အလုပ်အကိုင်ရာ ခိုင်နှုန်းမှာ ၃ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပါသည်။ ကမ္ဘာ့ပျမ်းမျှ ရာ ခိုင်နှုန်းများနှင့်နှိုင်းယှဉ်ပါက ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍဖွံ့ဖြိုးမှုအခြေအနေ ကောင်းမွန်နေခဲ့ကြောင်း တွေ့ရှိရပါသည်။ ဤကဲ့သို့ ရလဒ်များ အထူးကောင်းမွန်ခဲ့ခြင်းကြောင့် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့်က္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ၏ (Power and Performance Rankings) တွင် မြန်မာနိုင်ငံသည် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးမှုဆောင်ရွက်ချက် အကောင်းဆုံးအဖြစ် ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့ပါသည်။
ခရီးသည်လာရောက်မှုအနေဖြင့် ၂၀၁၆ ခုနှစ်အတွင်း အခြေအနေအရပ်ရပ်ကြောင့် ခရီးသွားအရေအတွက် ကျဆင်းခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄ သန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ရာ၂၀၁၅ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၂ သန်းလျော့နည်းခဲ့ပြီး ၂၀၁၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက သုည ဒသမ ၄ သန်း ပိုမိုတိုးတက်ခဲ့ပါသည်။
နိုင်ငံသားအလိုက် ခရီးသည်ရောက်ရှိမှုဦးရေကိုလေ့လာကြည့်ပါက ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း ထိုင်းနိုင်ငံသားခရီးသွားဦးရေမှာ အများဆုံးဖြစ်ခဲ့ပြီး တရုတ်နိုင်ငံသား၊ ဂျပန်နိုင်ငံသားနှင့်ကိုရီးယားနိုင်ငံသားတို့မှာ အစဉ်လိုက်ဦးရေအများဆုံးဖြစ်ခဲ့ကြပါသည်။
ခြေအနေအရပ်ရပ်ကြောင့် အနည်းငယ်လျော့လာသည့် အနောက်နိုင်ငံသား ခရီးသွားဈေးကွက်ကြောင့် ခရီးသွားလုပ်ငန်းထိခိုက်မှုမရှိစေရေးအတွက် နိုင်ငံတော်အစိုးရက အရှေ့အာရှဈေးကွက်ကိုတိုးမြှင့်နိုင်ရန် တရုတ်နိုင်ငံကို ဆိုက်ရောက်ဗီဇာခွင့်ပြုပေးခဲ့ခြင်း၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ကို ဗီဇာကင်းလွတ်ခွင့် ပေးခဲ့ခြင်းတို့မှာ ကောင်းမွန်သောအစီအစဉ်တစ်ရပ်ဖြစ်ခဲ့ပါသည်။ အထက်ပါ အဓိကဈေးကွက်ကြီး လေးခုကို ပို၍ဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးနိုင်ရန်မှာ အဆိုပါနိုင်ငံသားများ၏ ယေဘုယျလက္ခဏာများကို သုတေသနပြုရန် လိုအပ်မည်ဖြစ်ပါသည်။
သုတေသနသာဓကအားဖြင့် ၂၀၁၄ International Journal of Business, Economics and Law, Vol.4, Issue 1 (June) ISSN 2289-1552 တွင် ဖော်ပြပါရှိခဲ့သော ရွှေတိဂုံစေတီတော်သို့ လာရောက်လည်ပတ်သည့် ထိုင်းခရီးသွားများ၏ စွဲမက်ဖွယ်ရာ ခရီးသွားအတွေ့အကြုံများအကြောင်း လေ့လာခဲ့သည့် သုတေသနစာတမ်းတစ်စောင်၏တွေ့ရှိအကြံပြုချက်များတွင်-၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သည့်ထိုင်းခရီးသွား ၄၀ဝ ကို မေးခွန်းလွှာများဖြန့်ဝေ ကောက်ယူခဲ့ပါကြောင်း ၃၉၁ ဦးထံမှ ပြည့်စုံသောအဖြေကိုကောက်ယူရရှိခဲ့ပါကြောင်း၊ လာရောက်လည်ပတ် သူများမှာ အသက် ၂၀ မှ ၆၀ အတွင်းဖြစ်ပြီး ရာခိုင်နှုန်းအများဆုံးမှာ အသက် ၂၀ မှ ၅၀ အတွင်းဖြစ်ကြောင်း၊ ဖြေကြားသူအများဆုံး ၆၇ ရာခိုင်နှုန်းမှာ ဘွဲ့ရရှိပြီးသူများဖြစ်ကြောင်း၊ လည်ပတ်ချိန် အများဆုံးမှာ နှစ်နာရီကြာဖြစ်ကြောင်း၊ ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက်လာရောက်သူအများဆုံး ဖြစ်ပြီး သူငယ်ချင်း မိတ်ဆွေများနှင့် လာရောက်ကြောင်း၊ ရွှေတိဂုံစေတီတော်၏သတင်းအချက်အလက်များကိုမိတ်သင်္ဂဟများ၊ လမ်းညွှန်စာအုပ်များ၊ ခရီးသွားလုပ်ငန်းများမှ အများဆုံးရရှိပါကြောင်း၊ ထိုင်းခရီးသွားများ၏ မျှော်မှန်းချက်မှာ ကွဲပြားသည့်ယဉ်ကျေးမှုအကြောင်း သိရှိလိုခြင်း၊ စေတီတော်မြတ်ကြီး၏ အံ့ဖွယ်ရာများကို တွေ့မြင်လိုခြင်းတို့ဖြစ်ပြီး ထိုင်းလူမျိုးအများစုစိတ်ဝင်စားမှုမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ဓလေ့ထုံးစံများဖြစ် ကြောင်း၊ လေ့လာသင်ယူမှုအနေဖြင့် ဗုဒ္ဓဝင်သမိုင်းကြောင်းများ၊ မြန်မာလူမျိုးများ၏ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုတို့ဖြစ်ကြောင်း၊ ဗဟုသုတအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုအနုလက်ရာများနှင့် မုဒြာပုံစံအရွယ်အစား ပုံစံအမျိုးမျိုးသော ဗုဒ္ဓရုပ်ပွားတော်များအကြောင်းဖြစ်ပြီး ကိုယ်တိုင်ရှာဖွေလေ့လာမှုများမှာ မြန်မာ့လူနေမှုဘဝအကြောင်း၊ ဒေသခံများ အသုံးပြုသည့် ပို့ဆောင်ရေးအနှေး၊ အမြန်ယာဉ်များအကြောင်း၊ ဒေသခံများလှုပ်ရှားဆောင်ရွက်သကဲ့သို့ လိုက်လံလုပ်ဆောင်ခြင်းတို့ဖြစ်ကြောင်း သိရှိမှတ်သားရသည်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ဘုရားပူဇော်ရိုသေပုံများ ဖြစ်ကြောင်း၊ အပြုသဘောဆောင်သည့် စိတ်အေးချမ်းမှု၊ အံ့ဩမှုစသည့် စိတ်ခံစားမှုများ ဖြစ်ပေါ်ခဲ့ကြကြောင်း ၎င်းတို့ ပြန်လည်ဖော်ညွှန်းလိုသော အထင်အမြင်များအနေဖြင့် ဗုဒ္ဓဘာသာဓလေ့ထုံးစံများ၊ စေတီတော်မြတ်ကြီး၏ ထည်ဝါမှုအပေါ် သက်ဝင်ယုံကြည်မိခြင်း၊ မြန်မာ့လူနေမှုဘဝအကြောင်း၊ ယဉ်ကျေးမှုအနုလက်ရာများ စသည်တို့ဖြစ်ပါကြောင်း ဖော်ပြထားပြီး အဆိုပါသုတေသနစာတမ်း၏နိဂုံးပိုင်းတွင် အသက် ၂၀ မှ ၃၀ ကြား၊ ၅၀ မှ ၆၀ ကြား ထိုင်းခရီးသွားများသည် ရွှေတိဂုံစေတီတော်သို့ အစုအဖွဲ့အလိုက် အချိန်နှစ်နာရီကြာ လာရောက်ဖူးမြော်ကြပြီး ၎င်းတို့စိတ်ဝင်စားသည်များကို ကိုယ်တိုင်အားထုတ် အတွေ့အကြုံရယူပြီးနောက် စိတ်ခံစားမှုများကြောင့် အတွေ့အကြုံ များကို ပြန်လည်ဖော်ပြမျှဝေလိုသည်ကို တွေ့ရှိခဲ့ရပါကြောင်း ရေးသားဖော်ပြထားခဲ့ပါသည်။
အဆိုပါ တွေ့ရှိချက်များကိုအခြေခံ၍ ခရီးစဉ်ဒေသပိုမိုဖွံ့ဖြိုးအောင်ဆောင်ရွက်မည်ဆိုပါက-
(က) အသက် ၂၀ မှ ၆၀ အတွင်း ပညာတတ်များ အစုအဖွဲ့ဖြင့်ခရီးသွားလာ ဘုရားဖူးမြော်ရာ တွင် လိုအပ် သောနေရာ၊
(ခ) အချိန် နှစ်နာရီအတွင်း ဘုရားပူဇော်ဝတ်ပြုပြီး အခြားလှည့်ပတ်လေ့လာနိုင်သောနေရာများ၊ ပြတိုက်များ အဆင့်မြှင့်တင်ဖန်တီးခြင်း၊
(ဂ) စေတီတော်ကြီး၏သတင်းအချက်အလက်များကို ထိုင်းဘာသာဖြင့် ပုံနှိပ်ဖြန့်ဝေခြင်း၊ နှစ်နိုင်ငံခရီးသွား ကုမ္ပဏီအချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်း၊ ထိုင်းလူမျိုးများ၏ လူမှုကွန်ရက်တွင် ထိုင်းဘာသာဖြင့် သတင်း အချက်အလက်များပေးပို့ထားရှိခြင်း၊
(ဃ) မြန်မာ့လူနေမှုဘဝနှင့် ဗုဒ္ဓဘာသာဓလေ့ထုံးစံများကို ပိုမိုလေ့လာနိုင်စေရန် ဆောင်ရွက်ထားရှိခြင်း၊
(င) မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ စေတီတော်ပရဝဏ်အတွင်း ပိုမိုထိန်းသိမ်းမြှင့်တင်ခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။
ယနေ့မြန်မာခရီးသွားလုပ်ငန်းကိုဦးဆောင်နေသော ဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းအသီးသီးက မြန်မာ နိုင်ငံ၏ခရီးစဉ်ဒေသပုံရိပ်မြင့်တက်လာစေရန် ဈေးကွက်အလိုက်အထူးပြုဆောင်ရွက်နိုင်ရန် အစုအဖွဲ့များ ပိုင်းခြား တာဝန်ပေးအပ်လျက်ရှိနေပြီး အရှေ့အာရှဈေးကွက်ပိုမိုဖွံ့ဖြိုးရေးအတွက် ဗီဇာဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့အပြင Tradition Marketing နှင့် Digital Marketing နှစ်ရပ်လုံးကို ဟန်ချက်ညီအောင်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိသည့် အထူးပြုဈေးကွက်အလိုက် ဈေးကွက်၏လိုအပ်ချက်နှင့်ယေဘုယျစရိုက်လက္ခဏာများကို ပိုမိုသိရှိနိုင်ရန် ကာလတို၊ ကာလရှည် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်ခရီးစဉ်ဒေသ၏ ဆွဲဆောင်မှုနှင့် ခရီးသွားများ၏ စွဲမက်ဖွယ်ကောင်းသော အတွေ့အကြုံများ ပိုမိုဖန်တီးဆောင်ရွက်ပေးနိုင်ပါစေကြောင်း စေတနာကောင်းဖြင့် ဖော်ပြအပ်ပါသည်။
ကျမ်းကိုးစာရင်း
(က) WTTC (Travel & Tourism Economic Impact, 2018)
(ခ) WTTC (Travel and Tourism Power and Performance Report)
(ဂ) International Journal of Business, Economics and Law, Vol.4, Issue 1 (June) ISSN 2289-1552