နေပြည်တော်   ဇူလိုင်   ၇

 

၂၀၂၃  ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ  အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်    ဒက္ခိဏခရိုင်    လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၄)အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း  မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ  မာရဝိဇယဘုရားအဝင်လမ်း  ဝဲ/ယာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ  ကောင်စီအတွင်းရေးမှူး၊  တွဲဖက်အတွင်းရေးမှူး၊   ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်   ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  ညှိနှိုင်း ကွပ်ကဲရေးမှူး  (ကြည်း၊  ရေ၊  လေ)၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ   ဌာနဆိုင်ရာ အရာထမ်း၊   အမှုထမ်းများ၊  သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့်    အခြေခံပညာ ကျောင်းများမှ ကျောင်းသား    ကျောင်းသူများ၊    တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက   အမှာစကားပြောကြားရာ    ယခုနှစ် ၂၀၂၃ ခုနှစ်   မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်  အခမ်း အနားကို သစ်တောသယံဇာတများ   ရေရှည်တည်တံ့ စေရန်၊  တစ်နိုင်ငံလုံး   သစ်တောဖုံးလွှမ်းမှု ကောင်းမွန်စေရန်၊   ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်နှင့်   သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင်       ပြည်သူများ တက်ကြွစွာ   ပူးပေါင်းပါဝင်လာစေရေး တိုက်တွန်းနှိုးဆော်ရန်ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါကြောင်း။

 

သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများမပြုန်းတီးရေးနှင့်   တိုးပွား စေရန် နိုင်ငံနှင့်အဝန်း၊   တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ် ကျင်းပ ဆောင်ရွက်လျက်ရှိပါကြောင်း၊  အခုကျင်းပ သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ သစ်မျိုး ၁၃  မျိုး၊ အပင်အရေအတွက်  ၂၂၂၀  ကို   စိုက်ပျိုးသွားမည် ဖြစ်ပါကြောင်း။

 

အကျိုးကျေးဇူးများစွာရရှိစေနိုင်

သစ်ပင်သစ်တောများ    စိုက်ပျိုးထိန်းသိမ်းခြင်း များသည် ကဏ္ဍစုံတွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်း ရရှိနိုင်ပါကြောင်း၊   သစ်ပင်သစ်တောများသည် ရာသီဥတုကို  မျှတကောင်းမွန်စေပြီး  ဇီဝမျိုးစုံ မျိုးကွဲများ တိုးပွားစေပါကြောင်း၊ ရေမြေတောတောင်သဘာဝကို ထိန်းသိမ်းကာကွယ်ပေးပြီး  သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ပါကြောင်း၊ သစ်တောထွက် ပစ္စည်းများဖြင့်  စားရေရိက္ခာ များ   ပံ့ပိုးပေးနိုင်သည့်အပြင်   ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှု   အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည် ဖြစ်ပါကြောင်း။

 

နိုင်ငံ၏ အဖိုးတန်သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး နိုင်ငံ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုကို  အထောက်အကူပြုစေနိုင်ရန်အတွက် ချမှတ်ထားသည့်  မြန်မာ့သစ်တောမူဝါဒကို အခြေခံ ပြီး    သစ်တောများကို   စီးပွားရေးအမြင်၊   လူမှုရေး အမြင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင် အစရှိသည့် အမြင်မျိုးစုံ၊  ရှုထောင့်မျိုးစုံနှင့်ရှုမြင်ပြီး  စနစ်တကျ စီမံအုပ်ချုပ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံ၏  သစ်တောဖုံးလွှမ်းမှုကို ပြန်လည် လေ့လာကြည့်မည်ဆိုပါက ကုလသမဂ္ဂစားနပ်ရိက္ခာ နှင့်    စိုက်ပျိုးရေးအဖွဲ့၏     သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း  အစီရင်ခံစာအရ ၂၀၀၀ ပြည့် နှစ်တွင်   နိုင်ငံဧရိယာ၏   ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင်   နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင်  နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်ကို  တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သဘာဝ သယံဇာတ သစ်တောများ၏ ပြုန်းတီးမှုလျော့နည်းရေး  အလေးထားဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။

 

သစ်တောများ  တစ်စထက်တစ်စ ပြုန်းတီးလာ ခြင်းနှင့်အတူ  ရာသီဥတုဆိုးရွားလာပြီး  မြစ်၊ ချောင်း၊ ကန်များ ညစ်ညမ်းလာကာ ရေချိုများ ခန်းခြောက်လာသည်ကို တွေ့ရပါကြောင်း၊  ထို့အပြင်  မြေဆီလွှာများ ပျက်စီးပြုန်းတီးခြင်း၊  ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်း ပျောက်ဆုံးခြင်း၊      သဘာဝဘေး အန္တရာယ်များ မကြာခဏကျရောက်ခြင်း အစရှိသည့် ဆိုးကျိုးများကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါကြောင်း၊   ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများ အသက်ရှင်ရပ်တည်ရေးအတွက်   ကြီးမားသည့်  ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကိုပါ  ရင်ဆိုင်နေကြရပြီဖြစ်သဖြင့် သစ်တောများ မပြုန်းတီးရေးနှင့်  တိုးချဲ့စိုက်ပျိုးရေးကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားကြရန်  လိုအပ်နေပြီ ဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံသည်   လူဦးရေ ၅၅ သန်းကျော်ရှိပြီး နိုင်ငံအကျယ်အဝန်း၊  မြေအနေအထား၊   ရာသီဥတု၊ မြစ်ချောင်းများတည်ရှိမှုအရ   မြေပေါ်သယံဇာတ ဖြစ်သည့် သစ်တောများအခြေခံသော  စက်မှုလုပ်ငန်း များကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးနှင့် ကောင်းစွာဆောင်ရွက်နိုင်သည်ကို တွေ့ရပါ ကြောင်း၊ သစ်တောထိန်းသိမ်းခြင်းနှင့်  စီမံခန့်ခွဲခြင်းကို တိတိကျကျ စနစ်တကျဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက် များစွာ   အကျိုးဖြစ်စေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

 

ထို့ကြောင့်လည်း နိုင်ငံ၏မြန်မာ့အဖိုးတန် သဘာဝတောများ ထာဝစဉ်တည်တံ့စေရေးနှင့် ဂေဟစနစ်များ  ပြန်လည်ပြုစုထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ အထိ ၁၀ နှစ်တာကာလ  စီမံကိန်းရေးဆွဲပြီး   အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ယခုနှစ်မိုးရာသီ တွင်   နိုင်ငံပိုင်သစ်တောစိုက်ခင်းများ    အပါအဝင် သစ်ပင်ပေါင်း   ၂၄ ဒသမ ၆၁၉  သန်း    စိုက်ပျိုး တည်ထောင်လျက်ရှိသည်ကို သိရပါကြောင်း။

 

အရှိန်အဟုန်မြှင့်တင်စိုက်ပျိုးထိန်းသိမ်း

ထိုသို့စိုက်ပျိုးရာတွင် မေ ၁၄ ရက်က ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် အင်အားပြင်းထန် ကြီးမားသည့်   ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ပျက်စီးသွားသော သစ်ပင်သစ်တောများကို စနစ်တကျ ပြန်လည်စိုက်ပျိုးပြုစု ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ကမ်းရိုးတန်းတစ်လျှောက်   သဘာဝအကာအကွယ် များဖြစ်သည့် ဒီရေတောများ၊   သဘာဝအစိမ်းရောင် တံတိုင်းများဖြစ်သည့် သစ်ပင်သစ်တောများကို အရှိန် အဟုန်မြှင့်တင်     စိုက်ပျိုးထိန်းသိမ်းကြရန်    အထူး အလေးထားမှာကြားလိုပါကြောင်း။

 

မြန်မာနိုင်ငံအတွင်း     ဖောက်လုပ်ထားရှိသော အဓိကလမ်းမကြီးများဖြစ်သည့်  အာဆီယံလမ်းမကြီး များ၊ ရန်ကုန်-မန္တလေးလမ်း  အမြန်လမ်းမကြီးနှင့် ရထားလမ်းများတစ်လျှောက်  စိမ်းလန်းစိုပြည်ရေးနှင့် ခရီးသွားပြည်သူများ   စိတ်ချမ်းမြေ့စွာ   ခရီးသွားလာနိုင်ရေးသည်လည်း  အလွန်အရေးကြီး လှပါကြောင်း၊ လမ်းနယ်နိမိတ်ပြင်ပမီတာ  ၅၀၀  အတွင်း  တောပါးသည့်  နေရာများကို  သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး သစ်ပင်များစိုက်ပျိုးနိုင်ရေး Master Plan ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ရန်     လမ်းညွှန် မှာကြားထားပြီးဖြစ်ပါကြောင်း။

 

အလားတူ  ကျေးရွာထင်းစိုက်ခင်းများ   စိုက်ပျိုး တည်ထောင်ရန်၊   နိုင်ငံနှင့်အဝန်း   ကျေးရွာများတွင် ဒေသအလိုက်   သင့်တော်သည့်အရိပ်ရပင်များ၊ လေကာပင်များကို   စဉ်ဆက်မပြတ်စိုက်ပျိုးရန်၊ တောင်ထိပ်၊     တောင်ကုန်းတောင်တန်းများတွင် သစ်ပင်သစ်တောများ   ထိန်းသိမ်းရန်၊    သစ်ပင်များ စိုက်ပျိုးရန်၊  မြစ်ချောင်းတစ်လျှောက်  သစ်ပင်များစိုက်ပျိုးထိန်းသိမ်းရန်  စသည့် သစ်တောစိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းများကို  သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး  အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင်  စိုက်ပျိုးဆောင် ရွက်ကြရန် မှာကြားလိုပါကြောင်း။

 

အလေးထားဆောင်ရွက်

ထို့ပြင် အမျိုးသားသစ်တောကဏ္ဍ  ရည်မှန်းချက်ဖြစ်သည့်  ၂၀၃၀ ပြည့်နှစ်တွင်  နိုင်ငံဧရိယာ၏  ၃၀ ရာခိုင်နှုန်းကို    သစ်တောများ၊   ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းရေးနှင့်  ၁၀ ရာခိုင်နှုန်း ကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ်  ဖွဲ့စည်းနိုင်ရေးကိုလည်း ပြည့်မီအောင် အလေးထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

 

နေပြည်တော်ကောင်စီနယ်မြေသည်    နိုင်ငံ၏ မြို့တော်ဖြစ်သည်နှင့်အညီ    စိမ်းလန်းစိုပြည်သာယာ လှပစေရေး၊  လူနေမှုအဆင့်အတန်း  မြင့်မားစေရေး၊ သာယာလှပပြီး   အဆင့်မီသည့် Green City ၊ Clean City   ဖြစ်စေရေးကို  ရည်မှန်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အလားတူ နိုင်ငံအဝန်းမြို့ပြများနှင့် ရပ်ရွာ ဒေသအသီးသီးတွင် စိမ်းလန်းစိုပြည်သာယာစေရေးအတွက်              လမ်းဘေးဝဲယာ    သစ်ပင် သစ်တောများ၊ စိမ်းလန်းမြေများ   (Green Spaces)၊   ဥယျာဉ်များ၊ ပန်းခြံများ၊    မြို့ပြသစ်တော များ၊   တစ်အုပ်တစ်မစိုက်ခင်းများနှင့်  စိမ်းလန်းစိုပြည်သည့် Landscape များကို       တိုးမြှင့်တည်ထောင် သွားကြရမည်ဖြစ်ပါကြောင်း။

 

စနစ်တကျစီမံအုပ်ချုပ်ထိန်းသိမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏    တာဝန်အရပ်ရပ်ကို     ထိန်းသိမ်းတာဝန်ယူ ဆောင်ရွက်နေစဉ် ကာလအတွင်း  တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို  အမျိုးသားရေးရည်မှန်းချက်အဖြစ်ထားရှိပြီး  တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်   သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍသည်   အလွန် အရေးကြီးသည့်အတွက် အမျိုးသားရေး လုပ်ငန်းတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ပြီး    စနစ်တကျ စီမံအုပ်ချုပ်ထိန်းသိမ်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း။

 

ထို့ကြောင့်    နိုင်ငံ၏သစ်တောသယံဇာတများ သားစဉ်မြေးဆက် ရေရှည်တည်တံ့စေရေး၊   သဘာဝ ဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု  လျှော့ချနိုင်ရေး၊ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို   အထောက်အကူပြုစေရေးတို့အတွက်    သစ်ပင်စိုက်ပျိုးခြင်း၊   သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများကို  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်  အလေးအနက် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။

 

ဦးဆောင်စိုက်ပျိုးပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း က  ကံ့ကော်ပျိုးပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

 

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကောင်စီအတွင်းရေးမှူး၊   တွဲဖက်အတွင်း ရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်   ပြည်ထောင်စုဝန်ကြီးများ၊   ညှိနှိုင်း ကွပ်ကဲရေးမှူး  (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့်    ဧည့်သည်တော်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ  အရာထမ်း၊ အမှုထမ်း များ၊  သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် နှင့်  အခြေခံပညာကျောင်းများမှ   ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။

 

လှည့်လည်ကြည့်ရှုအားပေး

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်သည် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ထို့အတူ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ခင်းကျင်းပြသထားသည့်   သစ်ပင်များစိုက်ပျိုးခြင်း၊    ပြုစု ပျိုးထောင်ခြင်းနှင့်     ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ သစ်ကိုင်းဖျားသုံး    နုန်းထိန်းတမံများပြုလုပ်ခြင်း၊ ပေါ်လိုနီးယားသစ်မျိုးနှင့်ပတ်သက်သည့်   အချက်အလက်များ၊  ကြီးမြန်သစ်ပင်  မာလာလူးကား သစ်မျိုး စိုက်ခင်းတည်ထောင်ခြင်းနှင့်   အသုံးပြုခြင်းတို့ကို လှည့်လည်ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်ရီနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ  ကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြသည်။

 

ယနေ့ကျင်းပပြုလုပ်သည့်  ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင်  ကံ့ကော်၊ ခရေနှင့် စိန်ပန်းစသည့်  သစ်မျိုးများအပါအဝင်  သစ်မျိုး ၁၃ မျိုး၊ ပျိုးပင် စုစုပေါင်း  ၂၂၂၀ ကို  လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း  သတင်းရရှိသည်။

သတင်းစဉ်