ရန်ကုန် ၁၇ ဖေဖော်ဝါရီ
ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး နှိမ်နင်းမှုကို ဇာတ်လမ်းဆင် ရိုက်ကူး တင်ဆက်ထားသည့် Line Walker -2 (Operation Midnight Shadow) ရုပ်ရှင် ဇာတ်ကား ၏ ဇာတ်ဝင်ခန်း တစ်ခန်း အစမ်းလေ့ကျင့်မှုကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ၊ မဟာဗန္ဓုလပန်းခြံ လမ်းနှင့် အနော်ရထာလမ်းကြားရှိ City Star ဟိုတယ် အနီး ပြုလုပ်သည်။
ကျောက်တံတားမြို့နယ် အမှတ်(၂)ရပ်ကွက်မှ ဦးဖုန်းကျော်မြင့်က ''ဒီနေရာမှာ ရုပ်ရှင်လာရောက်ရိုက်ကူးတဲ့အတွက် ရပ်ကွက်နေပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာပါ တယ်။ တစ်ခါမှလည်း မမြင်ဖူးဘူး။ ရိုက်ကူးရေးအဖွဲ့တွေက မနက်(၇)နာရီ လောက်ကတည်းကလာတယ်။ ကြိုတင် ပြင်ဆင်နေတာတွေတွေ့ရတယ်။ ဒီနေရာမှာ ရုပ်ရှင်လာရိုက်ကူးတဲ့အတွက် ကျွန်တော်တို့ ရပ်ကွက်၊ မြို့ ၊ နိုင်ငံကို နိုင်ငံတကာက သိသွားမှာဖြစ်တဲ့အတွက် ရပ်ကွက်နေပြည်သူတွေကလည်း အားလုံး ပူးပေါင်းပါဝင်ပေးပါ တယ်'' ဟုပြောသည်။
ရုပ်ရှင်ရိုက်ကူးရေးနေရာသို့ လာရောက်လေ့လာသည့် ဝါရင့် သရုပ်ဆောင်၊ ဒါရိုက်တာ ဦးမောင်မောင်မြင့် (သုခုမ) က “ ရှောဘရားသားဆိုတာ အင်္ဂလိပ်လက်ထက်ကတည်းက ဘားလမ်းထောင့်က အခန်းကျဉ်းကျဉ်းလေးမှာ အလုပ်လုပ်ခဲ့တဲ့ ရုပ်ရှင်ကုမ္ပဏီပါ။ ပြောရရင် သူတို့လည်း မြန်မာပြည်ကို အလွမ်းပြေလာတာပေါ့၊ သူတို့ကိုမြင်တော့ ကျွန်တော်လည်း ဟိုအရင် ရုပ်ရှင်ခေတ်ကို လွမ်းမိတယ်။ စက်ကိရိယာတွေ ခေတ်မမီပေမယ့် ဇာတ်ကားကောင်းတွေ ရိုက်နိုင်ခဲ့တယ်။ အခုလည်း လုပ်နိုင်တဲ့ ပညာရှင်တွေရှိပါတယ်။
“ သူတို့ ဒီလို ရုပ်ရှင်လာရိုက်တာ ကျွန်တော်တို့ တိုင်းပြည်အတွက်ရော ပြည်သူတွေအတွက်ပါ အကျိုးရှိတယ်။ ဥပမာပြောရရင် သူတို့ ဝင်လာတယ် ဆိုတာနဲ့အကောက်ခွန်ဝင်ငွေ၊ တည်းခိုခတွေ ဒါတွေရမယ်။ နောက်တစ်ခုက လုပ်ငန်းကြိုးစားမှုအရ၊ စိတ်ဓာတ်အရ သူတို့ရဲ့ လုပ်ငန်းအပေါ် သူတို့ စိတ်ဝင်စားမှု ဘယ်လောက်ရှိတယ်ဆိုတာ ကြည့်တာနဲ့ သိနိုင်တယ်၊ အစမ်းလေ့ကျင့်တာတောင် တကယ်ရိုက်နေတဲ့အတိုင်း အပင်ပန်းခံတယ်၊ ငွေကုန်ကြေးကျ အများကြီးခံတယ်။ ဒါရိုက်တာကအစ သူ့တာဝန်နဲ့သူ ကြိုးစားပမ်းစားအလုပ်လုပ်ကျတယ်။ အတုယူဖို့ ကောင်းပါတယ်'' ဟုပြောသည်။
ယနေ့ အစမ်းလေ့ကျင့် ရိုက်ကူးနေစဉ်အတွင်း အနော်ရထာလမ်းမှ City Star ဟိုတယ်အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ခေတ္တပိတ်ထားပြီး ယာဉ်များ လမ်းလွှဲမှ သွားလာနိုင်ရန်အတွက် မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည်။
မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကျောက်တံတားမြို့နယ်၊ တပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူး ကျော်ဆန်းဦးက '' City Star Hotel ထိပ်ကနေပြီးတော့မှ မဟာဗန္ဓုလပန်းခြံလမ်း ကနေ ဝင်လာတဲ့ ကားတွေကို လမ်းလွှဲပေးနေပါတယ်။ ယာဉ်ထိန်းရဲ အဖွဲ့ ၈ ဦးနဲ့တာ ဝန်ထမ်း ဆောင်နေပါတယ်။ လမ်းပိတ်တယ်ဆိုတာ ကားတွေသွားလို့မရအောင် ပိတ်ထားတာ မဟုတ်ပါဘူး၊ လမ်းကသွားလို့ရပါတယ်။ မဟာဗန္ဓုလလမ်းကတော့ ခေတ္တပိတ်ထားတဲ့သဘောပါ။ အချိန်ပိုင်းပါပဲ။ လမ်းလွှဲပြီးဆောင်ရွက်ပေးနေပါတယ်။ ရိုက်ကူးရေးနေရာတော့ ကားဖြတ်လို့မရဘူးပေါ့ဗျာ '' ဟုပြောသည်။
ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်က '' Line Walker က အရင်တုန်းက ဘရာဇီးမှာ ရိုက်ဖူးပါတယ်။ ဘရာဇီးမှာလည်း ဒီလိုပဲ လမ်းပိတ်ပေးရပါတယ်။ နိုင်ငံတကာမှာဆို အမေရိကန်နိုင်ငံမှာ ပဲဖြစ်ဖြစ် လန်ဒန်မှာ ပဲဖြစ်ဖြစ် ပဲရစ်မှာပဲဖြစ်ဖြစ် သူတို့ရဲ့ ရိုက်ကွင်း ရိုက်ကွက်များကို ကမ္ဘာဈေးကွက်ထဲ ပါသွားမယ်ဆိုရင် ဒီလိုလမ်းပိတ်ပေးပြီး ရိုက်တာရှိပါတယ်။ လမ်းပိတ်တဲ့ အခါမှာလည်း အကုန်လုံးသွားလို့မရအောင် ပိတ်လိုက်တာမဟုတ်ပါဘူး။ လမ်းပိတ်ခြင်း ဆိုတာရဲ့ နောက်မှာ လမ်းလွှဲရှိတယ်ဆိုတာ သိဖို့ လို့ပါတယ်'' ဟုပြောသည်။
ယနေ့ ရုပ်ရှင် ရိုက်ကူးရေး အစမ်းလေ့ကျင့်နေမှုနှင့် စပ်လျဉ်းပြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်အဆင့်မြှင့်တင်ရေးဌာနခွဲမှ လ/ထ ညွှန်ကြားရေးမှူး၊ ဦးဟန်လင်းအောင်က '' ဒီနေ့ မဟာဗန္ဓုလပန်းခြံလမ်းမှာ မင်းသား အက်ရှင်ဇာတ်ဝင်ခန်းအချို့ အစမ်းလေ့ကျင့်တာပါ။ ကရိန်းကား နှစ်စီး နဲ့ ငှားပြီးတော့ အပေါ်ကနေ ခုန်ဆင်းတဲ့ အက်ရှင် ဇာတ်ဝင်ခန်းကို ရိုက်ဖို့ပါ။ နောက်ထပ် ဇာတ်ဝင် ခန်းတွေ ရိုက်ဖို့ YMCA မှာကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်နေပါတယ်။ တကယ့်ရုပ် ရှင်က ၂၁ ရက်နေ့မှ ရိုက်မှာပါ ''ဟုပြောသည်။
ရန်ကုန်မြို့တွင် ရိုက်ကူးမည့် Line Walker-2 ဇာတ်ကားကို ဟောင်ကောင်နှင့် နိုင်ငံတကာ ရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးလေ့ရှိသည့် ပုံစံအတိုင်း သေနတ်အစစ်များ၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း ၊ ဖောက်ခွဲခြင်းတို့ ၊ ကားများအချင်းချင်း ပွတ်တိုက်ခြင်း၊ ရဟတ်ယာဉ်များသုံးစွဲပြီး ပစ်ခတ်ခြင်း၊ ရဲကားများ၊ အထူးရဲတပ်ဖွဲ့ဝင်ကားများ အသုံးပြုပြီး နိုင်ငံတကာ အဆင့်မီ အက်ရှင်ဇာတ်ကားကောင်း တစ်ကားအဖြစ် ရိုက်ကူးသွား မည်ဖြစ်ကြောင်း သိရသည်။
ရိုက်ကွင်းသို့ လာရောက်ကြည့်ရှုသည့် ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက'' ကိုယ့်နိုင်ငံမှာဒါမျိုး လာရိုက်တယ်ဆိုတာ အများကြီး ဂုဏ်ယူဖို့ကောင်းပါတယ်။ ကမ္ဘာမှာ ထိုးဖောက်ဖို့တော်တော် ခက်ခဲနေတဲ့အချိန် ၊ မဖြစ်နိုင်သေးတဲ့ အခြေအနေမှာ ကိုယ့် နိုင်ငံ ကိုယ့် လူမျိုးတွေရဲ့ နေရာဒေသကိုပါအောင် ရိုက်သွားတယ်ဆိုတာ ကျွန်မတို့ အနေနဲ့ ကျေနပ်ရမှာပါ'' ဟုပြောသည်။
ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခန်း အစမ်းလေ့ကျင့်မှုကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၃နာရီခွဲထိ ပြုလုပ်ခဲ့ရာ အဆိုပါ ရုပ်ရှင် ဇာတ်ဝင်ခန်း အစမ်း လေ့ကျင့်ရာနေရာသို့ ရုပ်ရှင်ချစ် ပရိသတ်များ စိတ်ဝင်စားသူများ လာရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
( သတင်း- သီသီမင်း၊ မင်းသစ်/ ဓာတ်ပုံ- နေလင်း)