၁၈ ဖေဖော်ဝါရီ

 

တပို့တွဲလရာသီ အချိန်အခါသို့ ရောက်သဖြင့် လက်ပံပင်၊ ပေါက်ပင်တို့သည် တညီတညွတ်တည်း ပွင့်ကြလေပြီ ဖြစ်သည်။ ထိုအခါ လူတို့သည် လက်ဆယ်ချောင်းကို ကြာမုံဖူးစေလျက် ဦးတင်ချီကာ ရောင်ခြည်ခြောက်သွယ် ထွန်းပသော စေတီတော်ခြေရင်း၌ ထေရဝါဒဗုဒ္ဓဘာသာများပီပီ ပန်းနှင့်နံ့သာတို့ကို တင်လှူကြမည်ဖြစ်သည်။ ညဉ့်အခါ၌ နှင်းကျ၍ ငွေရောင်ရှိသော နှင်းပေါက်တို့သည် စီစီရီရီရှိကြသည်။ ယုဂန်တောင်၏  အစွန်းအထိပ်ဆီတွင်လည်း မာဃနက္ခတ်သည်  ဖြိုးဝေစွာ  အရောင်တောက်ပ  ထွန်းလင်းလျက်ရှိတော့သည်။

 

    ရာသီချိန်ခါရောက်လို့ 
လဲပေါက်ကယ်တဲ့ ပွင့်ညီ။
    ရွှေပန်းနံ့သာနှင့် 
ခြောက်ရောင်ဝါ စေတီရင်းမှာ
ဆယ်စင်းလက်စုံဖူး 
ဦးမြှောက်လို့ချီ။
    ငွေနှင်းရယ်စီ 
သုံးလီသမယ။
    ရောင်ဖြိုးဝေစွာနှင့် 
ယုဂန်သာ တောင်တော်စွန်းမှာ 
ထွန်းလိမ့် မာဃ။   ။


(ဖိုးသူတော်ဦးမင်း)

 

“မြန်မာတို့  ရှေးအခါက  လေ့လာလိုက်စားရသော  ပညာရပ်များနှင့်ယခုအခါ လေ့လာလိုက်စားရသော ပညာရပ်များသည် များစွာခြားနားလျက်ရှိပေသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် ရှေးကဗျာများကို နားမလည်နိုင်ကြဖြစ်ရသည်။ နားမလည်သောကြောင့်လည်း မဖတ်မိကြရှိသည်။ မဖတ်မိကြသောကြောင့်လည်း  မြန်မာမှုကို  လျစ်လျူပြုမိကြတော့သည်။  မြန်မာတို့သည် ခေတ်မီအောင် တိုးတက်ကြိုးစားခိုက်တွင် မိရိုးဖလာ မြန်မာမှုကိုလည်း မမေ့သင့်ကြချေ”။

 

ဤသည်ကား ပစ္စုပ္ပန်ကာလလူငယ်တို့ မြန်မာမှုနှင့် ကွာဟလာသည့်အခြေအနေကို ဆရာကြီးမင်းသုဝဏ်က    ထောက်ပြသွားခြင်းဖြစ်သည်။  “ဖိုးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်နှင့် အခြားစာများ” စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။ မည်မျှမှန်ကန်မည်ကို လေ့လာသုံးသပ်ကြစေလိုပါသည်။ ရှေးကဗျာကို နားမလည်နိုင်ဖြစ်ရသည်ကို နားလည်အောင် ကြိုးစားကြရမည့်အစား ပစ်ပယ်ထားလိုက်လိုသူက အများစုဖြစ်သည်။

 

ယင်းသို့သော အားနည်းချက်ကွက်လပ်ကို “ခါချဉ်ကောင် မာန်ကြီးလို့” ဟူ၍ပင်ဆိုဆို၊ စွမ်းနိုင်သမျှ အင်အားဖြင့် မိမိတို့မှာ ရေးသားကြိုးစား ကွက်လပ်ဖြည့်ကြရမည်သာ ဖြစ်သည်။ ရာဇဝင်မှာ ချန်ရစ်ခဲ့ကြသည့် မြန်မာမှု ရာသီစာ ဆယ့်နှစ်လရာသီဘွဲ့ အလင်္ကာတို့ကို၊ ကျမ်းကိုးတို့ကို အမှီပြုကာ ရေးသားရပါကြောင်း ဦးစွာပြောလိုပါသည်။

 

မိမိတို့မြန်မာမှုဆယ့်နှစ်လရာသီတွင်  တပို့တွဲသည်ကား  ဆောင်းရာသီ၏နှောင်းပိုင်းဟု ဆိုရပါမည်။ မြူနှင်းတို့ကလည်း မကုန်တတ်သေးပေရာ တပို့တွဲလ၏ရာသီစာ ‘ထမနဲပွဲ’က အခြေအနေအချိန်အခါနှင့် လွန်စွာမှ သင့်လျော်ကိုက်ညီသည်ဟု  ဆိုရပါမည်။  နေ့ပူညချမ်း  ရာသီဥတု  အကူးအပြောင်း ကြမ်းလှသည့်ကာလ။ လူတို့ မအီမသာ ထိုင်းထိုင်းမှိုင်းမှိုင်းရှိ၏။ တိုင်းရင်းဆေး ပညာရှင်တို့က “တေဇောအကျဉ်းကျနာ”ဟု  သမုတ်သည်။  ထိုသို့သော ဝေဒနာအတွက်  ကောက်ညှင်းဆန်၊  မြေပဲဆန်၊  ချင်း၊  နှမ်း၊  အုန်းသီးဆန်၊ စသည်တို့ကို ရောသမမွှေ၍ ဆေးအာဟာရအဖြစ် စားသုံးပေးရန် ညွှန်ကြားလေ့ရှိသည်။

 

ဘဝရှင်မင်းတုန်းမင်းတရားကြီးလက်ထက်တွင်    နန်းတွင်းသာမက တိုင်းပြည်အဝှမ်းတို့ကိုပါ ထိုဆေးဓာတ်စာကို စားသုံးကြရန် အမိန့်တော်မှတ်ခဲ့ရာကစ၍ ယနေ့တိုင် မြို့ထိပ်၊  ရွာထိပ်၊   လမ်းထိပ်များတွင် တပျော်တပါး  စုပေါင်းကာ ထမနဲထိုးသည့်ဓလေ့ အလေ့အထဖြစ်ပေါ်လာသည်ဟု ပညာရှင်တို့က ဆိုသည်။

 


ထမနဲပွဲကျင်းပရာ တပို့တွဲလသည်ကား မြန်မာ့လများတွင် ဆယ့်တစ်ကြိမ်မြောက်လဖြစ်၍  တပို့တွဲလ၏  အမည်ပညတ်ချက်သည်ကား  ထန်းဖူးလ၊ ထန်းခိုင်တို့ တွဲလျားညွတ်ကျသော အချိန်အခါသမယနှင့် ကြုံကြိုက်သည်။  ရှေးအခါက ရေးထိုးခဲ့ကြသော ကျောက်စာများတွင် တပို့တွဲကို တပိုဝ်ထွယ်၊ တပိုဝ်ထွဲ၊  တပိုဝ်တွဲ၊ တပိုဝ်တွယ်၊ တပိုဝ်ထွယ် စသည်ဖြင့် ရေးထိုးခဲ့ကြဖူးသည်ကိုလေ့လာသိရှိရသည်။

 

ဗေဒင်အလိုအားဖြင့်ကား ‘ကုံ’ရာသီဟု ခေါ်သည်။  ယင်းသို့ခေါ်ဝေါ်ရသည်မှာ  ရာဇမတ္ထဏ်ကျမ်းတွင်..ဟဒြော ဂေါ-ကုံရာသီ၊  ဃဋော-ကုံရာ သီ၊ ကုမ္ဘော-ကုံရာ သီဟူ၍ ပရိယာယ် သုံးပါးပြသည်။ ထို သုံးပါးလုံးပင် အိုး   ပရိယာယ် ပင်တည်း။ အိုးထမ်းသော ယောကျာ်းသဏ္ဌာန်ရှိ၏ဟု ဆိုသည်။ ထိုရာသီကား မာဃနက္ခတ်နှင့်ယှဉ်၍  လပြည့်သောကြောင့် မာဃမာသဟူ၍  သဒ္ဒါကျမ်း၊  အဘိဓာန်ကျမ်းတို့တွင် ဆိုသည်။      တပို့တွဲလဟူသည်နှင့် ပတ်သက်၍ ဝေါဟာရတ္ထပကာသနီကျမ်း၌ “ချမ်းကျက်လွန်ကဲ၊ တပို့ဆွဲလဟု၊ မြူရှဲရောင်ပ၊ ပြည့်သည့်လဝယ်”စသည်ဖြင့် လယ်ယာလုပ်သားတို့၏ ထမ်းပိုးကို ဆွဲထားသည်။ တွဲလျားရှိစေသည်။ ထို့ကြောင့် တပို့တွဲလဟု အနက်သင့်ခေါ်သည်ဟုပြဆိုထားသည်။ ဝေါဟာလိနတ္ထဒီပနီကျမ်းတွင်မူ ‘ကုံ’ရာသီကို စွဲ၍ မြန်မာမှုအလိုအားဖြင့် တပို့တွဲခေါ်ကြောင်း၊ အမရကောသ အဘိဓာန်ကျမ်း  သဂ္ဂဝဂ်တွင်လာ “တပါ-ပူပန်ရာ ဖြစ်သောလ၊ အယံ- ဤသဒ္ဒါသည်၊ မာသေ-တပို့တွဲလ၌၊  ဘဝေ-ဖြစ်၏။”  ဟူ၍လည်းကောင်း။  ထိုမှတစ်ပါး  ပညာရှိတို့  ကြံဆကြသည်မှာ “တပံသူရိယာတပဌာနံ၊ ဓာဝယတိ ပလာယတီ တပို့ ဓွဲ” တပံသူရိယာတပဌာနံ- နေပူရာ နေရောင်ရှိရာ အရပ်သို့၊ ဓာဝယတိ ပလာယတိ-ပြေးသွားစေတတ်၏။ ဣတိတသ္မာ -ထို့ကြောင့်၊ တပို့ဓွဲ- တပိုဓွဲ မည်၏။ စသည်ဖြင့် သဒ္ဒါကြေ ပါဋ္ဌ်မှီ နည်းပါးသည့် တပို့တွဲလအကြောင်းကို ပြဆိုကြသည်။

 

နက္ခတ်အလိုအားဖြင့် “မာဃ” စန်းယှဉ်၍ မွန်းတည့်သည်။ ရာသီရုပ်မှာ  ရေထမ်းသမား ဆင်းရဲသားပုံဖြစ်ကာ ရာသီပန်းမှာ ပေါက်ပွင့်၊ လဲပွင့် တို့ဖြစ်ပါ၏။ စာဆိုမယ်ခွေ၏အဲချင်းတွင် “တပို့တွဲ၌၊ ပေါက်လဲငုံကင်း၊ ထန်းရည်ငယ်နင်းကြသည်၊ နှင်းထုံထုံငယ်နှင့်လေး..”ဟူ၍လည်းကောင်း  စာဆိုဦးကြင်ဥ ကလည်း “ထန်းရည်နင်း  ပေါက်ကင်းတဲ့လဲငုံ၊  ဆက်ရက်    သာရကာနှင့်၊ ရော်ရွက်ဝါ တမာနု၊ လွမ်းသူ့ ပူပုံ..”ဟုဆိုသည်။ တပို့တွဲလတွင် ထန်းလုပ်သားတို့၏ ထန်းရည်နင်းသည့် အကြောင်းကိုလည်း ဖော်ပြစပ်ဆိုကြသည်။

 

ရာသီပန်းနှင့် ပတ်သက်၍လည်း   စာဆိုတော်ဦးပြုံးချို၏ သဖြန်တွင်.. “ပေါက်လဲရယ်တဲ့ ပွင့်စီစီ၊   ဝတ်ပန်း သူရာရေကြောင့်၊ ဆက်ရက်တွေ သံစုံကျူးကြတယ်၊  မြူးတဲ့ရာသီ၊     ငွေသော်တာ  ကြယ်မာဃငယ်နဲ့၊  ထွန်းလျှံပ ပြည့်ခါညီ၊    ပြာရီလဲ့  မြူခိုး၊    ယာဂုပွဲကိုတဲ့၊  လှူမြဲ  အလွန်ရွှင်လို့၊  ခုနစ်စဉ်တာရာလျှမ်းသည်နှင့်၊  ဆူးပန်းတွေ  ဝေဝေပွင့်ကြတယ်၊  ထူးတင့် မညှိုး” ဟုဖွဲ့သည်။

 

ဤတပို့တွဲလသည် နံနက်စက်နာရီ ၆း၂၀တွင် နေထွက်လေ့ရှိ၍ ညနေ  ၅း၄၀နာရီအချိန်တွင်    နေဝင်လေ့ရှိသဖြင့်    ညတာမှာ  နေ့တာထက် ပို၍ ရှည်သည်။ ဆီးနှင်းကျသော ရာသီဖြစ်ကာ ချမ်းအေးနေလေ့ ရှိသည်။ ယင်းသို့သောလတွင် ရက်မစုံ လကွယ်သဖြင့် ၂၈ ရက်သာရှိသည်။ တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါသည်ဟူ၍လည်းကောင်း။   “နှာရည်ယိုရွှဲ  တပို့တွဲ “ ဟူ၍ လည်းကောင်း ဆိုရိုးစကားပြုလေ့ရှိသည်။

 

တပို့တွဲသည်  ထမနဲပွဲကျင်းပကြသည့်အလျောက်  ကောက်သစ်စပါး ပေါ်ချိန်နှင့် တိုက်ဆိုင်ကာ တပျော်တပါး စုပေါင်း၍ တစ်မျိုး။ မိသားစုအလိုက်တစ်ဖုံ။ တစ်နိုင်တစ်ပိုင်တစ်မျိုး။ အပြိုင်အဆိုင်ထိုးကြကာ ဆွမ်းကပ်၊ ကျောင်းလှူ  မိတ်သင်္ဂဟများသို့  ကျွေးမွေးလှူဒါန်းကြလေ့ရှိကြသည်သာ  ဖြစ်သည်။ ထို့ကြောင့်လည်း စာဆိုတို့က “တပို့တွဲလ ကုံသို့ကျ၊ မာဃထွန်းစမြဲ၊ ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ မီးပုံယာဂုပွဲ..” ဟုဆိုသည်။

 

ထမနဲ(ထမင်းနှဲ)သည် ကောက်ညှင်းဖြင့် စီမံပြုလုပ်သော မြန်မာတို့၏ ချိုဆိမ့်မွှေးသည့်  အစားအစာတစ်မျိုးဖြစ်သည်။  ကောက်ညှင်းကို    ထပ်ပြန်တစ်လဲလဲဖြင့်  ကော်များ၊  ပတ်စာများနှယ်  စေးပိုင်အောင်၊ အကြိမ်ကြိမ်ဖိသိပ် လူးနယ်ရသောကြောင့် ထမင်းနှဲဟုလည်းခေါ်သည်။ ဤသည်ကိုပင်အချို့သော ဒေသတို့တွင် ဒေသိယဝေါဟာရအဖြစ် ”ယာဂု”ဟုလည်း ခေါ်ကြသေးသည်။     ”ယာဂု”သည်   ပါဠိဝေါဟာရဖြစ်၍   မြန်မာစကားအဖြစ်”ဆန်ပြုတ်”  ဖြစ်သည်။

 

ကောက်ညှင်း၊ အုန်းဆီ၊ မြေပဲ၊ ချင်း၊ နှမ်းဆီ၊ နှမ်း နိုင်နိုင်ထည့်ရသဖြင့်လည်း “နှမ်းမနဲ” ဟုလည်း ခေါ် ကြပြန်သေးသည်။ ကောက်ညှင်း ကောက်သစ်ပေါ်ချိန်တွင် မိမိတို့  မြန်မာလူမျိုးများ  နိုင်ငံအနှံ့တွင်  မြို့ပြရော  ကျေးလက်ဒေသများတွင်ပါ ကျင်းပကြသည်သာဖြစ်သည်။ အစဉ်အလာနှင့် ဆယ့်နှစ်လ ရာ သီပွဲများတွင် အပါအဝင်ဖြစ်ရာ တပို့တွဲလဆန်းမှစ၍ လပြည့်နေ့တိုင်အောင် ရှေးရှေးသောမင်းများ အဆက်ဆက်ကာလများတွင်ပါ ခြိမ့်ခြိမ့်သဲမျှ ကျင်းပခဲ့ကြသည်။

 

ထမနဲတွင် ပါရသော အဆာတို့၏ အချိန်အဆ မှန်ဖို့လိုသည်။ ယင်းသို့ မှန်ပါမှလည်း အလွန်စားကောင်းရုံ သာမက ရက်ရှည်လည်း အထားခံသည်။ ဆေးပညာ ရှုထောင့်အရ အအေးဒဏ်ကိုခံနိုင်ရန် ဆေးဝါးအာဟာရအဖြစ်စားကြသဖြင့် ကျန်းမာရေးနှင့်လည်း ညီညွတ်စေသည်။ သို့ဖြစ်၍  အချိုးအစား အချိန်အဆမှန်ကန်ရေးအတွက်  ရှေးစာဆိုတို့က    တေးထပ်လင်္ကာမျိုးဖြင့်  ..      “ကုံရာ သီမာသ၊ သဘာဝရွှင်စွာ၊ ထာဝရစဉ်လာ၊ များသူငှာ ခြိမ့်သဲ၊ ညာဇမ္ဗူ သာဓုခေါ်အောင်၊ ယာဂုတော် ကြိုဆောင်သည့်ပွဲ။ စားတော်ရ ဆန်ပေါက်ဝါ။ လေးပြည်သာ  ထည့်မြဲ။  ချိန်ပိဿာ  လျှံကြည်ရွှဲအောင်လို့၊  နှမ်းဆီလည်း ထည့်ပြန်။  မြေပဲဆန်အဋ္ဌသုညငယ်နှင့် ဒွတ္ထိံသ  တိလဗီဇံ။  အုန်းသီးစိပ်ကျပ်ဝီသံငယ်၊ လောနတံ ချိန်သတ်နှင့်။ ချင်း နုဖတ်သိင်္ဂီ မျှင်ရွှေ၊ သုံးကျပ်မသွေ၊ နည်းစဉ်ဆက် သမုဆွေငယ်၊ ဥပဒေ မော်ကွန်းပလေး ..။”

 

အဓိပ္ပာယ်မှာ .. ကောက်ညှင်းလေးပြည်ကို ရေစင်အောင်ဆေး၊  ဆီတစ်ပိဿာကို    ဒယ်အိုးတွင်  ထည့်ကာ    ချင်းသုံးကျပ်သားနှင့်   ဆီသတ်၍ ကောက်ညှင်း  ထည့်နှပ်ရသည်။  ကောက်ညှင်းနပ်၍  ဆီပြန်သော် ဖိုမှချ ကြေအောင် နှဲနယ်ရသည်။  ယင်းသို့ နှဲရ၊  နယ်ရသည်တွင်  ယောက်မကြီး နှစ်လက်ဖြင့် ပွတ်ခြေရသဖြင့် ကြေသွားသော ကောက်ညှင်းတွင် မြေပဲ ၈၀ ကျပ်သား၊  နှမ်း  ၃၂  ကျပ်သား၊  အုန်းသီးစိပ်  ၂၀  ကျပ်သား၊    ဆား  ခုနစ်ကျပ်သား နှံ့အောင်ထည့်၍ မွှေသော် အရသာထူးကဲသော ထမနဲ (ထမင်းနှဲ)အဖြစ်သို့ ရောက်၏။

 

မိမိတို့  သတိပြုရမည်မှာ  ထမနဲသည်  အပူစာချည်းဖြစ်သည်။  ဆီကိုနိုင်အောင်ထည့်ထားသဖြင့် အလွန်ချမ်းသော တပို့တွဲလမျိုးတွင် ချွေးဒီးဒီး ကျအောင် ထိုးကြရ၍  စားကြရသဖြင့်  ရာသီစာနှင့်  ကိုက်ညီတွက်ချက် ထားခြင်းဖြစ်သည်။ အလွန်အေး၍ ကိုယ်စားကိုယ်ရေ အဆီခြောက်ခန်းချိန်ဖြစ်သဖြင့် ဆီနိုင်သော ဤထမနဲကို စားသုံးလျှင် စိုပြည်လာမည်။ အပူဓာတ်ရလာမည်ဟု ယူဆကြသည်။ မဟာနရီကွန်ချာဆေးကျမ်း၌မူ ပထဝီပျက်သူများ ထမနဲကို စားသင့်ကြသည်ဟု ဆိုထားသည်။

 

မိမိတို့ မြန်မာများအဖို့ တပို့တွဲလသည် ကောင်းသောလတစ်လဖြစ်၍ မင်္ဂလာအမှုများ၊ ကုသိုလ်ကောင်းမှုများ၊ ရာသီနှင့်လိုက်လျောညီထွေ ရှိလှသော မြန်မာအာဟာရအစားအစာများ ဖန်တီးကျွေးမွေးခြင်းဖြင့် ပျော်ရသော  ကာလဖြစ်သည်။ တက်ညီလက်ညီ စုပေါင်းလုပ်ဆောင်ပြီး ရဟန်းသံဃာတော်များကိုလှူဒါန်း၊ မိတ်ဆွေ သင်္ဂဟများကို ဝေငှ၊ အချင်းချင်းဝေမျှစားကြသည်။ နှစ်စဉ်နှစ်တိုင်းလည်း  အစဉ်အလာမပျက်  ကျင်းပခဲ့သော  ပွဲတော်ကြီးဖြစ်သည်။  ဤလတွင်းမှာပင်    ပြည်ထောင်စုနေ့လည်း    တိုက်ဆိုင်နေသော လလည်း ဖြစ်နေတတ်သည်။ ထို့ကြောင့် တပို့တွဲလသည် ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ    ပျော်ပွဲရွှင်ပွဲ  လူမှုရေးသာမက  ကုသိုလ်ရေး၊    ဘာသာရေး    ရောနှောနေသော အစဉ်အလာဓလေ့ကောင်းတစ်ရပ် ဖြစ်သည်။

 

တပို့တွဲလနှင့် စပ်လျဉ်း၍ ပညာရှိတို့ ခက်ဆစ်အဖြေထုတ်ထားသည်ကိုဖော်ပြရလျှင် ..

 

တ ..  ..  .. တာလ-တန်း၊ ထန်း(ပုဒ်ပျက်မှလာသည်) 
ပို့ ..  ..  ..ချွန်-မို့- ဖု- လုံး တွဲ ..  ..  ..တွဲစေသည်။                     
တပို့ ..  ..  ..ထန်းဖူး-ထန်းခိုင်တံ 
တာလ ..  ..  ..ထန်း(ပါဠိ)                     
ရာသီ ..  ..  ..ကုံရာသီ                    
 ပန်း ..  ..  ..ပေါက်-လဲ                     
နက္ခတ် ..  ..  ..မာဃ ပွဲတော် ..  ..  ..ထမနဲပွဲ                     
လစဉ် ..  ..  ..ဆယ့်တစ်လ


ရာမည-သွေးမွန်

 

ကျမ်းကိုး
-မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)/(၅)
-ဝေါဟာရတ္ထပကာသနီကျမ်း။
-ဝေါဟာရလီနတ္ထဒီပနီကျမ်း
-ဖိုးသူတော်ဦးမင်း၏သဘာဝပြက္ခဒိန်နှင့်အခြားစာများ(မင်းသုဝဏ်)