ဝါရှင်တန် ၁၈ ဖေဖော်ဝါရီ
အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးမတိုင်မီ ပြုံယမ်းအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ဆက်လက်ထားရှိရန်လိုအပ်သည်ဟု အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က အလေးပေးပြောကြား ခဲ့ကြောင်း ယမံနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ဖေဖော်ဝါရီ ၁၆ ရက်က ဂျာမနီနိုင်ငံ၌ ကျင်းပသော မြူးနစ်လုံခြုံရေးကွန်ဖရင့်စ်တွင် ပြောကြားခဲ့သည့်မိန့်ခွန်းတစ်ရပ်၌ အထက်ပါကိစ္စရပ်နှင့်ပတ်သက်ပြီး ထည့်သွင်းပြောကြား ခဲ့သည်။
ယခုလအတွင်း ဗီယက်နမ်နိ်ုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးတွင် သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့သည် အပြုသဘော ဆောင်သော ရလဒ်များရရှိစေရန် ဆွေးနွေးနိုင်လိမ့်မည်ဟု ဒုတိယ သမ္မတ မိုက်ပန့်စ်က ဆိုသည်။
နျူလက်နက်စွန့်လွှတ်ရေး ပူးပေါင်းပါဝင်သင့်
“အတိတ်ကကိစ္စရပ်တွေကို မေ့ထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီဖြေရှင်းချက်တွေကို ဆက်လက်ကာကွယ် ထိန်းသိမ်းလိုက်နာဖို့ နိုင်ငံအားလုံး အနေနဲ့ လိုအပ်ပါတယ်” ဟု ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယား နျူကလီးယားလက်နက်စွန့်လွှတ်ရေးအတွက် နိုင်ငံအားလုံးပူးပေါင်းကာ ကြိုးပမ်းသင့်သည်ဟု ဒုတိယသမ္မတ မိုက်ပန့်စ်က ဆိုသည်။
ဆက်လက်စောင့်ကြည့်သင့်
ပြုံယမ်းအနေဖြင့် ၎င်း၏ နျူကလီးယားလက်နက်များကို အပြီးတိုင်စွန့်လွှတ်ခြင်းနှင့် ဒုံးလက်နက်စမ်းသပ်ပစ်လွှတ်သည့်နေရာများကို နိုင်ငံတကာအား ကြည့်ရှုစစ်ဆေးခွင့်ပေးခြင်းတို့အတွက် အမေရိကန်အနေဖြင့် မည်သို့တန်ပြန်လိုက်လျောမှုများ ပြုလုပ်မည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
အမေရိကန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံယုံကြည်မှု အပြန်အလှန်တည်ဆောက်ရေးတွင် အထောက်အပံ့ဖြစ်နိုင်မည့် လုပ်ဆောင်ချက်များကို ထည့်သွင်းဆွေးနွေးရန် ပြင်ဆင်လျက်ရှိသည်ဟု မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ