၁၈ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် တနင်္ဂနွေနေ့နံနက်ဖြစ်သည်။ ရာသီဥတုက အေးချမ်းလှသလို ရန်ကုန်- ပြည်လမ်းမကြီး၏ ရန်ကုန်-တိုက်ကြီးလမ်းပိုင်း နိုင်လွန်ကတ္တရာလမ်းမကြီး မှာလည်း ချောမွေ့သာယာလျက်။ မင်္ဂလာရှိသော အချိန်အခါတွင် ဤလမ်းပိုင်းကို တာဝန်ရှိပုဂ္ဂိုလ်များက ဖွင့်လှစ်ပေးခဲ့သည်။
အကျိုးကျေးဇူးများ ရရှိခံစားနိုင်
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပြည်တွင်းလုပ်ငန်းရှင်များသည် လမ်းတံတားလုပ်ငန်းများ BPTစနစ်ဖြင့် ဆောင်ရွက်၍ တိုင်းရင်းသားပြည်သူများ လိုရာခရီးကို ချောမွေ့မြန်ဆန်အန္တရာယ်ကင်းစွာဖြင့် သွားလာနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဤ သို့ BOT ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် လမ်း၊ တံတားများအတွက် နိုင်ငံတော်က ဘဏ္ဍာငွေ စိုက်ထုတ်သုံးစွဲစရာမလိုဘဲပြည်သူတို့၏ အခြားလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများအတွက် ပိုမိုအသုံးပြုလာနိုင်သဖြင့် ကဏ္ဍပေါင်းစုံ ပိုမိုတိုးတက်လာသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ပြီဖြစ်သည်။
ပြည်သူများမှာလည်း လုံခြုံကောင်းမွန်သော လမ်းများကို အသုံးပြုရသည့်အတွက် အချိန်တိုအတွင်း လိုရာခရီးသို့ အေးချမ်းလုံခြုံစွာ သွားလာနိုင်ပြီဖြစ်သည်။ လမ်းများပေါ်တွင် သတ်မှတ်ထားသော ခွင့်ပြုတန်ချိန်များအတိုင်း သွားလာအသုံးပြုပြီး သတ်မှတ်ထားသည့် ခရီးအကွာ အဝေးအတိုင်းပေးဆောင်ရမည့် လမ်းအသုံးပြုခ၊ အခွန်အခများကို ပေးဆောင်ခြင်းဖြင့်ပြည်သူများအတွက် အကျိုးရှိသလို လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များနှင့် ပြည်သူ့အစိုးရတို့မှာလည်း အကျိုးရှိသည့် PPP စနစ်ဖြင့် စုပေါင်းချီတက်မှသာ ရေရှည်အောင်မြင်တိုးတက်မည်ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှသာ ရှေ့ဆက်နိုင်
BOT လမ်း၊ တံတား လုပ်ငန်းများသည် ငွေကြေးများစွာ ရင်းနှီးလုပ်ကိုင်ရသည့်အတွ လုပ်ကိုင်ခွင့်ပြုထားသော နှစ်ကန့်သတ်ချက်အတွင်း အရင်းကြေပြန်ရနိုင်မှု၊ ထိုက်သင့်သည့်ဝင်ငွေ ပြန်ရနိုင်မှုတို့ကို ချိန်ဆ၍ နိုင်ငံတကာ စံနှုန်းများနှင့်တွက်ချက်ပြီး ပူးပေါင်းဆောင်ရွက်မှသာ ပြည်သူနှင့် ပြည်သူ့အစိုးရ၊ ကုမ္ပဏီများ အားလုံးအောင်မြင်စွာ ရှေ့ဆက်သွားနိုင်မည်ဖြစ်သည်။
လမ်း၊ တံတားများ တည်ဆောက်လျက်ရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် BOT ကုမ္ပဏီများအနေဖြင့်လည်း ခေတ်စနစ်နှင့် မကိုက်ညီတော့သည့် ပဋိညာဉ်စာချုပ်များကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသည့် စာချုပ်များအဖြစ်ပြောင်းလဲဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်၏ နည်းပညာအထောက်အပံ့ဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအတိုင်ပင်ခံအဖွဲ့များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့ဝင်များ၊ BOT ကုမ္ပဏီ လုပ်ငန်းရှင်များ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်၍လည်းကောင်း နိုင်ငံတကာစာချုပ်စာတမ်း စံနှုန်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။
စုပေါင်းပါဝင်ရန်လို
ထို့ကြောင့် ပြည်သူများဘက်ကလည်း အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ထားသော လမ်းကောင်းများတွင် သတ်မှတ်ထားသော လမ်းစည်းကမ်းများကို လိုက်နာခြင်း၊ သတ်မှတ်ထားသော ခွင့်ပြုတန်ချိန်များအတိုင်း သွားလာအသုံးပြုခြင်း၊ ပေးဆောင်ရမည့် လမ်းအသုံးပြုခ၊ ဝန်ဆောင်ခများ ပေးဆောင်ခြင်းတို့ဖြင့် စုပေါင်းပါဝင်ပေးရန် လိုအပ်ပေသည်။
အလျဉ်းသင့်သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ နိုင်ငံတော်အတွင်း လမ်း၊ တံတားလုပ်ငန်း ဆောင်ရွက်မှုများကို ဖော်ပြလိုသည်။ နိုင်ငံတစ်ခုတိုးတက်စေရန် အဓိက လိုအပ်ချက်များတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းသည်လည်း အဓိကနေရာမှပါဝင်နေ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် တာဝန်များ ချမှတ ဆောင်ရွက်လျက်ရှိရာ ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိ၄၂၁၂၁ ကီလိုမီတာရှိသည့် လမ်းများကို ASEAN Class 3 (၁၈ ပေအကျယ် ကတ္တရာ ကွန်ကရစ်လမ်း)အဆင့်အနည်းဆုံး ရောက်ရှိရေး၊ ၂၀၃၀ ပြည့်နှစ်တွင် တံတားများအားလုံး ၂၄ ပေအကျယ် နှစ်လမ်းသွား ကွန်ကရစ်တံတားနှင့်သံပေါင်တံတားအဆင့် အနည်းဆုံး ရောက်ရှိရေး၊ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်သည် စနစ်ကျနသောမြို့ပြများ (Urban Planning)အဖြစ် အကွက်ချတည်ဆောက်ပြီးသည့်မြို့များ ဖြစ်လာစေရေးနှင့် အဆိုပါမြို့များ အားလုံးတွင် အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင်အဖြစ် တည်ဆောက်မည့် အိမ်ခန်းပေါင်းတစ်သန်း ဆောက်လုပ်ပြီးစီးရေးတို့ကို တာဝန်ချမှတ်ဆောင်ရွက်လျက်ရှိသည်။
အဆင့်မြှင့်တင်သွားမည်မြန်မာနိုင်ငံ၏ လမ်းတံတားလုပ်ငန်းများကို BOT စနစ်ဖြင့် ၁၉၉၆ ခုနှစ်ကတည်းက လားရှိုး-မူဆယ်လမ်းပိုင်း၌ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ တိုင်းရင်းသား BOT ကုမ္ပဏီ ပေါင်း ၂၅ ဖွဲ့က လမ်းမိုင်ပေါင်း ၃၂၆၄ မိုင်ကို အဆင့်မြှင့်တင် ဆောင်ရွက်နေပြီ ဖြစ်သည်။ ရန်ကုန် - မ္တလေး ပြည်ထောင်စုလမ်းမကြီး၊ မန္တလေး- လားရှိုး-မူဆယ်လမ်းမကြီး၊ ရန်ကုန်-ဘုရားကြီး-ကျိုက်ထို-မော်လမြိုင်လမ်း၊မန္တလေး- စစ်ကိုင်း-မုံရွာလမ်း၊ ရန်ကုန်- ပြည်-မကွေးလမ်းမကြီး များတွင် အဆင့်မြှင့်တင် ဆောင်ရွက်နေသည်ကို ပြည်သူများ မျက်ဝါးထင်ထင် မြင်တွေ့နိုင်ပြီဖြစ်ပြီး ဆက်လက်၍လည်း ကျန်လမ်း ပိုင်းများကို နှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများကို အဆင့်မြှင့်တင်နိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် BOT ကုမ္ပဏီများက ပူးပေါင်း ဆောင်ရွက်နေသကဲ့သို့ ပြည်သူများကလည်း ဆောင်ရွက်ပြီးသောလမ်းများ မပျက်စီးစေရန်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သတ်မှတ်ထားသော လမ်းအသုံးပြုခများကို ပေးဆောင်ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကိုလိုက်နာခြင်းတို့ဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာအောင် စုပေါင်းအားဖြင့်တည်ဆောက်နိုင်ကြရန် တိုက်တွန်းရေးသား လိုက်ရပါသည်။
အောင်မြင်(အလှဆင်သူ)