နေပြည်တော် ဇူလိုင် ၂၅
ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းဆောင်ရွက်မှုများ ဗဟိုအဆင့် သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က သုတေသန တွေ့ရှိချက်များအရ တစ်ဆင့်ခံဆေးလိပ်ငွေ့သည် လေထုကို ညစ်ညမ်းစေ သည့်အပြင် ဆေးလိပ်ငွေ့တွင် ဓာတုပစ္စည်းပေါင်း လေးထောင်ကျော်ပါဝင်ပြီး ကျန်းမာရေး ဆိုးကျိုးပေးသည့် ပစ္စည်းများနှင့် ကင်ဆာဖြစ်စေသည့် ဓာတုပစ္စည်းအမျိုး (၄၀)ကျော် ပါဝင် သည်ကို တွေ့ရှိရကြောင်း၊ ပြည်သူလူထုကို ဆေးလိပ်ငွေ့အန္တရာယ်မှ ကာကွယ်ပေးရန် အတွက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ ဆေးရွက်ကြီး ထိန်းချုပ်ရေးကွန်ဗင်းရှင်း (WHO Framework Convention on Tobacco Control) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတော်အနေဖြင့် (၂၀၀၆)ခုနှစ် မေလတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းပြီး ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ကို ဖန်တီး၍ အများပြည်သူ ကျန်းမာရေးကို ထိခိုက်စေသည့်အန္တရာယ်မှ ကာကွယ်ပေးရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးလိပ်ငွေ့ ကင်းစင်ရေးနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေးအတွက် လိုအပ်သည့်အမိန့်နှင့် ညွှန်ကြားချက်များ ကို ထုတ်ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးလိပ်ငွေ့ ကင်းစင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင် ရာလုပ်ငန်းကဏ္ဍအလိုက် နှီးနွယ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် မိတ်ဖက်အဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ၊ မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်း ရေးဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်သာယာရေးကော်မတီ များမှ တာဝန်ရှိသူများ၊ နှီးနွယ်ဝန်ကြီးဌာနများနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူး၊ ပါမောက္ခနှင့် တာဝန်ရှိသူများ၊ ASEAN Smoke Free Award (ASA) Country Assessment Team စိစစ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ (၈)သန်းကျော်သည် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုကြောင့် ကင်ဆာရောဂါ အမျိုးမျိုး၊ နှလုံးရောဂါ၊ အဆုတ်နှင့် အသက်ရှူလမ်း ကြောင်းရောဂါ စသည့် နာတာရှည်ရောဂါများ ဖြစ်ပွားပြီး အရွယ်မတိုင်မီ သေဆုံးလျက်ရှိ ကြောင်း၊ အဆိုပါလူဦးရေ (၈)သန်းအနက် လူဦးရေ(၁) သန်းကျော်သည် တစ်ပါးသူသောက်သုံးသည့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရသည့်အတွက် သေဆုံးနေရခြင်းပြီး အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ အများဆုံးပါဝင်နေကြောင်း သိရသည်။
သတင်းစဉ်