နေပြည်တော်၊ ဩဂုတ် ၁၆
မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်၊ မြန်မာ့ရေပိုင်နက်မျဉ်း၏ အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း ကျူနာ ငါးမျှားတန်း ငါးဖမ်းရေယာဉ်များအား ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကမ်းခြေစောင့် တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၊ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့နှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စီးပွားရေး၊ ရိက္ခာဖြည့်တင်း ရေးနှင့် အာဟာရဓာတ်ပြည့်ဝရေးတို့အတွက် အရေးပါသော သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်၊ မြန်မာ့ရေပိုင်နက်မျဉ်း၏ အပြင်ဘက် သီးသန့် စီးပွားရေးဇုန်အတွင်း ကျူနာငါးအမျိုးအစားများ ထုတ်ယူသုံးစွဲနိုင်ရေးနှင့် နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် လိုင်စင်ခနှုန်းထားများအား ဘဏ္ဍာနှစ်အလိုက် သတ်မှတ်ကာ သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များ၌ ရေယာဉ် ဝင်ထွက်မှုကို စစ်ဆေးခံယူစေပြီး ပြည်ပသို့တိုက်ရိုက် တင်ပို့ခွင့်ပြုခဲ့ကြောင်း၊ ငါးလုပ်ငန်းများ ရေရှည်လုပ်ကိုင် နိုင်ရေးအတွက် တာဝန်ရှိအသိစိတ်ဓါတ်ဖြင့် ဆောင်ရွက်သော လုပ်ငန်းများဖြစ်စေရန် လုပ်ငန်းရှင်များမှ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်လိုကြောင်း။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြန်မာ့ပင်လယ်ပြင်အတွင်း နိုင်ငံခြားကျူနာငါးမျှားတန်း ငါးဖမ်းရေယာဉ်များဖြင့် ငါးဖမ်းဆီးခွင့်ပြုရန် ပုဂ္ဂလိကကုမ္ပဏီများ၏ တင်ပြထားချက်အပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူ များ၊ ကျွမ်းကျင်သူများအနေဖြင့် ယခုအစည်းအဝေးတွင် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ကျူနာငါးများတည်ရှိမှုနှင့် နေထိုင်ကျက်စား သွားလာမှုအခြေအနေ၊ ငါးဖမ်းရေယာဉ်များ၌ VMS စနစ်အပြင် AIS စနစ် တပ်ဆင်ဆောင်ရွက်ရန်လိုအပ်ချက်၊ အဏ္ဏဝါဂေဟစနစ်ကို ထိခိုက်မှုမရှိသည့် ငါးဖမ်းနည်း၊ ငါးဖမ်းကိရိယာများအသုံးပြုရေး၊ ထိရောက်သော စစ်ဆေးမှုနှင့် စည်းကမ်းချက်များ သတ်မှတ်ဆောင်ရွက်နိုင်ရေး၊ ခေတ်ကာလနှင့် လျော်ညီသော ငါးဖမ်း လိုင်စင်ခွန်နှုန်းထားဖြစ်စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)