နေပြည်တော် ဩဂုတ် ၁၈

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ ကျန်းမာရေးဆိုင်ရာအသိပညာ၊ ဗဟုသုတများတိုးပွားရရှိပြီး ကျန်းမာကြံ့ခိုင်စွာဖြင့် လုပ်ငန်းတာဝန်များထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းစီစဉ်သည့် ကျန်းမာရေးအသိပညာပေး အစီအစဉ်အရ ဆီးချိုသွေးချို၊ သွေးတိုးရောဂါနှင့် ကူးစက် ရောဂါဆိုင်ရာ ဟောပြောပွဲကို ယနေ့မွန်းလွဲ  ၁ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

 

ဟောပြောပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး၊ ကုသရေးဉီးစီးဌာန၊ သွားကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်း များ တက်ရောက်ကြသည်။

 

ဟောပြောပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဉီးက ကျန်းမာရေးသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလွန် အရေးပါပြီး ကျန်းမာမှသာ အသိပညာ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများတိုးပွားရရှိစေရန်၊ ကြိုတင် ကာကွယ်ဆောင်ရွက်သင့်သည်များကို သိရှိစေရန်နှင့်လုပ်ငန်းများကို ပိုမို ထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့ဟော ပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။  

 

ထို့နောက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာ ရဲမြင့်က “ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါအကြောင်း သိကောင်းစရာ”ကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက “ကူးစက်ရောဂါအကြောင်း သိကောင်းစရာ” ကိုလည်းကောင်း၊   မကူးစက်နိုင်သော ရောဂါများနှင့်ကူးစက်ရောဂါများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ရောဂါဝေဒနာခံစား နေရသူများအနေဖြင့် သတိပြုဆင်ခြင်ရမည့်အချက်များကို ဟောပြောဆွေးနွေးကြပြီး တက်ရောက် လာသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားကြသည်။

 

အလားတူ  ကုသရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူး(သွားကျန်းမာရေး) ဉီးဆောင်သောအဖွဲ့က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဆေးပေးခန်း၌ ဝန်ထမ်းများအား သွားနှင့်ခံတွင်း ရောဂါများကို စစ်ဆေးကုသပေးခြင်း၊ ဆီးချို သွေးချို စစ်ဆေးပေးခြင်းနှင့် မေတ္တာဥယျာဉ်နေ့ ကလေးထိန်းကျောင်းမှ ရင်သွေးငယ်များအား သွားတိုက်နည်းစနစ် သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)