နေပြည်တော် ဩဂုတ် ၁၉

စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက် (Gasifier) နည်းပညာပိုင်း ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဌာန၌ကျင်းပသည်။

အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီ နာယကနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဓာတုအင်ဂျင်နီယာ အထူးပြု ဘာသာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များ၊ လျှပ်စစ်အင်ဂျင်နီယာလုပ်ငန်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန် မြို့တော်လျှပ်စစ် ဓါတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမာက္ခချုပ်နှင့် စက်မှုဝန်ကြီးဌာနမှ  တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်တွင် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟု သတ်မှတ်ပြဋ္ဌာန်းထားကြောင်း၊ ထုတ်လုပ်မှုကိုမြှင့်တင်ရာတွင် အဓိကသွင်း အားစုကြီးဖြစ်သည့် လျှပ်စစ်စွမ်းအင်သည် အလွန်အရေးကြီးကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမှသာ စဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်နိုင်မည်ဖြစ်၍  ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် မိမိတို့နိုင်ငံတွင် ပေါများစွာ ရရှိသော စိုက်ပျိုးရေးဘေးထွက်ပစ္စည်းဖြစ်သည့် စပါးခွံကိုသုံး၍ တစ်ပိုင်တစ်နိုင် လျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးမြှင့်တင်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် စပါးအထွက်များသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် စပါးခွံဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ထို့ပြင်စပါးခွံ လောင်စာသုံး Gasifier လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ စဉ်ဆက်မပြတ်လည်ပတ်နိုင်ခြင်း၊ လောင်စာအတွက် ကုန်ကျစရိတ်မရှိခြင်း၊ ထုတ်လုပ်မှုစရိတ် သက်သာခြင်း၊ ဘေးထွက်ပစ္စည်းများကို စိုက်ပျိုးရေးတွင် ပြန်လည်အသုံးပြုနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု နည်းခြင်း၊Green House gas emission လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း၊ ပြည်တွင်း၌ အသုံးပြုနေသည့် Gasifier အနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် လည်ပတ်နိုင်ရေး အတွက် လိုအပ်သည့် နည်းပညာများရရှိရေး စက်မှုပညာရှင်၊ ဓာတုဗေဒပညာရှင်နှင့် လျှပ်စစ်ပညာရှင်များ ပေါင်းစပ်ဆောင်ရွက်ပြီး ဖြည့်ဆည်းပေးရန်နှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးပါရန်ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဒုတိယဥက္ကဋ္ဌက  Myanmar Gasifier Working Group ဖွဲ့စည်းမည့် အစီအမံများကိုလည်းကောင်း၊ ဓာတုအင်ဂျင်နီယာလုပ်ငန်း အဖွဲ့ဝင်က Gasifier အသုံးပြုသည့် စက်ရုံ/အလုပ်ရုံများအတွက် နည်းပညာဆိုင်ရာ ပံ့ပိုးပေးနိုင်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက  အကြံပြုဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရွှေလင်ပန်း စက်မှုဇုန်ရှိ ဧရာဝတီဆီစက်နှင့် ရွှေပြည်သာစက်မှုဇုန်ရှိ ပတ္တမြားဆီစက်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင်များက လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်မှု၊ ကုန်ကြမ်းရရှိမှုနှင့် ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆီထွက်သီနှံများကြိတ်ခွဲရာတွင် လိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ လုပ်ငန်းများစဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး ဆောင်ရွက် ရန်တို့နှင့် စပ်လျဉ်း၍ပြောကြားပြီး ဆီထွက်သီးနှံများ ကြိတ်ခွဲနေသည့် လုပ်ငန်းစဉ်အဆင့် ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်