နေပြည်တော် ဩဂုတ် ၂၆

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူပြည်သူများအား သတ်မှတ်အရည် အသွေး စံချိန်စံညွှန်းပြည့်မီပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သက်သာသည့် ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၄၄၅၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

“ကျွန်တော်တို့အနေနဲ့ စားသုံးဆီတင်သွင်းတဲ့ FIRST TOP Company ကနေ ဝယ်ယူရရှိခဲ့တဲ့ စားသုံးဆီတွေကို နေပြည်တော်အတွင်းမှာရှိကြတဲ့ စားသုံးသူပြည်သူတွေအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အခြေခံရည်ညွှန်းဈေး နဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးနေတာဖြစ်ပါတယ်။ နေပြည်တော် မြို့မဈေး ပွဲရုံတန်းမှာရှိတဲ့ အိမ်ရှင်မ ဆန်၊ ဆီ လက်လီ/ လက်ကား ဖြန့်ချိရေးဆိုင်နဲ့ သုခတော်ဝင် အိမ်ရာမှာရှိတဲ့ ဆိုင်ခွဲမှာလည်း စားသုံးဆီ တစ်ပိဿာ ၄၄၅၀  ကျပ် နှုန်းနဲ့ စားသုံးဆီပိဿာချိန် ၃၃၀၀ ကို ရောင်းချပေးနေတာ ဖြစ်ပါတယ်။ စားသုံးဆီတွေကို ဒီနေ့မှာရောင်းချလို့ မကုန်ရင် နောက်နေ့တွေမှာ ဆက်ပြီးတော့ ရောင်းချပေးသွားမှာပါ။ ဒါ့အပြင် စားသုံးဆီတွေသာမကဘဲ ဆန်တွေကိုလည်း ကုမ္ပဏီတွေကနေ သက်သာတဲ့ဈေးနှုန်းရရှိခဲ့ရင်  စားသုံးသူပြည်သူတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်ဆိုတာ အသိပေးချင်ပါတယ်” ဟု  အိမ်ရှင်မ ဆန်၊ဆီ လက်လီ/ လက်ကားဖြန့်ချိရေး ဆိုင်ရှင်ဦးအောင်ကိုထက် က ပြောသည်။

ထိုသို့ ရောင်းချနေမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စားသုံးသူ ပြည်သူများ စားသုံးဆီများကို အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး၊ အလေးချိန်ပြည့်ဝမှန် ကန်မှုရှိစေရေးနှင့် စားသုံးဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေးတို့ကို  ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

“ မြို့မဈေးကနေ ဈေးဝယ်ပြီး ပြန်လာတော့ လူတွေတန်းစီပြီး ဆီတစ်ပိဿာကို ၄၄၅၀ နှုန်းနဲ့ ရောင်းပေးနေတာတွေ့လို့ ဝင်ရောက်ဝယ်ယူတာပါ။ ဈေးထဲကကုန်စုံဆိုင် တွေမှာ စားသုံးဆီတစ်ပိဿာကို ၁၀၀၀၀ ကျော်နဲ့ ရောင်းနေတဲ့အချိန်မှာ အခုလိုသက်သာတဲ့ ဈေးနှုန်းနဲ့  ရောင်းပေးတဲ့အတွက် စားသုံးသူပြည်သူတစ်ယောက်အနေနဲ့ အလွန်ဝမ်း သာတယ်။ အခုလို စားသုံးဆီကို သက်သာတဲ့ဈေးနှုန်းနဲ့ မကြာခဏ ရောင်းပေးမယ်ဆိုရင် စားသုံးသူပြည်သူတွေ ဆီအတွက်ကတော့ အဆင်ပြေသွားမယ် ထင်ပါတယ်။ တစ်ဦးကို တစ်ပိဿာနှုန်းနဲ့ ရောင်းချပေးတဲ့အခါ မိသားစုနည်းတဲ့သူတွေအတွက်သာမက မိသားစုများ တဲ့သူတွေအတွက်ပါ အဆင်ပြေပါတယ်။ စားသုံးဆီတွေအပြင် အဓိကစားသုံးကုန်ဖြစ်တဲ့ ဆန်နဲ့ အခြားအခြေခံစားသောက်ကုန်တွေကိုလည်း အခုလို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးစေချင်ပါတယ် ” ဟု မြို့မဈေး ပွဲရုံတန်း (ပ/၁၈၆) မှ စားသုံးဆီလာရောက် ဝယ်ယူသူ ဒေါ်ကြည်ပြာ က ပြောသည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက်  နေပြည် တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့်လည်း ဈေးများ၊ ဝန်ထမ်းအိမ်ရာ များ၊ ရပ်ကွက်များနှင့် ကျေးရွာများသို့ ဈေးကားများဖြင့် လက်ဝယ်အရောက် စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀ နှုန်းဖြင့် အလှည့်ကျ လှည့်လည်ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျန်ရှိသည့်ဈေးများ၊ ဝန်ထမ်းအိမ်ရာများ၊ ရပ်ကွက်များနှင့် ကျေးရွာများကိုလည်း သက်သာသောဈေးနှုန်းဖြင့် ထပ်မံ၍လှည့်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ဟိန်းမင်းစိုး (သတင်းစဉ်)