ရန်ကုန် ဩဂုတ် ၃၁

ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့တွင် မွန်တိုင်းရင်းသားတို့ ရိုးရာအစဉ်အလာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုပြုခြင်းနှင့်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ မွန်ပိဋိကတ်တိုက်၌ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီနှင့် ရာမညပုညကာရီအသင်းတို့ ပူးပေါင်းကျင်းပသည်။

အခမ်းအနားတွင် ဗိုလ်တထောင်မြို့နယ် ပရိယတ္တိစာသင်တိုက်မှ ဆရာတော် အရှင်ကန္တိဓဇထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော “နိဓိ” လေးမျိုးအနက်မှ “အနဂါမိကနိဓိ” ဟု ဆိုအပ်သော ဒါန(လှူဒါန်းခြင်း)၊ သီလ(ဆောက်တည်ခြင်း)၊ ဘာဝနာ (ပွားများခြင်း) တရားတို့ကို နာယူပွားများ၍ ပင့်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် ဒါန၊ သီလ၊ ဘာဝနာပွားများအားထုတ် သော ကုသိုလ်ကောင်းမှုအား မွန်တိုင်းရင်းသားတို့နေထိုင်ရာ ဒေသအသီးသီး၌ ရိုးရာ ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်အနေအဖြစ် နှစ်စဉ်ဆင်ယင်ကျင်းပလာခဲ့ရာ ယနေ့တိုင်း လက်ဆင့်ကမ်း ရိုးရာယဉ်ကျေးမှုအဖြစ် ကျင်းပလျက်ရှိသည်။

ယနေ့ကျင်းပသည့် အခမ်းအနားသို့ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန် နှင့် ကော်မတီဝင်များ၊ မွန်တိုင်းရင်းသား အငြိမ်းစားဝန်ထမ်းများ၊ ရာမညပုညကာရီ မွန်ပရဟိတ အသင်းသူအသင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကုသိုလ်ပွားများခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)