နေပြည်တော်၊ စက်တင်ဘာ ၁
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များအတွက် ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ချေးငွေအဆိုပြုလွှာနှင့် တင်ပြရမည့် အထောက်အထား တို့ကို ဒေသဆိုင်ရာအေဂျင်စီများသို့ အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဉီးရင်မောင်ညွန့် က MSME ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ ဘဏ္ဍာရေး စည်းမျဉ်း(မူကြမ်း) အား ပြုစုရေးဆွဲ ပြီးဖြစ်၍ အတည်ပြုထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ အေဂျင်စီများအနေဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံတော် အစိုးရ၏ ဦးတည်ချက်များ ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာ အေဂျင်စီများအနေဖြင့် MSME များဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ရန်ပုံ ငွေကျပ်ဘီလီယံ (၁၇၀)ကို ထည့်ဝင်ပေးထားပြီး မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် စာရင်းဖွင့်လှစ်အပ်နှံဆောင် ရွက်ထားပြီး ဖြစ်ကြောင်း၊ မတည်ရန်ပုံငွေကျပ်ဘီလီယံ(၁၅၀)ကို MSME လုပ်ငန်းရှင်များသို့ ထုတ်ချေးပေးသွား မည်ဖြစ်ပြီး ကျန်ငွေကျပ်ဘီလီယံ (၂၀)ကို MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုသွား မည်ဖြစ်ကြောင်း၊ MSME ချေးငွေလျှောက်ထားသည့် လုပ်ငန်းရှင်များအား ဦးစားပေးအလိုက် ချေးငွေများ ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင် ဘဏ်များမှ MSME ချေးငွေရယူ ထားခြင်းမရှိသည့် လုပ်ငန်းရှင်များကို ဦးစားပေး ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း၊ ထို့ပြင်ဘဏ်များမှ ချေးငွေရယူထားပြီး အကျေအလည် ပြန်လည်ပေးဆပ်ပြီးဖြစ်သည့် လုပ်ငန်းရှင်များကို လည်း ထပ်မံထုတ်ချေးသွားမည်ဖြစ်ကြောင်း။
MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင် များအနေဖြင့် ဒေသဆိုင်ရာ အေဂျင်စီများမှတစ်ဆင့် ချေးငွေများကို စတင်လျှောက်ထားနိုင်မည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်မှ ဦးစွာထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ နောင်တွင် ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးပေးနိုင်ရေး ဆက်လက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ MSME အေဂျင်စီများ အနေဖြင့် MSME လုပ်ငန်းရှင် များက သတ်မှတ်ပုံစံ Loan Application Form ဖြင့် ချေးငွေများကို လျှောက်ထားလာလျှင် သတ်မှတ်ထား သည့် Check List များနှင့် ပဏာမတိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီမှုရှိပါက အမှုတွဲများကို မြန်မာ့စီးပွား ရေးဘဏ်သို့ လွှဲပြောင်းပေး ရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တစ်ရပ်ဖြစ်သည့် ရင်းနှီးမတည် ငွေများကို ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီပြီး အမှန်တကယ် လုပ်ငန်းဆောင် ရွက်သည့် လုပ်ငန်းရှင်များကို ထုတ်ချေးပေးသွားမည် ဖြစ်ပြီး လုပ်ငန်းရှင် များကလည်း သတ်မှတ်ချေးငွေကာလ စေ့ရောက်သည့်အချိန်တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူး၊ စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေး ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အေဂျင်စီကိစ္စရပ်များနှင့်စပ်လျဉ်း ၍လည်းကောင်း၊ MSME ဖွံ့ဖြိုးတိုး တက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်က MSME ချေးငွေ ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျည်း၍လည်းကောင်း၊ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက ချေးငွေဆိုင်ရာလုပ်ထုံးလုပ်နည်း၊ အဆိုပြုလွှာ နှင့် တင်ပြရမည့် အထောက်အထားများ နှင့်ပတ်သက်၍လည်းကောင်း ဆွေနွေး ပြောကြားပြီး ဆွေးနွေးချက်များနှင့်ပတ်သက်၍ တက်ရောက်လာသူ များက သိရှိလိုသည်များ နှင့် မရှင်းလင်းသည့် အချက်များကို ပြန်လည်မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက အသေး စိတ်ပြန်လည်ဖြေကြား ဆွေးနွေးသည်။
အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ ဦးဇေယျာလင်း၊ ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် စက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ တို့မှ MSME အေဂျင်စီ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် သတ်မှတ် နေရာ များမှ တက်ရောက်ကြကြောင်းသိရသည်။
(သတင်းစဉ်)