နေပြည်တော် စက်တင်ဘာ ၁၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် နန်နင်းမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ အိုးအိမ်နှင့် မြို့ပြ - ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၊ ဝန်ကြီးဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် အိမ်ရာနှင့် မြို့ပြ-ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ၊ ခေတ်သစ်ပိုးလမ်းကြီး (Belt and Road Initiative – BRI) နှင့် တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ (China – Myanmar Economic Corridor – CMEC)ကိုလည်း အရည်အသွေးမြင့်မြင့်မားမားဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အခြေခံအ ဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နန်နင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာကွန် ဗင်းရှင်းစင်တာ၌ အိုးအိမ်နှင့် မြို့ပြ-ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ  ခင်းကျင်းပြသထားသည့်  ပြခန်းများအား လိုက်လံကြည့်ရှု လေ့လာကြသည်။ 

ထို့နောက် China-ASEAN Ministerial  Roundtable on Construction အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေး၏  အဓိက ရည်ရွယ်ချက်မှာ “ပွင့်လင်းမြင်သာမှုရှိပြီး ၊ နှစ်ဦးနှစ်ဖက်အကျိုးအတွက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် တည်ဆောက်ရေး ကဏ္ဍတွင် တရုတ် - အာဆီယံပူးပေါင်း ဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ မျှဝေခြင်း” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဆက်စပ်မှုများ၏ အရေးပါမှုကို ဖော်ပြခြင်းဖြစ်ပါကြောင်း။

တရုတ် - အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောကဏ္ဍတစ်ရပ်အနေဖြင့်  China – Myanmar Economic Corridor (CMEC) သည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၊ အခြေခံအဆောက်အအုံချိတ်ဆက်မှု ပိုမိုကောင်းမွန် လာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။ 

ထို့အပြင် နိုင်ငံတကာကုန်းလမ်း ၊ ရေလမ်းကုန်သွယ်ရေးစင်္ကြံ (International Land Sea Trade Corridor – ILSTC) သည် မြန်မာနိုင်ငံကို ဖြတ်ကျော်၍ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးသည့် အရေးကြီးသော လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါကြောင်း။
     
ဆောက်လုပ်ရေးကဏ္ဍသည် ခေတ်မီသယ်ယူ ပို့ဆောင်ရေးကွန်ယက်များ ၊ ရေရှည် တည်တံ့သော မြို့ပြစီမံကိန်းနှင့် ခံနိုင်ရည်ရှိသော အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း ၊ အာဆီယံ - တရုတ် ပူးပေါင်း ဆောင်ရွက်မှု၏ မဟာဗျူဟာမြောက် အလားအလာကို အပြည့်အဝ အသုံးပြုနိုင်ရန်နှင့် ဒေသတွင်း ချိတ်ဆက်မှုတိုးမြှင့်ရန် ၊ ခိုင်မာသော အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည်လည်း မရှိမဖြစ် လိုအပ်ပါကြောင်း ၊ အာဆီယံ - တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် စည်းလုံးညီညွတ်စွာဖြင့် သာယာဝပြောပြီး အပြန်အလှန် အကျိုးရှိစေမည့် နည်းလမ်းကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း။

ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းနိုင်ရန် ၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အခြေခံအဆောက်အအုံများကို တည်ဆောက်ရန် ဒေသတွင်းဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ကြရာ၌ အာဆီယံနိုင်ငံအသီးသီး၏ အကောင်းဆုံးအလေ့အထများနှင့် နည်းပညာများကို အချင်းချင်းမျှဝေဆွေးနွေးကြခြင်းဖြင့် ယခုကျင်းပသည့် အစည်းအဝေးကို ပိုမိုအကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသည့် ဝန်ကြီးများနှင့် တာဝန်ရှိသူများက တရုတ်- အာဆီယံ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမြောက် အလားအလာများ ၊ အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းများ ၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အချင်းချင်း မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်