နေပြည်တော်၊ စက်တင်ဘာ၂၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှကြီးမှူး၍ ဆရာတော် ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။   
             
အစည်းအဝေးသို့ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဆရာတော် ရှင်မဟာရဋ္ဌသာရ၏ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်မှာ အနာဂတ် မျိုးဆက်သစ်လူငယ်များ အနေဖြင့် မြန်မာစာကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်လာစေရန်၊ မြန်မာစာပေ သမိုင်းကြောင်းတွင် အင်းဝခေတ်စာပေပညာရှင်များကို ဖော်ထုတ်ဂုဏ်ပြုရာ၌ ဂုဏ်ကျေးဇူးကြီးမားလှသော ဆရာတော်ရှင်မဟာရဋ္ဌသာရ၏ ဂုဏ်ကျေးဇူးကို သိရှိနိုင်စေရန်အတွက်ဖြစ်ပါကြောင်း၊ ဆရာတော် ရှင်မဟာရဋ္ဌသာရ ပြုစုရေးသားခဲ့သည့် ရတု၊ ပျို့၊ မော်ကွန်း၊ လင်္ကာ၊ မေတ္တာစာနှင့် တောလားများမှာ နှစ်ပေါင်း ၅၅၅ နှစ်ကျော် ကြာမြင့်ခဲ့သော်လည်း ယနေ့ခေတ်တိုင်အောင် များစွာအကျိုးပြုနေသည့် စာပေဖြစ်ရုံသာမက နှောင်းပညာရှင်များ အတုယူလေ့လာနေရဆဲ ဖြစ်သည်အထိ ဆန်းသစ်နေဆဲနုပျိုနေဆဲပင် ဖြစ်ပါကြောင်း။   
      
ရှင်မဟာရဋ္ဌသာရ မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယခုလာမည့် စက်တင်ဘာ (၂၃) ရက်၌ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC (II)တွင် ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ကျင်းပရာတွင် ဖျော်ဖြေရေးအစီအစဉ်၊ စာတမ်းဖတ်ပွဲ အစီအစဉ်နှင့် အထိမ်းအမှတ်ပြခန်း ခင်းကျင်းပြသမှု အစီအစဉ်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ အခမ်းအနားကြီး အောင်မြင်စွာ ပြီးမြောက်နိုင်ရေး အတွက် တက်ရောက်လာကြသည့်သူများအားလုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အခမ်းအနား ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် အစည်းအဝေး တက်ရောက်လာသော ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်