မြန်မာစာသည် မြန်မာလူမျိုးတို့၏ အသက်ဝိညာဉ် ဖြစ်သည်။ စာပေယဉ်ကျေးမှု မရှိသောလူမျိုးသည် အသက်ဝိညာဉ်ကင်းမဲ့သော ခန္ဓာနှင့်တူသည်။ စာပေယဉ်ကျေးမှု ထွန်းကားသောလူမျိုးသည် ကမ္ဘာပေါ်တွင် တင့်တောင့်တင့်တယ် နေနိုင်သောလူမျိုးအဖြစ် ရပ်တည်နေနိုင်ကြောင်းတွေ့ရသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများသည် စာပေအသိပညာဗဟုသုတများ ထွန်းကား နေစေရန် အစဉ်ကြိုးပမ်းနေကြသည်။

 

မြန်မာနိုင်ငံသည်  စာပေယဉ်ကျေးမှုနှင့်ပတ်သက်၍   နှစ်ပေါင်းထောင်ချီ စောစီးစွာကပင်  ထွန်းကား တည်တံ့ခဲ့သည့် နိုင်ငံဖြစ်သည်။  စာပေယဉ်ကျေးမှု ထွန်းကားခဲ့၍ ပတ်ဝန်းကျင်တစ်ခွင်တွင်    ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့သည်။ ဘုန်းတော်ကြီးကျောင်းပညာရေး  ထွန်းကားခဲ့သဖြင့်  ကျေးလက်တောရွာများပါ မကျန် စာတတ်မြောက်ခဲ့သည်။ စာပေယဉ်ကျေးမှု မှေးမှိန်ခဲ့သော ထီးကျိုးစည်ပေါက် သည့်နှစ်တစ်ရာကျော်ကာလတွင်  နိုင်ငံ့ဂုဏ်ဒြပ်ညှိုးနွမ်းခဲ့သည်ကို  တွေ့ရမည် ဖြစ်သည်။ စာမတတ်၍ကျွန်ဖြစ်၊ ကျွန်ဖြစ်၍ နွံနစ်ခဲ့သည့်ဘဝတွင် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

 

ထို့ကြောင့်  မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်  စာတတ်မြောက်ရေး လှုပ်ရှားမှုများကို စတင် ဆောင်ရွက်ခဲ့သည်။  ၁၉၇၃  ခုနှစ်တွင်  နိုင်ငံလူဦးရေ၏ ၆၆ ဒသမ ၉ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၇၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၈၉ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၈၉ ဒသမ ၁ ရာခိုင်နှုန်း စာတတ်မြောက်ခဲ့ သည်။ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ အသက် (၁၅) နှစ်အထက် စာမတတ်သူ ၃ ဒသမ ၅၅ သန်းခန့်ရှိပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံအတွင်း အသက် (၁၅) နှစ်အထက် စာမတတ်သူ ၄ ဒသမ ၁ သန်းခန့် ရှိနေသည် ဟု ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံပညာရေးသမိုင်းတွင်  အရေး၊  အဖတ်၊  အတွက် “အ”သုံးလုံး အောင်မြင်မှုကို ကမ္ဘာတွင် စံပြပုံစံအဖြစ် အသိအမှတ်ထားရသည်။ ၁၉၇၁ ခုနှစ်တွင် မိတ္ထီလာခရိုင်လုံးကျွတ် စာတတ်မြောက်ရေးအောင်ပွဲကျင်းပနိုင်ခဲ့ရာ အဆိုပါလူထု လှုပ်ရှားမှုဆောင်ရွက်ချက်ကို ယူနက်စကိုက အသိအမှတ်ပြုဂုဏ်ပြုသည့်အနေဖြင့် ၁၉၇၁ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့တွင် “မိုဟာမက်ရေဇာပါလာဗီဆု”ကို မြန်မာနိုင်ငံအား ပေးအပ်ချီးမြှင့် ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် မြန်မာနိုင်ငံ စာတတ်မြောက်ရေးအတွက် ဘတ်ဂျက်မလို စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှုကို ကမ္ဘာသိ ဖြန့််ဝေနိုင်ခြင်း၊ နိုင်ငံတကာစာတတ်မြောက်ရေး သက်ကြီးဖတ်စာများ၊ စာစဉ်များ ဖြန့််ဝေနိုင်ခြင်းတို့အတွက် ယူနက်စကိုက “နိုမာဆု”ကို ထပ်မံချီးမြှင့်ပေးအပ်ခဲ့သည်။

 

မြန်မာနိုင်ငံ စာတတ်မြောက်ရေးကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ခဲ့သောကြောင့် ထိုစဉ်က မြန်မာတစ်နိုင်ငံလုံး ၃၀၈ မြို့နယ်ရှိသည့်အနက် ၂၉၇ မြို့နယ်အထိ ဆောင်ရွက်နိုင်သည့် ရလဒ်ကောင်းများရရှိပြီး ပြည်သူအားလုံးနီးပါး စာတတ်မြောက်လာသည့် အောင်မြင်မှုကို ရရှိခဲ့သည်။ သို့သော် အသက် (၁၅)နှစ် အထက် စာမတတ်သူများနှင့် မူလတန်းပညာ ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်သည့် ကလေးများရှိနေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး (၄/၂၀၂၃)တွင် ကျေးလက်နေပြည်သူများအပါအဝင်  ဒေသခံတိုင်းရင်းသားများ၏  စာတတ်မြောက်မှုနှင့် အတန်းပညာတတ်မြောက်မှု အားနည်းသည်ကို တွေ့ရှိရသည့်အတွက် ကျေးလက် ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး “ဝ၊  ထ၊ က၊ လ၊ သ” စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။

 

စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်းအလိုက် အကျိုးကျေးဇူးများ ရရှိရုံသာမက ရပ်ရွာအတွင်း၊ နိုင်ငံအတွင်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု စသည်တို့ကို အထောက်အကူပြုသည်။ စာတတ်မြောက်ခြင်းမှ တစ်ဆင့် စာပေဖတ်ရှုမှုကို  စိတ်ဝင်စားလာပြီး  ပညာတတ်လိုစိတ်များ   ဖြစ်ပေါ်လာနိုင်သည်။ နိုင်ငံတော်နှင့် ပြည်သူများ ဦးတည်လျှောက်လှမ်းနေသော ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့်   ပြည်ထောင်စု တည်ဆောက်နေချိန်တွင် ယင်းစနစ်တွင် ပါဝင်ဆောင်ရွက်ကြမည့်ပုဂ္ဂိုလ်များနှင့်   လိုက်နာကြရမည့် ပြည်သူများသည် စာတတ်မြောက်ရန်နှင့် အတန်းပညာတတ်မြောက်ထားရန်လိုပြီး ဒေသခံတိုင်းရင်းသား ပြည်သူများကလည်း မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာကို နားလည်ရန်လို အပ်သည့်အတွက် စာတတ်မြောက်ရေး၊ ပညာသင်ကြားရေးသည် အရေးကြီးသည်။

 

သို့ဖြစ်ရာ အသိပညာရှာဖွေယူနိုင်သည့် အရည်အချင်းရှိမှ လူမှုစီးပွားဘဝ ရှင်သန်ဖွံ့ဖြိုးလာမည်ဖြစ်၍ တိုင်းရင်းသား ပြည်သူများအားလုံး စာတတ်မြောက်ရေး၊ ပညာသင်ကြားရေး၊ ပညာတတ်မြောက်ရေးကို အမျိုးသားရေး လှုပ်ရှားမှု၊ အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်  တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ