ညောင်ရွှေ စက်တင်ဘာ ၂၂
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် သီတင်းကျွတ်လဆန်း ၁ ရက် (အောက်တိုဘာ ၁၅ ရက်)မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (နိုဝင်ဘာ ၁ ရက်)အထိ အင်းလေး ဒေသ ၂၁ ဌာနသို့ ဒေသစာရီ လှည့်လည်ကြွချီပူဇော်ခံမည်ဖြစ်သည်။
သီတင်းကျွတ်လဆန်း ၁ ရက် (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းတွင် အင်းလေးဒေသ နမ့်ဟူးရွာရှိ ရတနာစံကျောင်းတော်ကြီးတွင် ဒေသစာရီ စတင်လှည့်လည်ကြွချီပူဇော်ခံပွဲအခမ်းအနားကို ကျင်းပ မည်ဖြစ်သည်။ ညောင်ရွှေမြို့သို့ သီတင်းကျွတ်လဆန်း ၇ ရက် (အောက်တိုဘာ ၂၁ ရက်)တွင် ရောက်ရှိ၍ သီတင်းကျွတ်လဆန်း ၉ ရက် (အောက်တိုဘာ ၂၃ ရက်)အထိ ပူဇော်ခံမည်ဖြစ်သည်။
သီတင်းကျွတ်လပြည့်ကျော် ၃ ရက်(နိုဝင်ဘာ ၁ ရက်)တွင် နမ့်ဟူးရွာရှိ ရတနာစံကျောင်းတော်သို့ ပြန်လည်ကိန်းဝပ်စံပယ်ပူဇော်ခံမည်ဖြစ်ပြီး ရတနာစံကျောင်းတော်ဝင်ပွဲ အခမ်းအနားကို ကျင်းပမည် ဖြစ်သည်။
ညောင်ရွှေမြို့သို့ ကြွချီပူဇော်ခံမည့် အောက်တိုဘာ ၂၁ ရက်နှင့် ရတနာစံကျောင်းတော်သို့ ပြန်လည် ကိန်းဝပ်စံပယ်ပူဇော်ခံမည့် နိုဝင်ဘာ ၁ ရက်နေ့များတွင် အင်းသားရိုးရာအမျိုးသား ရာကျော် လှေပြိုင်ပွဲ၊ အမျိုးသားလေးကျိပ်ခြောက်လှေပြိုင်ပွဲ၊ အမျိုးသမီး နှစ်ကျိပ်ခြောက်လှေပြိုင်ပွဲနှင့် အမျိုးသားတစ်ဦးချင်း လှေပြိုင်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်