နေပြည်တော်၊ စက်တင်ဘာ ၂၄
မန္တလေးပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ စက်တင်ဘာ (၂၃)ရက်နှင့် (၂၄)ရက်တို့တွင် သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကု သမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာလူနာ (၂၂၆)ဦး၊ အစာအိမ်နှင့် အူလမ်း ကြောင်းဆိုင်ရာ လူနာ(၉၁)ဦး၊ ဦးနှောက်နှင့် အာရုံကြောရောဂါဆိုင်ရာလူနာ (၁၉၀)၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ရောဂါဆိုင်ရာလူနာ (၁၉)ဦး၊ အသည်းရောဂါဆိုင်ရာလူနာ (၁၀၇)ဦး၊ အထွေထွေရောဂါဆိုင်ရာလူနာ (၁၉၂)ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ (၁၁၇)ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာလူနာ (၁၈၅)ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာလူနာ (၅၃)ဦး၊ မျက်စိရောဂါ ဆိုင်ရာလူနာ (၈၅)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါဆိုင်ရာလူနာ (၄၂)ဦး၊ အရိုးရောဂါဆိုင်ရာ လူနာ (၂၆)ဦး၊ သားဖွားမီးယပ်လူနာ (၂၁)ဦး၊ အထွေထွေ ခွဲစိတ်ရောဂါလူနာ (၂၇)ဦး၊ ကလေးရောဂါ လူနာ (၃၁)ဦး၊ အရေပြားရောဂါလူနာ (၃၄)ဦး၊ သွားနှင့်ခံတွင်းရောဂါဆိုင်ရာလူနာ (၈)ဦး၊ စိတ်ကျန်းမာရေးရောဂါလူနာ (၈)ဦး၊ ကင်ဆာ ရောဂါလူနာ (၁၁)ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၁၄၇၃)ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့ပြီး နှလုံးပုံရိပ် ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၂၂၄)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS) (၂၅)ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colonoscopy) (၄)ဦး၊ အဆစ်အတွင်းသို့ဆေးထိုး၍ ကုသမှုပေးသူ (၅)ဦး၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း(CT scan) (၁၂)ဦး၊ ဓာတ်မှန်ဖြင့် ရောဂါ ရှာဖွေခြင်း (၃၀၁)ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း(၆၄၈)ဦး၊ Ultrasound ရိုက်ကူးခြင်း(၉၃)ဦး၊ နှလုံးစက် ဖြင့်စစ်ဆေးခြင်း (ECG)(၃၁၃) ဦးနှင့် သွေးချိုဓာတ်(HbA1C)စစ်ဆေးခြင်း (၃၀)တို့အား စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့သည်။
အဆိုပါခရီးစဉ်အတွက် ဒေသခံပြည်သူများကို ကြိုတင်အသိပေးကြေညာ ဆောင်ရွက်ခဲ့ခြင်း၊ ပြည်သူ့ဆေးရုံများ၊ ဌာနဆိုင်ရာများမှတစ်ဆင့် အသိပေးဆောင်ရွက်ခြင်းတို့ကြောင့် လာရောက်ပြသသော လူနာများတွင် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ တနိုင်း၊ ပူတာအို၊ ဖားကန့်၊ ဆော့လော် အစရှိသည့် မြို့နယ်ပေါင်း (၈)မြို့နယ်အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာနှင့် ရွှေဘိုမြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ကြပြီး လူနာများအနက် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ရောဂါဆိုင်ရာလူနာ (၁)ဦးနှင့် နှလုံးရောဂါဆိုင်ရာလူနာ (၂)ဦးတို့ကို လိုအပ်သော စမ်းသပ်ကုသမှုများ ဆက်လက်ခံယူနိုင်စေရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့အပြင် အဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေါက်တာ ထက်ထက်ခင် (ဆီးချိုနှင့်ဟော်မုန်း)က ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်၍ လူနာများကို အသိပညာပေးဟောပြောခြင်း၊ ပါမောက္ခဒေါက်တာရဲသူရိန် ပါမောက္ခ(ဦးနှောက်နှင့် အာရုံကြောခွဲစိတ်)က ခွဲစိတ်ကုသလူနာဆောင်ရှိ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လူနာများကို ကြည့်ရှုကုသ ပေးခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့၌ လာရောက်ပြသကုသမှုခံယူကြသော လူနာများအားကြည့်ရှု အားပေးပြီး သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားခြင်း၊ ညစာအတူသုံးဆောင်၍ အမှတ်တရ လက်ဆောင် များပေးအပ်သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် စက်တင်ဘာ (၂၂)ရက်တွင် ပါမောက္ခ/အထူးကုဆရာဝန် ကြီးများအား မြို့မိမြို့ဖ၊ ဒေသခံများ နှင့်အတူ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ပြီး အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ဒေသခံမြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကူညီဆောင်ရွက်ခဲ့သည်။
အထူးကုဆေးကုသရေးအဖွဲ့များသည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ (၃)ကြိမ်နှင့် ပုသိမ်မြို့၊ တောင်ကြီးမြို့၊ မကွေးမြို့၊ ပြည်မြို့၊ မိတ္ထီလာမြို့၊ မြိတ်မြို့နှင့် မော်လမြိုင်မြို့ များသို့သွားရောက်၍ ဆေးကုသမှုများ ဆောင်ရွက်ပြီးဖြစ်ကာ ကျန်တိုင်းဒေသကြီး/ပြည်နယ် များသို့လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အသက်အရွယ်အလိုက် ထိုးနှံရသည့် ကာကွယ်ဆေးများ ထိုးနှံရန်ကျန် ရှိသည့် အသက် (၅) နှစ်အောက် ကလေးများကိုလည်း Catch-up နည်းလမ်းဖြင့် ကာကွယ် ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို စက်တင်ဘာ (၂၃)ရက်နှင့် (၂၄)ရက်များ၌ ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့ ကာကွယ်ဆေးထိုးစုရပ်၌ မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအဖွဲ့မှ အသက်(၁)နှစ်မှ (၅)နှစ်အတွင်း ကာကွယ်ဆေး လုံးဝမရရှိသေးသည့် ကလေးများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသည့် ကလေးများ စုစုပေါင်း (၇၈)ဦး၊ အသက် (၁)နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံရမည့် ကလေးများ စုစုပေါင်း (၁၂၃) ဦးတို့ကို အသက်အရွယ်အလိုက် လိုအပ်သောကာကွယ် ဆေးများဖြစ်သည့် ပိုလီယိုအစက်ချကာကွယ်ဆေး(bOPV)၊ ပိုလီယိုကာကွယ်ဆေး ထိုးဆေး(IPV)၊ ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (MR)၊ ငါးမျိုးစပ်ကာကွယ်ဆေး(Penta)များ ထိုးနှံ/တိုက်ကျွေးပေးခဲ့ရာ ကချင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လာရောက် ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ပံ့ပိုးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ကလေးများကို လက်ဆောင်ပေးဝေခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)