နေပြည်တော်၊ စက်တင်ဘာ ၃၀
အယ်လ်နီညိုဖြစ်စဉ် သက်ရောက်မှုကြောင့် လယ်ယာကဏ္ဍတွင် ထိခိုက်မှုမဖြစ်ပေါ်စေရေး အကြိုလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဦးဗိုလ်ဗိုလ်ကျော်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး၊ တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က လယ်ယာကဏ္ဍ တာဝန်ရှိသူများအနေဖြင့် စားရေရိက္ခာ ဖူလုံရေး၊ တောင်သူလယ်သမား အကျိုးစီးပွားနှင့် လယ်ယာကဏ္ဍတွင် ပါဝင်ပတ်သက်သူများအားလုံး ထိခိုက်မှု မရှိစေရေးအတွက် လိုအပ်ချက်များ ကြိုတင်စီမံဆောင်ရွက်ကြရန်နှင့် အရေးပေါ်အခြေအနေတွင် တုန့်ပြန်ဖြေရှင်း နိုင်မည့် လုပ်ငန်းအစီအမံများရေးဆွဲ ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ဒေသအလိုက် စိုက်ပျိုးထုတ်လုပ်မှု သီးနှံပုံစံများရေးဆွဲပြီး မျိုးစေ့နှင့် သွင်းအားစုလိုအပ်ချက်များပါဝင်သော အယ်လ်နီညိုသက်ရောက်မှုကြောင့် စိုက်ပျိုး ထုတ်လုပ်မှု ထိခိုက်မှုမဖြစ်ပေါ်စေရေး အကြိုလုပ်ငန်းစီမံချက်ကို ရေးဆွဲတင်ပြကြရန်နှင့် ဆက်စပ်ဌာနများ၊ တောင်သူများ နှင့် ပုဂ္ဂလိကများ၏ ပူးပေါင်းပါဝင်မှုကို ရယူဆောင်ရွက်ကြရန်လိုကြောင်း၊ အသိပေးနှိုးဆော်မှုနှင့် သတင်းအချက် အလက်ဖြန့်ဝေမှုလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ရာသီဥတုပြောင်းလဲမှုနှင့်အတူ ရေလှောင်တမံနှင့် ရေလွှဲဆည် များတွင် ရေဝင်ရောက်မှုနည်းပါးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ရေစီမံခန့်ခွဲမှု အားကောင်းလာသည်နှင့်အမျှ ရေသုံးစွဲမှု အခြေအနေသည်လည်း လျော့နည်းလာမည်ဖြစ်၍ ရေအသုံးချသူများအဖွဲ့ WUG ပိုမိုအားကောင်းလာရေး ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ရေရရှိရေးနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားမည်ဖြစ်၍ ဒေသအလိုက် လယ်ယာကဏ္ဍ တာဝန်ရှိဌာနများအကြား ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက အယ်လ်နီညိုဖြစ်စဉ် သက်ရောက်မှုကြောင့် လယ်ယာကဏ္ဍတွင် ထိခိုက်မှုမဖြစ် ပေါ်စေရေးအတွက် သက်ဆိုင်ရာဦးစီးဌာနအလိုက် အကြိုလုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများ က ဒေသအလိုက် သီးနှံပုံစံများ၊ မျိုးစေ့ သွင်းအားစု လိုအပ်ချက်များ၊ အသိပညာနှင့် နည်းပညာပေးလုပ်ငန်း ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို တင်ပြကြရာ ဒုတိယဝန် ကြီးများက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားကြသည်။
အယ်နီညို ရာသီဥတုအခြေအနေတွင် မိုးရွာသွန်းရက် လျော့နည်း တိုတောင်းခြင်း၊ ဆောင်းကာလ တွင် အအေးဓာတ် လျော့နည်းခြင်း၊ နွေရာသီတွင် ပို၍ ပူပြင်းခြောက်သွေ့ခြင်းတို့ဖြစ်ပေါ်ပြီး အယ်နီညို အားကောင်းပါက အပူလွန်ကဲခြင်း၊ အပူလှိုင်းဖြတ်ခြင်းတို့အပြင် နွေရာသီတွင် ပူပြင်းခြောက်သွေ့ပြီး သာမန်ထက်ပို၍ ရှည်ကြာနိုင်မည့် နွေကာလကို ဖြတ်သန်းရနိုင်မည်ဖြစ်၍ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက်မှုမဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် ဆည်မြောင်းကဏ္ဍ တာဝန်ရှိသူများပူး ပေါင်း၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းကလည်း ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ အပတ်စဉ် စနေနေ့တိုင်း ကျင်းပသည့် (၉)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum) ကို သီးထပ်သီးနှံ စိုက်ပျိုးနည်းစနစ်များနှင့် အယ်လ်နီညိုဖြစ်စဉ်ဆိုင်ရာ ဆွေးနွေးပွဲခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် လယ်ယာကဏ္ဍ ဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများနှင့်၊ ဒေသခံတောင် သူလယ်သမားများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)