တင်းဆောင်းပါး- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

မကြာမီကာလတွင် မြန်မာနိုင်ငံ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ အခြေခံပညာ အလယ်တန်းအဆင့် အတန်းတင်စာမေးပွဲများ ပြီးဆုံးတော့မည်ဖြစ်သည်။ မျိုးဆက်သစ် ကျောင်းသားလူငယ်များ အတန်းတင်စာမေးပွဲများ ပြီးဆုံး၍ နွေရာသီ ကျောင်းပိတ်ရက် (အားလပ်ရက်) များ စတင်ခံစားခွင့် ရကြတော့မည်ဖြစ်သည်။ ပညာသင်ကြားဆည်းပူးနေကြရသော လူငယ်များအနေဖြင့် နှစ်တစ်နှစ်ပညာသင်နှစ် ပြီးဆုံးသွား၍ အားလပ်သွားကြပြီဟု ယေဘုယျခြုံငုံသုံးသပ်လျှင် မှားမည်မဟုတ်။ ထိုသို့ဆိုရခြင်းမှာ ခေတ်စနစ်နှင့်အညီ ဘဝအတွက် တိုးတက်မှုလမ်းကြောင်းများက ဆီးကြိုလင့်နေပေပြီ။

နွေရာသီကျောင်းပိတ်ရက် (အားလပ်ရက် များ) တွင် အချိန်အခါနှင့် နေရာဒေသပေါ် မူတည်ကာ အညွန့်တလူလူတက်နေသော လူငယ်မောင်မယ်များအတွက် နွေရာသီအားကစား သင်တန်းများ၊ ကျောင်းများ၊ ခေတ်ရေစီးကြောင်းနှင့်အညီ ကွန်ပျူတာသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာ သင်တန်းများ စသည်ဖြင့် လူငယ်များအတွက် အခွင့်အလမ်းကောင်းများက ဆီးကြိုနေကြသည်မှာ များပြားလှပေသည်။

စာမေးပွဲတွေပြီးလို့ သားနှစ်ယောက်စလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖွင့်လှစ်ပေးတဲ့ နွေရာသီကျောင်းပိတ်ရက် ဂျူဒိုအားကစားသင်တန်းမှာ သွားအပ်ထားပါတယ်။ တစ်ပတ်ကိုသုံးရက် အချိန်ပိုင်းပဲ သင်ပေးတာပါ။ အချိန်ပိုင်းပဲဆိုတော့ နွေရာသီ ကျောင်းပိတ်ရက်မှာ သူတို့အတွက် အခွင့်အလမ်းကောင်းတစ်ခု အနေနဲ့ရော စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေး ပိုင်းဆိုင်ရာနဲ့ ကြံ့ခိုင်မှုပိုင်းကအစ ခံနိုင်ရည်ရှိဖို့ ရည်ရွယ်ပြီး အခုဂျူဒိုသင်တန်းမှာ သွားအပ်လိုက်တာပါ။ နှစ်ယောက်စလုံးကလည်း သင်ချင်တယ်ဆိုတော့ ပိုပြီးအဆင်ပြေသွားတာပေါ့။ သင်တန်းကြေးကလည်း နည်းပါတယ်” ဟု တာမွေမြို့နယ် ၁၅၆ လမ်းမှ ဦးမြင့်မောင်က နွေရာသီကျောင်းပိတ်ရက်တွင် သားနှစ်ယောက်ကို ဂျူဒိုသင်တန်း သွားရောက်အပ်နှံထားမှုနှင့် ပတ်သက်၍ ပြောသည်။

 

mdn

 

နှစ်သက်ရာသင်တန်း ရွေးချယ်ခွင့်ရ

ယခုအခါ များမကြာမီ နွေရာသီကျောင်း ပိတ်ရက်၌ ကျောင်းသားလူငယ်များ အားလပ်ချိန် အခွင့်အခါသမယတွင် စိတ်ဝင်စားစရာ သင်တန်းကိုယ်စီက စောင့်မျှော်နေကြပြီဖြစ်သည်။ အတတ်ပညာရပ်ပိုင်းဆိုင်ရာသင်တန်း၊ စိတ်ဓာတ်ခွန်အားပိုင်းဆိုင်ရာသင်တန်း၊ ဘာသာတရားနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာသင်တန်း၊ နည်းပညာပိုင်းဆိုင်ရာသင်တန်း၊ ကိုယ်လက်ကျန်းမာစေရန် အားကစားသင်တန်း စသည်ဖြင့် အမျိုးမျိုးရှိကြသည်။ နွေရာသီရေကူးသင်တန်း၊ ဂျူဒိုသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်း၊ လက်ဝှေ့သင်တန်း၊ မြန်မာ့ ရိုးရာသိုင်းသင်တန်း၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း၊ ဘတ်စကက်ဘော သင်တန်းစသည်ဖြင့် လူငယ်များ ဝါသနာပါရာ သင်တန်းများကို ကြိုက်နှစ်သက်ရာ ရွေးချယ်ခွင့်ရနေသည်။

လူငယ်များအတွက် အခွင့်အလမ်း

အထူးသဖြင့် မြန်မာနိုင်ငံ၏လမ်းပန်း ဆက်သွယ်ရေးကအစ ကဏ္ဍပေါင်းစုံမှ အထူးတိုးတက်လျက်ရှိသည့် စီးပွားရေး မြို့တော်ကြီးဖြစ်သော ရန်ကုန်မြို့တော်ကြီးတွင် မျိုးဆက်သစ်လူငယ်များ မိမိကြိုက်နှစ်သက်ရာ သင်တန်းများကို ရွေးချယ်တက်ရောက်ခွင့် ရနေသည်က အခွင့်အလမ်းကောင်းတစ်ရပ်ပင် ဖြစ်နေသည်။

“ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနအနေနဲ့ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အလျဉ်းသင့်သလို အားကစား သင်တန်းလေးတွေ ဖွင့်လှစ်ပေးပါတယ်။ ရေကူးသင်တန်း၊ ဂျူဒိုသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်း၊ ကရာတေးဒိုသင်တန်း၊ လက်ဝှေ့သင်တန်း စတဲ့အားကစားနည်းမျိုးစုံကို ကာလတိုအနေနဲ့ အချိန်ပိုင်းလေးတွေကန့်သတ်ပြီး သင်ကြားပေးနေပါတယ်။ သင်တန်းကြေးတွေကိုလည်း အတတ်နိုင်ဆုံး လျှော့ပေါ့ကောက်ခံပြီး ဖွင့်လှစ်ပေးထားပါတယ်။ ဒါပေမယ့် လူငယ်တွေအနေနဲ့ မိဘတွေနဲ့ ပတ်ဝန်းကျင်က တိုက်တွန်းလို့မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ဝါသနာအရင်းခံလို့ လာရောက်တက်တဲ့သူတွေ ဖြစ်စေချင်တယ်” ဟု ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အားကစားသင်တန်းနည်းပြ တစ်ဦးကပြောသည်။

မှန်မှန်ကန်ကန် ရွေးချယ်ဖို့ လိုအပ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နွေရာသီ ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်ပေးလျက်ရှိသော အားကစား သင်တန်းများရှိသကဲ့သို့ အခြေခံပညာ အထက်တန်းကျောင်းများ ကိုယ်စီကလည်း နွေရာသီ အားကစားသင်တန်းများ၊ နည်းပညာပိုင်းဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိခြင်းကြောင့် ယနေ့ရန်ကုန်မြို့တွင်း မျိုးဆက်သစ်လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက် (အားလပ်ရက်များ) တွင် တစ်ခေတ်ဆန်းလာသော အားကစားသင်တန်းကျောင်းများကို မှန်ကန် စွာရွေးချယ်တတ်ဖို့ လိုအပ်မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

မြန်မာ့အလင်း

 

mdn