မျိုးမင်းသိန်း (မရမ်းကုန်း)

ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန်ခဲ့ပြီဖြစ်သည်။ ရွေးကောက်ပွဲရလဒ်များကို ဧပြီ ၁ ရက်မှ ဧပြီ ၃ ရက်အတွင်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် ပါတီကို မကြည့်ဘဲ လူကိုကြည့်၍ မဲပေးကြရန် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

လူကိုကြည့်ပြီး မဲပေးကြပါ

ကျွန်တော်တို့ကော်မရှင်က လွတ်လပ်တဲ့အဖွဲ့အစည်းပါ။ ဘယ်နိုင်ငံရေးပါတီရဲ့ လွှမ်းမိုးမှုမှ မခံဘူး။ ပါတီကိုမကြည့်ကြပါနဲ့၊ လူကိုကြည့်ပြီး မဲပေးကြပါ။ ဒါကတော့ ရဲရဲတင်းတင်း ပြောတယ်။ တိုင်းပြည်ကောင်းဖို့၊ မိမိတို့မြို့နယ်ကောင်းဖို့ ပြောတာပါ။ အလုပ်မလုပ်တဲ့လူကို ရွေးမိရင် မိမိတို့မြို့နယ်ပဲ ဒုက္ခရောက်မယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လူကိုကြည့်ကြပါ” ဟု ဦးအောင်ခိုင်က ပြောသည်။

စည်ပင်ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန်အတွက် မြို့တော် ကော်မတီဝင်နေရာ ခြောက်ခုတွင် ကိုယ်စားလှယ်လောင်း ၂၇ ဦး၊ မြို့နယ်ဥက္ကဋ္ဌ နေရာများအတွက် ကိုယ်စားလှယ်လောင်း ၁၀ဝ၊ မြို့နယ်အဖွဲ့ဝင် တစ်နေရာအတွက် ကိုယ်စားလှယ်လောင်း ၇၅ ဦးနှင့် အဖွဲ့ဝင် (၂) နေရာအတွက် ကိုယ်စားလှယ်လောင်း ၇၂ ဦး ယှဉ်ပြိုင်မည်ဖြစ်ရာ ကိုယ်စားလှယ်စုစုပေါင်း ၂၇၄ ဦး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၁၈ ရက်က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်

အဆိုပါ ကိုယ်စားလှယ် ၂၇၄ ဦးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ၉၁ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၂၃ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁၆၀ တို့ ဖြစ်သည်။ ပါတီကိုယ်စားပြု ကိုယ်စားလှယ်များသည် ပါတီအလံနှင့် ပါတီလိုဂိုများကို အသုံးပြုခွင့် ရမည် ဖြစ်သည်

ဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်း

“ရွေးကောက်ပွဲ တရားမျှတမှုထက် ပိုအရေးကြီးတာက စည်ပင်သာယာရေးဆိုတာက အရောင်မရှိ ဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်း၊ ဘယ်ပါတီမို့ လုပ်မပေးနိုင်ဘူး ပြောလို့မရဘူး။ ဝန်ဆောင်မှု အဖွဲ့အစည်းမှာ အရောင်အသွေးပါနေတာက မဖြစ်သင့်ဘူး။ ကြံ့ခိုင်ရေးက နိုင်တဲ့နေရာ NLD  က အကူအညီလာတောင်းရင် မပေးဘူးလား။ NLD  ကနိုင်တဲ့နေရာ ကြံ့ခိုင်ရေးက အကူအညီ လာတောင်းရင် မပေးဘူးလား။ အရောင်တွေ ပါနေတဲ့အတွက် ရေရှည်မှာ ပြဿနာတွေ ဖြစ်လာလိမ့်မယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ထွက်ပြီး တစ်သီးပုဂ္ဂလ ဝင်ရောက် အရွေးချယ်ခံမည့် စည်ပင်ကော်မတီဝင် စာရင်းလျှောက်ထားသူ ဦးဝင်းချိုက အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။

ပါတီကိုယ်စားပြုသူများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းများသည် အားစိုက်၍ ပြင်းပြင်းထန်ထန် ကြိုးစားရမည်ဟု မြို့တော်ကော်မတီဝင် အမှတ် (၄) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမျိုးမြင့် (MKT) ဆောက်လုပ်ရေးဥက္ကဋ္ဌက ပြောကြား ထားသည်။

လူတော်လူကောင်းများရွေးချယ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေတွင် နိုင်ငံရေးပါတီဝင်များ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် တားမြစ်မထားသည့်အတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်သူများကို ဥပဒေအရ ခွင့်ပြုထားခြင်းဖြစ်ကြောင်းနှင့် လူတော်လူကောင်းများကို ရွေးချယ်မဲပေးကြရန် ပြည်သူများသို့ တိုက်တွန်းကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားထားသည်။ ရွေးချယ်မဲပေးကြရန် ပြည်သူများသို့ တိုက်တွန်းကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားထားသည်

ရွှေပြည်သာမြို့နယ်အတွင်း ကြည့်မည်ဆိုပါက စည်ပင်ရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလ သုံးဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သုံးဦးတို့ကို ကိုယ်စားလှယ်လောင်းများအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပေးခဲ့ပြီဖြစ်ကြောင်း ရွှေပြည်သာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အတည်ပြု

ရွေးချယ်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနေရာအတွက် ဦးသိန်းနိုင် တစ်သီးပုဂ္ဂလ အမှတ် (၈)ရပ်ကွက်နေသူနှင့် ဦးသိန်းဇံ NLD ပါတီ အမှတ်(၈)ရပ်ကွက်နေသူ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင်(၁) နေရာအတွက် ဦးမောင်မောင်ညွန့် တစ်သီးပုဂ္ဂလ အမှတ်(၁၁) ရပ်ကွက်နေသူနှင့် ဦးသီဟသူ NLD ပါတီဝင် အမှတ်(၁၀)ရပ်ကွက်နေသူ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင်၂ နေရာအတွက် ဦးဝင်းအောင် တစ်သီးပုဂ္ဂလ အမှတ်(၁၅) ရပ်ကွက်နေသူနှင့် ဦးသိန်းထိုက် NLD ပါတီဝင် အမှတ်(၂၀)ရပ်ကွက်နေသူတို့ကို ရွေးကောက်ပွဲ ကော်မရှင်မှ စိစစ်ပြီးဖြစ်၍ ကိုယ်စားလှယ်လောင်းများအဖြစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် အတည်ပြု ရွေးချယ်ခဲ့ပြီးဖြစ်သည်။

ရွေးချယ်ထားပြီးဖြစ်သည့် ကိုယ်စားလှယ်လောင်းများသည် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ မတ် ၂၈ ရက်အထိ မဲဆွယ်စည်းရုံးခွင့်ပေးထားကြောင်း၊ မတ် ၃၁ ရက်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်းနှင့် ရွေးကောက် ပွဲရလဒ်များ ဧပြီ ၁ ရက်မှ ဧပြီ ၃ ရက်အထိ သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင်မှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာ့အလင်း