အထူးစီးပွားရေးဇုန်များ အောင်မြင်တိုးတက်အောင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ယခုထက် ပိုမိုကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်    အောက်တိုဘာ    ၁၂

 

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

 

တက်ရောက်

 

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိနိုင်ငံအပါအဝင် နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန်များကို ရင်းနှီးမြှုပ်နှံ မှုများဆွဲဆောင်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပို့ကုန် ပိုမိုတိုးမြှင့်တင်ပို့နိုင်ခြင်း၊ စီးပွားရေးကို ပိုမိုကျယ်ပြန့်လာစေရန် ချိတ်ဆက် ပေးနိုင်ခြင်း၊ ကမ္ဘာ့တန်ဖိုးကွင်းဆက် (Global Value Chain)ကို အထောက်အကူပြုစေခြင်း၊ စက်မှုကုန်ထုတ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ ထုတ်ကုန်အမျိုးအစားများစွာ ထုတ်လုပ် လာနိုင်ခြင်းများကြောင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် အတွက် ထူထောင်ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း။

 

ခွင့်ပြုဆောင်ရွက်ပေးနေ

 

အထူးစီးပွားရေးဇုန်များတွင် ငွေကြေးဆိုင်ရာဆွဲဆောင်မှု (Fiscal Incentive)၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ခွင့်ရှိသည့် ဆွဲဆောင်မှု(Regulatory Incentive)၊ ရေ၊ မီး၊ လမ်းတံတားစသည့် အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ပေးသည့် ဆွဲဆောင်မှု (Infrastructure Incentive)စသည်များကို ခွင့်ပြုဆောင်ရွက်ပေးနေခြင်းကို တွေ့ရမည် ဖြစ်ကြောင်း။

 

၂၀၂၂ ခုနှစ်စာရင်းများအရ နိုင်ငံပေါင်း ၁၄၅ နိုင်ငံ၌ အထူးစီးပွားရေးဇုန် ၇၀၀၀ ခန့်ရှိနေပြီး အလုပ်အကိုင် အခွင့်အလမ်း သန်းပေါင်း ၁၀၀ ကျော်ခန့် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း၊ အထူး စီးပွားရေးဇုန်များသည် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အထောက်အကူပေးနိုင်သကဲ့သို့ စက်မှု ဆိုင်ရာ မူဝါဒများ၏ ဖြစ်ပေါ်တိုးတက်မှု အသစ်များဖြစ်ပြီး နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများကိုလည်း ပိုမိုဆွဲဆောင်နိုင်သည်ကို တွေ့ရှိရကြောင်း။

 

ပိုမိုအလေးထား ဆောင်ရွက်

 

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အထူးစီးပွားရေးဇုန်များတွင် အခြေခံအားဖြင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့ စေနိုင်သည့် လုပ်ငန်းစဉ်များကို ပိုမိုအလေးထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများကို ပိုမိုခေတ်မီပြီး တီထွင်ဆန်းသစ်သည့် စက်မှုလုပ်ငန်းများအဖြစ်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းအကောင် အထည်ဖော်နေကြခြင်းကို တွေ့ရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများအပြင် ဝန်ဆောင်မှုများပါဝင်သည့် Integrated Zones အဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းဖြစ်ခြင်းကို အသိပေးလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အားပေးမြှင့်တင် ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း။

 

ပြဋ္ဌာန်းနိုင်ခဲ့

 

အထူးစီးပွားရေးဇုန်ဥပဒေကို ၂၀၁၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း ပိုမိုပြည့်စုံပြီး ကောင်းမွန်သည့် ဥပဒေ အဖြစ် ၂၀၁၄ ခုနှစ်တွင် အသစ်ပြင်ဆင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ နည်းဥပဒေကိုလည်း ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း။

 

လက်ရှိနိုင်ငံတော်တွင် အထူးစီးပွား ရေးဇုန်(၃)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သီလဝါအထူး စီးပွားရေးဇုန်ကို ၂၀၁၃ ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျောက်ဖြူ အထူးစီးပွားရေး ဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့ကို နှစ်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အဓိကထားရမည် ဖြစ်သော်လည်း ဆက်စပ်ဆောင်ရွက်ကြရာတွင် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဖက်စလုံး၏ အကျိုးစီးပွားဖြစ်ထွန်းမှုများကိုလည်း အလေးထားဆောင်ရွက်ရ မည်ဖြစ်ကြောင်း။

 

သီလဝါအထူးစီးပွားရေးဇုန်သည် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည့် ဇုန်တစ်ခု ဖြစ်သည့်အပြင် ဒေသတွင်းနိုင်ငံများအကြားတွင် သတင်း ကောင်းနှင့် ရပ်တည်နေသည့် ဇုန်တစ်ခု လည်းဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စနစ်တကျ ဆက်လက်ရင်းနှီးမြှုပ်နှံနိုင်ရန် ကုမ္ပဏီအသစ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန် လက်ရှိ ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းများချောမွေ့ မြန်ဆန်စွာ လည်ပတ်နိုင်စေရန်အတွက် သက်ဆိုင်သည့် ဝန်ကြီးဌာနများအနေဖြင့် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးရန် မှာကြားလိုကြောင်း။

 

သီလဝါအထူးစီးပွားရေဇုန်အနေဖြင့် ၆၆၇ ဒသမ ၂၇၅ ဟက်တာကျယ်ဝန်းပြီး ဇုန် (A) နှင့် ဇုန်(B) ခွဲကာ Free Zone နှင့် Promotion Zone သတ်မှတ်လျက် ပို့ကုန် လုပ်ငန်းနှင့် ပြည်တွင်းသွင်းကုန်အစားထိုးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိ ပြီး ရင်းနှီးမြှုပ်နှံသည့် ၂၁ နိုင်ငံမှ လက်ရှိ လုပ်ငန်းလည်ပတ်သည့် ကုမ္ပဏီ ၁၁၄ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၂၁၉၀ ဒသမ ၇၉၀ ဖြင့် လုပ်ငန်းများ လည်ပတ်လျက်ရှိပါ ကြောင်း၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် တစ်နိုင်ငံလုံး၏ တစ်မျိုးသားလုံး ထုတ်လုပ်မှုတန်ဖိုး၏ ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် တစ်နိုင်ငံလုံး ပို့ကုန်ပမာဏ၏ ၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိ က ပို့ကုန်ပမာဏ၏ ၃ ရာခိုင်နှုန်းရှိသည် ကို တင်ပြချက်များအရ သိရှိရပါကြောင်း။

 

ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂၁၇ ဒသမ ၅၉၈ သန်းရှိ

 

သီလဝါအထူးစီးပွားရေးဇုန်၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်ချက်များကိုကြည့်ပါက ဧပြီလမှ ဇူလိုင်လ လေးလတာ ကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၉၄၅ သန်း၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၆၂ ဒသမ ၆၅၃ သန်းရှိသည့်အတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂၁၇ ဒသမ ၅၉၈ သန်းရှိပြီး အခွန် အရပ်ရပ်အတွက် ကောက်ခံရငွေ မြန်မာ ကျပ်ငွေ ၂၂ ဘီလီယံ ရရှိခဲ့ပါကြောင်း၊ လေးလတာကာလဖြစ်သည့်အတွက် ယခု ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုနှင့် အခွန်အရပ်ရပ် ကောက်ခံရရှိမှုကို ယခုထက်ပိုမို တိုးတက်ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားစေ လိုကြောင်း၊ ထပ်မံပြီး သီလဝါအထူးစီးပွား ရေးဇုန်ထဲရှိ Free ဇုန်တွင် ကုမ္ပဏီ (၃)ခု၊ promotion ဇုန်တွင် ကုမ္ပဏီ(၁)ခု တို့ကလည်း အားကစားပစ္စည်းထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်၊ ဝိုင်ယာကြိုးနှင့် ဆားကစ်ပြားထုတ်လုပ်ခြင်း၊ ပလတ်စတစ် စက်အစိတ်အပိုင်း ထုတ်လုပ်ခြင်းနှင့် အစားအစာနှင့် အချိုရည်များ ထုတ်လုပ် ခြင်းလုပ်ငန်းများကို အကြောင်းအမျိုးမျိုး ကြောင့် စတင်နိုင်ခြင်းမရှိရာမှ စီမံခန့်ခွဲမှု ကော်မတီ၏ စည်းရုံးကြိုးပမ်းမှုကြောင့် လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရှိရသည့်အတွက် အမြန်ဆုံးပြီးစီးရေး နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ တစ်ဆင့် ပို့ကုန်လုပ်ငန်းများ အမြန်ဆုံး စတင်နိုင်အောင် ကြီးကြပ်ရေးကော်မတီ က လိုအပ်သည်များ ပံ့ပိုးပေးရန် မှာကြား လိုကြောင်း။

 

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ထူးခြားဖြစ်စဉ် ဖြစ်ခဲ့မှုနှင့်ပတ်သက်၍ ဇုန်အတွင်း ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ တစ်ခု၏ အောက်ခြေဝန်ထမ်းများသည် တရားမဝင် ကုန်ပစ္စည်းတင်သွင်းခွင့် ရရှိရေးအတွက် သွင်းကုန်လိုင်စင်ရရှိထားသည့် အခြားကုမ္ပဏီတစ်ခု၏လိုင်စင်များ ကို အလွဲသုံးပြီး အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းမှုကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည့်အတွက် ယင်းဖြစ်စဉ် မျိုးထပ်မံမဖြစ်ပွားစေရေး ယခုထက်လိုအပ်သည့် စိစစ်ကြီးကြပ်မှုများ ဆောင်ရွက်သွားရန် လိုကြောင်း၊ အထူးစီးပွားရေးဇုန်များတွင်ရှိသည့် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုချေးငွေများကို မိခင်ကုမ္ပဏီများက ကိုယ်စားပေးဆပ်ပြီး ပြည်ပချေးငွေစာရင်းမှ ပယ်ဖျက်မည့် ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စီမံဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်း၊ ထပ်မံ၍ နိုင်ငံခြားငွေအဖြစ် ထည့်ဝင်မတည် ရင်းနှီးမည့်၊ လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအသစ်များ လက်ရှိကုမ္ပဏီများ၏ ထပ်မံရင်းနှီးမြှုပ်နှံမှု ငွေများကို အမေရိကန်ဒေါ်လာအပြင် မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ ခွင့်ပြုပြီးဖြစ်သည့် မည့်သည့်နိုင်ငံခြား ငွေကြေးနှင့်ဖြစ်စေ ထည့်ဝင်အသုံးပြုနိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လို ကြောင်း၊ အခြားမိတ်ဖက်နိုင်ငံများ၏ တရားဝင်ငွေကြေး လဲလှယ်မှု၊ သုံးစွဲမှုများ နှင့်လည်း မြန်မာနိုင်ငံဗဟိုဘဏ်မှ ညှိနှိုင်းဆဲဖြစ်သည့်အတွက် သက်ဆိုင်ရာကုမ္ပဏီများကိုလည်း ဆက်သွယ်လာသည့် အချိန်တွင် အသိပေးပြောကြားလိုကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် (၃)ရပ်အနက် ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးသည် အရေးကြီး သည့် ဦးတည်ချက် တစ်ခုဖြစ်ကြောင်း။

 

ထိုရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်း SOP များကို လက်တွေ့ ကျကျလုပ်ကိုင်နိုင်ရန်၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဇုန်များတွင် ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာရန်အတွက် ဖိတ်ခေါ်နိုင်မည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များကို ကောင်းမွန်စွာ ဦးဆောင်နိုင်ရန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးဖြစ် သည့်အတွက် လက်ရှိအခြေအနေထက် ပိုမိုတိုးတက်လာစေရန်အတွက်နှင့် ပို့ကုန်တိုးမြှင့်နိုင်စေရန် စီးပွားရေးဇုန်များတွင် ရှိသည့် One Stop Service Centerများကို စနစ်တကျဖွဲ့စည်းပြီး ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင် အောင် သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ထို့ပြင် လုပ်ငန်းများ ဆောင်ရွက်နေသည့်ကုမ္ပဏီများ ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေစေရေးအတွက် အတတ်နိုင်ဆုံး စီမံဆောင်ရွက်ပေးစေလိုကြောင်း။

 

လုပ်ငန်းများ ဆောင်ရွက်သည့်နေရာ တွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ကို ပြည်ပမှ တင်သွင်းခြင်းသာမက ပြည်တွင်းမှာရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကထုတ်လုပ်သည့် အရည် အသွေးမီ ကုန်ကြမ်းပစ္စည်းများကို ချိတ်ဆက်ပြီး တတ်နိုင်သမျှအသုံးပြု အောင် ဆောင်ရွက်ပေးကြရန် မှာကြား လိုကြောင်း။

 

ဘက်စုံပို့ဆောင်ရေးစနစ်အသုံးပြုနိုင်စေရန် ပြင်ဆင်

 

ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည့် နိုင်ငံများတွင် ဘက်စုံပို့ဆောင်ရေးစနစ် (Multimodal Transport)ကို တွင်ကျယ် စွာ အသုံးပြုနေခြင်းဖြစ်သည့်အတွက် မိမိနိုင်ငံတွင်လည်း အထူးစီးပွားရေးဇုန်များနှင့်ဆက်စပ်ပြီး ဘက်စုံပို့ ဆောင်ရေးစနစ် (Multimodal Transport) အသုံးပြု နိုင်စေရန် အကောင်အထည်ဖော်ရေး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

ထို့ပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် အထောက်အကူပြုမည့် ကျောက်ဖြူ-မန္တလေး-မူဆယ် ရထားလမ်း စီမံကိန်းကိုလည်း ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံကိန်းနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများပြီးစီးပါက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်စည် စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း။

 

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ မူဘောင်သဘောတူညီချက် (Framework Agreement) ရေးထိုးနိုင် ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် Shareholders’ Agreement နှင့် နိုဝင်ဘာလတွင် Concession Agreement ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုခဲ့ပြီးဖြစ်ကြောင်း၊ ယခင်က နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များနှင့် ပတ်သက်ပြီး နှစ်ဖက်အဓိပ္ပာယ် ကွဲလွဲယူဆ၍ ရနိုင်သည့်အချက်အချို့ရှိရာ ပြန်လည်ညှိနှိုင်းရမည့် အချက်များကို နိုင်ငံတော်အကြီးအကဲက ဆွေးနွေးညှိနှိုင်းရန်မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်၍ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ညှိနှိုင်းမှုများနှင့် Win Win ဖြစ်အောင် နှစ်ဖက်လုပ်ငန်းအဖွဲ့ အချင်းချင်းဆွေးနွေးမှုများ အပြုသဘောဆောင်ပြီး စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။

ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အမြန်ဆုံးစတင် နိုင်ရေးအတွက် နှစ်ဖက်ကြိုတင်ဖြည့်ဆည်း ရမည့်အချက်များ (Conditions Precedent) ကို ပြီးပြတ်အောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့အတွက် မိမိတို့ဘက်က ကြိုတင်ပြင်ဆင်ဆောင်ရွက် ရမည့်အချက်များကို သတ်မှတ်ကာလ အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့၊ ကျောက်ဖြူစီမံ ခန့်ခွဲမှုကော်မတီများအနေဖြင့် လိုအပ်ချက်ပေါ် မူတည်ပြီး ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရန်လိုကြောင်း။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်၌ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရေးပါပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သည့်အတွက် အောင်မြင်အောင် အကောင်အထည် ဖော်ရန်လိုကြောင်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေး စင်္ကြံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း။

 

နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းများ အချိန်တိုအတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် စေရေး လမ်းညွှန်မှုများပြုလုပ်ထားပြီး ဖြစ်သည့်အတွက် လိုအပ်သည့် ညှိနှိုင်း ဆွေးနွေးမှုများကို အချိန်တိုအတွင်း ပြီးပြတ်အောင် ဆက်လက်လုပ်ဆောင်ပြီး စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက် နိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရန် အသိပေးပြောကြားလိုကြောင်း။

 

ရင်းနှီးတည်ဆောက်သူအသစ်ထပ်မံဖိတ်ခေါ်နိုင်ရေး

 

အလားတူ ထားဝယ်အထူးစီးပွားရေး ဇုန်ကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သော်လည်း ရင်းနှီးတည်ဆောက်သူအဖြစ် ရွေးချယ်တာဝန်ပေးခဲ့သည့် အီတာလျံ-ထိုင်း ကုမ္ပဏီသည် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းအကောင်အထည်ဖော်မှု ရပ်တန့်လျက်ရှိရာ လုပ်ငန်းရပ်စဲထားပြီး ဖြစ်၍ လွှဲပြောင်းလက်ခံခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံဖိတ်ခေါ် နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် မြန်မာအထူး စီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့နှင့် လုပ်ငန်းကော်မတီ အဖွဲ့များကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်များ ရရှိအောင် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီများက မိမိတို့လုပ်ဆောင်ရန် ကိစ္စများကို ဗဟိုလုပ်ငန်းအဖွဲ့သို့ တင်ပြ ခွင့်ပြုချက်ရယူပြီးမှသာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အသုံးစရိတ်များနှင့် ပတ်သက်၍ လိုအပ်သည့် သုံးသင့်သည်ကိုသာ စိစစ် သုံးစွဲကြရန်လိုကြောင်း။

 

အထူးစီးပွားရေးဇုန်များ ပိုမိုဖွံ့ဖြိုး တိုးတက်လာမှသာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ လူနေမှုအဆင့်အတန်းများ တိုးတက်မှုရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်များ အောင်မြင် တိုးတက်အောင် သက်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီများအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ယခုထက်ပိုမိုပြီး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့(၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် မြန်မာနိုင်ငံအထူးစီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အတွင်းရေးမှူး (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက လက်ရှိမြန်မာအထူးစီးပွားရေးဇုန်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ သီလဝါအထူးစီးပွားရေး ဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန် များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးသို့ တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြကြပြီးအတည်ပြု ချက်ရယူကြသည်။

 

ဆွေးနွေးတင်ပြ

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးမြင့်နောင်၊ ဦးထွန်းအုံနှင့် ဦးမျိုးသန့်၊ တက်ရောက်လာ ကြသည့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် အထူးစီးပွား ရေးဇုန်ဥက္ကဋ္ဌများက အကြံပြုချက်များနှင့် အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အတွင်း ရေးမှူးက မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြ အတည်ပြုချက် ရယူသည်။

 

ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်